ဘဲသားသစ်သီးကိတ်မုန့်
ဘဲသားသစ်သီးကိတ်မုန့်ကဗျာကို သူရေးခဲ့တာပေါ့
အဲဒါ သူ့ကုတ်အင်္ကျီရဲ့ ညာဘက်အိတ်ထဲကလျှောကျလာတာ
အဲဒါ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ ဝေလငါးဆီကလာတာ
ဒီ့ထက်တိတိကျကျဆိုရရင်
ဝေလငါးရဲ့ ညာဘက်အံသွား ဒုတိယထပ်ဆီကနေ ယူခဲ့တာ
ဘဲသားသစ်သီးကိတ်မုန့်လေ
ဟော်လန်ရဲ့ အက်စတာဒမ်ဘိန်းခန်းတွေဆီက
စပိန်ရဲ့ မက်ဒရစ်လမ်းကြားတွေထဲက
သူ့ ဦးခေါင်းအရေပြားထဲ အဲဒီ့ခံယူချက်ကို စိုက်ထူပြီး
ငွေရည်ဖွဲ့နေတဲ့ သက်တံ့ရဲ့အတွင်းသားကိုလှီထုတ်ပြီး တရှိုက်မက်မက်
သူတို့အော်ကြဟစ်ကြတဲ့ တွေ့ဆုံစည်းဝေးပွဲကနေ မနေနိုင်မထိုင်နိုင် ရပ်နိုင်ပေ့လုပ်ကြတာ
အဘိုးကြီးတွေ အဘွားကြီးတွေရဲ့ အတွင်းခံကိုမသိအောင်ချွတ်ယူပြီး တစ်ယောက်မျက်နှာတစ်ယောက်စွတ်ကြည့်ကြတာ
အဲဒါ တိုက်တန်းနစ်မနစ်မြုတ်မီ တစ်ပတ်အလိုက
နာမည်ကြီးခဲ့တဲ့ပါတီပွဲပဲ
ဘဲသားသစ်သီးကိတ်မုန့်ရဲ့ မြေညီထပ်မှာလေ
နောက် ပထမထပ် ထို့နောက်ဒုတိယထပ်
ခင်ဗျားနိုင်သလောက်ရေတွက်သွားဖို့ပဲတဲ့
ငါတို့ ခဲနဲ့ဝိုင်းပစ်တော့ သူ့ဖင်ကိုခါရမ်းပြီးစင်ပေါ်တက်ပြေးတယ်
ပြီးမှ ငါဟာကမ္ဘာရဲ့အစောဆုံးဘုရင်
ငါ့ခန္ဓာမှာ မင်ခြစ်ရာတွေချည်းပဲတဲ့
သူ ထွင်ထားတဲ့ဘဲသားသစ်သီးကိတ်မုန့်အနားကနေ တစ်ဖဝါးမကွာ စောင့်ရှောက်လို့
အဲဒါဈေးကြီးတယ်
ငါ့ထက်လည်း ပိုပြီးအရေးကြီးတယ်. . . . .
သူ့ခမျာ ပျော်လို့ ။ ။
သားဦး
အခန်းကျဉ်းလေးထဲ
ပိတ်ဆို့ထားတဲ့ အခန်းရဲ့ အတွင်းသားမှာ
ဖွင့်ထားတဲ့ သီချင်းတွေက မီးခိုးရဲ့အမျှင်လို
အော်သံတွေက လောင်ပုံမီးရှို့ခံထားရတဲ့အခါ
သူတို့လည်း မိုးထဲ လေထဲ တဖျတ်ဖျတ် ပျံသွားတာ
အငွေ့တွေလိုမျိုးပဲ
ပြတင်းပေါင်ပေါ် ငှက်ဟာ လာသေနေတယ်
အရုပ်တစ်ရုပ်ရေးတိုင်း စာမျက်နှာ တစ်ခုကုန်တယ်
ဒီအချိန်ထိတော့ သောက်နေကျ ပုံမှန် တစ်ခွက်ပါပဲ
မကြာခင် ယင်ကောင်တစ်ကောင် လာနားလိမ့်မယ်
တောက်ထုတ်ပစ်လိုက်တယ်
ဒီနေရာမှာတော့ ရှုခင်းဟာ မရှိတော့ဘူး
လွန်ခဲ့တဲ့ မနေ့ကပဲ သူတို့ကို မြှပ်နှံခဲ့လိုက်တာ
သေချင်တဲ့အနံ့ဟာ စီးကရက်တစ်လိပ်ကို ဖွာတယ်
ပတ်ဝန်းကျင်ကို စပရေးဘူးနဲ့နည်းနည်း ဖျန်းမယ်
စန့်စန့်ကြီးဖြစ်နေတော့
အခုရောက်နေတဲ့ နေရာက ကျဉ်းလွန်းပါတယ်
ထပ်ချဲ့စရာ မလိုလောက်အောင် အသံရဲ့ဗြက်ဟာ
ကြီးမားလွန်းတယ် သူတို့တွေ အော်ကြ ဟစ်ကြပြီးတော့
ငရဲအတွက် လိပ်စာနဲ့ နိဗ္ဗာန်မှာက တိကျသေသပ်လှတဲ့
မြေပုံလမ်းညွှန်ရှိနေတယ်
နေကသာ မသာတာ ကျီးတွေက အာတယ်
သူတို့မှမဟုတ်ဘူး ဆိုတော့လည်း မဟုတ်ပြန်ဘူး
ငှက်တွေလည်း ဒီမှာငြိမ်နေလို့မရဘူး လိုအပ်တာက
အိမ်ထောင်ပြုဖို့လည်းမဟုတ် အသက်ဖြင့်မကြီးသေး
ဒါဖြင့် တကယ်လိုအပ်နေတာ
ဘာမှမပြောချင်တော့ဘူးဆိုရင် ဝင်ခွေနေလိုက်
အသိုက်က ဆံပင်ရှည်တွေ ဖွာရရာကြဲနေလိမ့်မယ်
မင်းရဲ့အခန်းဟာ အခုအချိန်အထိ ပိတ်ဆို့ခံထားရတဲ့အခါ
ဖောက်ထွက်ဖို့ရာ ချည်းကပ်နည်း ၇၀ စသည်ဖြင့်
လိုရင်းကိုမရောက်နိုင်
တကယ်ဆို ဘာမှမဟုတ်ဘူး တကယ်ဆို
အခန်းလေးထဲကို ဝင်သေဖို့ပဲသက်သက် ငှက်ဟာ
ပြတင်းဆီလာတယ် ရင်ကွဲပက်လက် ၊ ရင်ကွဲမှောက်လျက်
အသံလေးကြားရုံ ၊ အကြည့်လေးငြိရုံ ဘယ်လိုပဲဆိုဆို
တကယ့်လိုရင်းက သေဖို့ ။ ။
ခွန်ရှိုင်း
2015 Oct 4, SUNDAY 00:04
ပခုံးပေါ်ကိုကျတဲ့ လရောင်
၁။ ရှေးက ရေးတဲ့ ဒွေးချိုး၊ တြိချိုး
    လေးဆစ်သဖြန်လေးတွေကို
    ကြိုက်တယ်။
    ပို့စ်ကဒ် ကဗျာခေတ်က
    သုံးကြောင်းကဗျာတိုလေးတွေကို
    ကြိုက်တယ်။
    ခုတလော သုခမိန်လှိုင်ရဲ့ကဗျာတွေကို
    ကြိုက်တယ်။
    ကဗျာရေးချင်စိတ်က
    ဖိသိပ်ရင်း လျှံကျလာတယ်။
    ကဗျာတိုတွေကို ချစ်တယ်
    ကဗျာဆရာတွေကို လေးစားတယ်။
    ကဗျာမရေးတတ်ပေမယ့်
    စပ်ကြည့်ချင်လာတယ်။
၂။ ကွယ်လွန်သွားတဲ့
    ကျောင်းသားလေးရဲ့အပြုံးနဲ့တူတဲ့
    လရောင်ဟာ
    ငါ့ပုခုံးပေါ်ကျနေတယ်။
    ကြေကွဲစရာနာကျင်လှတယ်။
    သွေးအိုင်ထဲက
    ဆယ်ယူလို့ရတဲ့
    သမဂ္ဂတံခွန်တော်
    ခွပ်ဒေါင်းအလံတော် တစ်ပိုင်းဟာ
    ဘ၀တွေနဲ့
    လေးလံသိပ်သည်းနေတယ်။
၃။ ဘ၀ဆိုတာတွေကို
    ပေးလိုက်ရသူတွေ
    ရှိတယ်။
    ယူသွားတဲ့သူတွေ
    ရှိတယ်။
    ပေးလိုက်တဲ့သူတွေက
    လူတွေ၊ သူရဲကောင်းတွေ
    ယူသွားတဲ့သူတွေက
    တိရိစ္ဆာန်တွေ။
    ဒါ အလင်္ကာလား
    ဟုတ်တယ်။
    သမိုင်းရဲ့ အလင်္ကာ
    ကမ္ဘာရဲ့အလင်္ကာ
    ဘ၀ရဲ့ အလင်္ကာ
    အချိန်ရဲ့ အလင်္ကာ
    စက္ကန့်တွေရဲ့ အလင်္ကာ
    သွေးအိုင်ထဲက
    သမဂ္ဂတံခွန်တော်ရဲ့
    အလင်္ကာ
    ခွပ်ဒေါင်းအလံတော်ရဲ့
    အလင်္ကာ
    အနက်အဓိပ္ပါယ်
    မကွယ်မ၀ှက်တဲ့
    လူတိုင်း နားလညနိုင်တဲ့
    ရင်ထဲက အလင်္ကာ။
၎။ ကဗျာကို
    အလင်္ကာနဲ့ရေးပေမယ့်
    ကလေးတွေ နားလည်ဘို့
    လိုပါလိမ့်မယ်။
    ကဗျာဆိုတာ
    ဖတ်ဖို့ရေးတာလား
    ဆုတ်ဖြဲပစ်ဖို့ရေးတာလား။ 
၅။ အာဏာရှင်အစိုးရတွေက
    သမိုင်းစာအုပ်ထဲက
    ကဗျာတွေကို ဆုတ်ဖြဲပစ်လိုက်
    ကြတယ်။
    ပြီးပြီလို့ထင်တယ်
   မပြီးသေးဘူး။
   မိဘပြည်သူတွေရဲ့
   သံမဏိအသည်းထဲမှာ
   ထွင်းထုထားတဲ့
   လူသေစာရင်း
   တစ်ယောက်ချင်းစီရဲ့
   ဘ၀ပေးလိုက်ရတဲ့
   သမိုင်း
   ဘယ်တော့မှ ဆုတ်ဖြဲဖျောက်ဖျက်
   လို့မရ
   ရင်မှာ ထာဝရ
   ဘ၀ရဲ့ လင်္ကာ
   (မှတ်ချက် အ မပါဘူး)
၆။ စဉ်းစားလေ
    တာဝတိံသာဆိုတာ
    အလင်္ကာ
    မြင့်မိုရ်တောင်ဆိုတာ
   အလင်္ကာ
   အလင်္ကာဆိုတာ
   တကယ်မဟုတ် တန်ဆာဆင်
   တင်စားတာ။
   ဒါပေမယ့်
   အ၀ီစိငရဲဆိုတာ
   အလင်္ကာမဟုတ်ဘူး။
   ၁၉၆၂ မတ်လ ၂ ရက်နေ့
   က စဖြစ်တဲ့
    ဖြစ်ရပ်မှန်။
    Fiction မဟုတ်ဘူး
   Reality
   ငရဲဆိုတာ Reality
   ဒီကြားထဲမှာ အများကြီး
   ရှစ်ဆယ့်ရှစ် ဆိုတာ ငရဲ
   Reality
   လက်ပန်တောင်း ဆိုတာ
   ငရဲ…။
   သောက်စကားများနေတဲ့
   (ရိုင်းသွားရင် ခွင့်လွှတ်ပါ
   ဟိုး အင်းဝခေတ်က
   ရှင်ဥတ္တမကျော်လဲ
    လပြွတ် ၊လဖြဲ၊ လချောင်း၊ ၊ လဥ၊ လထစ်..
    လို့ ရေးခဲ့သေးတာပဲ)
    အဲဒီ
    သောက်စကားများပြီး
    ဘာမှ မည်မည်ရရ
    ဟုတ္တိပတ္တိမလုပ်သေးပဲ
    အထပ်၂၀ အထပ်၃၀
    တိုက်ကြီးတွေ ဆောက်ဖို့ပြင်ဆင်
   အဲဒီ တာဝန်ရှိသူတွေနဲ့
    နိုင်ငံရေးပါတီတွေ
    သောက်စကားပဲ များနေတဲ့
    ဒီခေတ်ကြီးမှာ
    အ၀ီစိ၊ ယောယုဝ၊ တာပန ဆိုတဲ့
    ငရဲတွေဟာ
    အလင်္ကာတွေ မဟုတ်ဘူး။
၇။  အော်.. ကျဆုံးသွားတဲ့
    သွေးအိုင်ထဲက ကျောင်းသားလေးရဲ့
    အပြုံးနဲ့တူတဲ့
    လ ရောင်ဟာ
    ငါ့ ပုခုံးပေါ်မှာ
    နာကျင်ကြေကွဲစွာ
    ဖြာကျနေတယ်။ ။
၈။ ငရဲနဲ့လုပ်ထားတဲ့
    လရောင်
    ငရဲနဲ့လုပ်ထားတဲ့
    မြူခြေငွေနှင်း
    ငရဲနဲ့လုပ်ထားတဲ့
    ဂတိစကားတွေ
    ငရဲနဲ့လုပ်ထားတဲ့
    ပိုးပ၀ါပျော့ပျော့ကလေး
    ငရဲနဲ့လုပ်ထားတဲ့
    စာချုပ်စာတမ်း
    ငရဲနဲ့လုပ်ထားတဲ့
    ဥပဒေ
၉။ သြော်.. င့ါပုခုံးပေါ်မှာ
    ဖြာကျနေတဲ့ လ ရောင်
    ဟာ ကျောင်းသားလေးရဲ့
    နောက်ဆုံး ထွက်သက်
    အပြုံးပါလား။ 
    တူလိုက်တာ ကလေးရယ်။
    ဇော်ဇော်အောင်
    (ကဗျာရေးချင်တဲ့ စာပေဝေဖန်ရေးဆရာ)
    ဇွန်/ဇူလိုင် ၂၀၁၃
ကဗျာရေးချင်တဲ့ ဆရာဇော်ဇော်အောင်ရဲ့ ဖတ်ရခဲတဲ့ကဗျာ
ဖြစ်တာမို့ အထူးကဏ္ဍအနေနဲ့ တင်ဆက်လိုက်ပါတယ်။
ဖော်ပြပါရှိသည့် မဂ္ဂဇင်းနှင့် ခုနှစ်ကို မသိသဖြင့်
Credit မပေးနိုင်ပါ။ သိသူများ ညွှန်ပေးကြပါရန်။
ဆယ်ယူနေတဲ့ မှော်တွေထဲမှာ မြို့ရဲ့သမိုင်းပါတယ်
ဘာမှ မသိချင်တော့တဲ့ ပုံစံမျိုးနဲ့
စက္ကန့်တံဟာ ပိုမြန်လာတယ်
နာရီစင်ကိုလည်း ဓါတ်ပုံရိုက်ထား။
လယ်ကွင်းတွေဆီ သွားဆော့ရအောင်
မဟုတ်တော့ဘူး
လယ်ကွင်းတွေပေါ် ပြောင်းနေကြပြီ
ရောင်းလိုက်တဲ့အိမ် ဓါတ်ပုံရိုက်ထား။
ဦးပိန် တစ်ပုံရိုက်ထား
ပန်တျာကျောင်းလည်း ရိုက်ထား
လမ်းတွေ ကျယ်လာပြီး
စိတ်တွေ ကျဉ်းလာမှတော့
ဟွန်းတီးလည်း
ဘယ်သူမှ ဖယ်ပေးမှာမဟုတ်ဘူး
ဆီနဲ့ရေ ရောထားတဲ့
လမ်းဘေးက တစ်ထောင်တန်
ဓါတ်ဆီဗူးကို တစ်ပုံရိုက်ထား။
စက်ဘီးနောက်က ပြုတ်ကျခဲ့တဲ့
သစ်သားစ တစ်ချောင်းဟာ
မြို့ရဲ့ အိမ်ပြန်ညနေခင်းပါ
တစ်ပုံရိုက်ထား
ဘေး နည်းနည်းကပ်
ကားထဲကနေ
ခေါင်းထွက်ပြီး ဆဲလိမ့်မယ်
ဒါလည်း တစ်ပုံရိုက်။
တစ်မြို့လုံး လိုက်ရိုက်
တစ်ညနေလုံး ရိုက်
ကင်မရာထဲကနေ
မြို့ကို ဆွဲထုတ်လိုက်တော့
ဘာဖြစ်မှန်းမသိဘူး
ဘာမှ မပေါ်ဘူး
ပုံတွေအားလုံး အဖြူ ပြောင်တွေ။   ။
ထွဏ်းသွေးအိမ်
(ခြောက်လုံးပတ် ကဗျာစာအုပ်မှ ကူးယူဖော်ပြသည်)
အပတ်စဉ်ကြာသပတေးနေ့တိုင်း
 အမွေးအတောင်တွေပေါက်မှ
 သိန်းတစ်ရာထောင်ကျော် ပျံသန်းနိုင်တယ်လို့ ထင်လို့လား။
 အဲဒီထွက်ပေါက်ကနေ ငါးအကြီးကြီးထွက်သွားခဲ့တယ် ။
 ခေါ်နေရာက အော်ခဲ့ပါတယ်။
 ဘ၀ရှိခဲ့ရင် ရှိခဲ့တဲ့ဘ၀ ပျက်ခဲ့တဲ့ ဆက်ထုံးဟာ
 ၃၉ မဟုတ်ဘူး။
 အရောင်ဟာ ခွဲရခက်တဲ့ အိပ်မက်ကိုပက်ချခဲ့တယ်။
 ဥပမာ
 အကြောင်းကြီးငယ်တွေနဲ့ ခေါင်းကြီးနေတဲ့ အိတ်ခွံလို
 အဲဒီ စက်ဝိုင်းကို ငုံ့ကြည့်နေခဲ့ပါတယ်။
 ကွာကျပျက်စီးနေတဲ့ အင်္ဂတေသားလို ခင်ဗျားရပ်ကွက်က
 ဘာလို့ ဆူနေရတာတုန်း။
 အို ပိုးတုံးလုံး
 ဆုံးရှုံးခဲ့ရတဲ့စစ်ကို ကမ္ဘာက ချစ်ခဲ့တယ်။
 လက်သည်းနဲ့ ကုတ်ခြစ်နေသလို အသံထွက်တတ်တဲ့ည။
 ငါက အညာဒေသရဲ့ထွက်ကုန်တစ်မျိုးလို ရေပန်းစားခဲ့တဲ့ ရေပန်းဘ၀။
 အသက်၄၀ နားကို ချဉ်းကပ်ရောက်ရှိလာပါပြီ။
 ထိခြင်းနဲ့ ငြိနေတဲ့ ပန်းကလေးတွေရဲ့လမ်းအတိုင်း
ရေလျှံ၊ မြေပြိုပြီး၊ လူ ၃၉ ဦး သေဆုံးကြောင်း သိခဲ့ရပါတယ်။
ဟိန်းမြတ်ဇော်
လူအိုတစ်ယောက်ရဲ့ညနေ
 လူအိုတစ်ယောက်ရဲ့ညနေ
 ပန်းခြံခုံတန်းရှည်ပေါ်မှာ မှေးတင်နေရဲ့။
 ငွေနားကွပ်နဲ့မောက်မာခဲ့သူ တိမ်တို့ မှိန်ပေါ့။
 သံချေးတက် မျက်လုံးထဲ အရောင်တွေဖြူ ဖျော့လာ
 ပြောင်းပြန်အရှိန်တွေ ပိုမြန်လာကြ
 "တယ် သေဖို့ကို ဘာလို့လောနေကြသလဲ၊ သင်းတို့"
 တစ်ကြိမ်တည်းသာ လက်ခနဲမြင်လိုက်ရ
 အံ့ဖွယ်ငှက်မြန်
 ပျံပေါ့လေ၊ လေထဲပျောက်ပေါ့
 နောင်တတို့သာ မော့ငေးကျန်ရစ်ခဲ့။
 အလိုကြီးလွန်းသူပါ
 ရသမျှနည်းနည်းကလေးကိုသာ
 ယူသွားရတော့မှာပေါ့။  ။
 မောင်ပြည့်မင်း
ရည်းစားစကား
လမ်းတွေ
အခြေအမြစ်ကို စဉ်းစားပြီး
တံတားတွေ
လူတွေ နေထိုင်ကြတဲ့
အိုးအိမ်တိုက်တာတွေ
မီးရထားသံလမ်းနှင့် ဘတ်စ်ကားတွေ
ကတ္တရာလမ်းပေါ်
မလှမ်းသာသည့် လှည်းယာဉ်တွေ
 ပြိုကွဲကျအံ့နီးနီးမိုးရိပ်
အိပ်စက်ခြင်း
ရှက်သွေးမကြွယ်ခဲ့ပါဖူးပါ။
ဘ၀အား
ဆားဓါတ်ရနံ့ဖြင့် ထူဆောက်
လတ်ဆတ်လန်းဆန်းတဲ့
ပန်းမာလာ
အို့... အို .. အိုး ...
အိုး .. ပန်းမာလာ
ကဗျာ
အဟာရ
ဓါတ်ရှင်မင်းသမီး
မမမေကို သံသယရှင်းစွာ
တုန်လှုပ်ခြင်း။
 နှုတ်ဆက်လိုက်ပါရဲ့
ကမ္ဘာမြေကို နှမြောတသ, စွာ
ချစ်မိတာ
သည်ကောင်ဆိုတာ ။   ။
 မောင်စိမ်းခေါင်
(ရုပ်ရှင်တေးကဗျာ)
ယုန်တွင်း
အရာရာမှာ အရသာ နှစ်မျိုးရှိတယ်
လှေကားထစ်လို၊ မီးလို
လိင်ကွဲပြားမှုလို၊ ပုဒ်ထီးနဲ့ပုဒ်မလို
လျှပ်စစ်လို၊ သံလိုက်လို၊ ဘလိတ်ဒါးလို
နေ့နဲ့ညလို၊ အချစ်လို၊ အမုန်းလို၊ အရှုံးလို၊ အနိုင်လို
တော်လှန်ရေးလို၊ နယ်စပ်မျဉ်းလို၊ အိမ်ထောင်ရေးလို
ဆင်ခြေလို၊ စက်ဝိုင်းလို၊ အပြားလိုက် ကမ္ဘာလုံးလို
အလုံးလိုက် ဆေးပြားလို၊ သံတမန်လို၊ တနင်္ဂနွေလို
လူ- နေမျိုးနဲ့၊ လူ-သေမျိုးလို၊ အနုပညာနဲ့ ပဋိအနုပညာလို
Madam, I'm Adam လို
တံခါးလို၊ ရေစီးလို၊ မြေကြီးလို၊ ရွှေထီးလို
ချိုချဉ်လို၊ မှတ်ဥာဏ်လို၊ ခေတ်လို၊ စစ်လို၊ အစစ်လို
ကျေးဇူးတင်ရမလား၊ ကျိန်ဆဲရမလား၊
အဖွားသေတော့ လေယာဉ်ပျံကြီး စီးပြန်သွားတယ်
အဖေဆုံးတော့လဲ လေယာဉ်ပျံကြီးနဲ့ပဲ
မိုးတိမ်တွေကြားထဲ သတ္တုကိုယ်ထည်ကြီး တုန်ခါနေတာ
သူဘာလို့ ငါ့ကို မစောင့်တာလဲ၊ လေထဲမှာ ဆောင့်နေတာ
ငါဘွဲ့ယူတော့ သူ့ကို မခေါ်မိလို့လား၊
ငါထောင်ကျတော့ သူ့ကို အကြောင်းမကြားမိလို့လား
သူ့ကိုမပြောပဲ ငါ ထွက်ထွက်သွားလို့လား
သူနဲ့ငါ တစ်ယောက်ကိုတစ်ယောက် မကြည့်ပဲမြင်မြင်နေလို့လား
အသံမထွက်ပဲ ရေနဲ့လုပ်တဲ့ငါ၊ အငွေ့အရည်အခဲ
အခွံလဲနေတာ၊ အခေါက်ခွာနေတာ၊ အဖေးတက်နေတာ
တဖက်က ပြန်ငေးတော့လည်း
ပင်ပန်းဆင်းရဲစွာ၊ အထီးကျန်စွာ၊ ဆွံ့အ စွာ
ဝဋ်ဒုက္ခကြီးမားစွာ၊ မည်းမှောင်တဲ့ ပေါင်းပင်တွေကြားက
သူ လွတ်မြောက်သွားတာပါပဲလို့
ဖြေသိမ့်ရတာ၊ ဖြေသာရတာက
လေထီးမပါပဲ ပျံဝဲရသလို။  ။
ဝေးခေါင်
မြေပုံတစ်ချပ်နှင့်မီးယပ်ခေါင်းကိုက်
သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့အနာတစ်ခု
တယုတယဆွတ်ကြင်
ဆေးမထည့်ချင်တော့။
ပြေးရင်းလွှားရင်း
မေ့ဆေးအငွေ့အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏကြေကွဲ
ဟင်၊ ဦးနှောက်ဆဲလ်တစ်ခု
ဖုထစ်နေပါရော့လား။
ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့
အဲဒါကလဲ တစ်ချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှုကြောင့် တဲ့။  ။
မောင်သင်းမိုး
ပင်လယ်စာပေနှင့်အနုပညာမဂ္ဂဇင်း ၁၉၉၃ မှ ကူးယူဖော်ပြသည်
(၂၀၀၅-၂၀၁၅)၁၀နှစ်တာ မြန်မာကဗျာ အခင်းအကျင်းနဲ့ BPF ရဲ့ သဘောထား
"ကျွန်တော်တို့အားလုံး စိမ်းတဲ့ကဗျာထဲက ထွက်လာကြပြီး ကျက်တဲ့ကဗျာထဲ ရောက်နေကြ
ပါပြီ။ ဒါပေမယ့်  စိမ်းတဲ့ကဗျာအသစ်တွေဟာ  ကျွန်တော်တို့ရဲ့ လုံခြုံတဲ့ ကျက်တဲ့ ကဗျာအိမ်
ကလေးမှာတံခါးလာခေါက်နေပြီပေါ့"
ဇေယျာလင်း
၁၈၊ နိုဝင်ဘာ၊ ၂၀၀၅ နေ့စွဲနဲ့ ကျက်တဲ့ကဗျာနဲ့စိမ်းတဲ့ကဗျာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇေယျာလင်း
ရေးသားခဲ့တဲ့ ကဗျာဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ရဲ့ အဆုံးသတ်အပိုဒ်ကလေးဖြစ်ပါတယ်။ အခု
ဆိုရင် ၁၀ တိတိ ရှိခဲ့ပြီပေါ့။ အဲ့ဒီတုန်းက စိမ်းတဲ့ကဗျာတွေလဲ  ကျက်တာကျက် ပျက်တာပျက်၊
ကောင်းတာကောင်း တူးတာတူးနဲ့ အချိန်ကာလရဲ့ 'စမ်းသပ်တိုက်စားဒဏ်' ကို ဖြတ်ကျော်ခဲ့
ကြပြီလို့ ပြောရမှာပဲဖြစ်ပါတယ်။ ဒီကနေ့ ကဗျာအခင်းအကျင်းကို ကြည့်လိုက်ရင် အဲ့ဒီ ဆယ်
နှစ်ကာလတုန်းက တွေ့မြင်ခဲ့ကြရတဲ့ စိမ်းတဲ့ကဗျာတွေထဲက ဘယ်ကဗျာတွေ တင်ကျန်ရစ်ခဲ့
သလဲ၊ ဘယ်ကဗျာဆရာတွေ တင်ကျန်ရစ်သလဲ တင်ကျန်ရစ်တဲ့ ကဗျာတွေက ခိုင်မာတဲ့ကဗျာ
အမျိုးအစားသစ်တရပ်အနေနဲ့ ရပ်တည်သွားပြီလား၊ ရပ်တည်သွားခဲ့ပြီဆိုရင် အဲဒီ ကဗျာအမျိုး
အစားဟာ ဘယ်အခေါ်အဝေါ် ဘယ်သတ်မှတ်ချက်တွေနဲ့ထွန်းကားဝေစည်နေပြီလဲ။ ပြီးတော့ 
ဒီဆယ်နှစ် အတွင်းမှာ ဘယ်ကဗျာဆရာတွေက  ကဗျာကို ကျားကုတ်ကျားခဲရေးပြီး ဘယ်ကဗျာ
ဆရာတွေက ဒီနေ့အထိ ကဗျာအပေါ်လေးနက်စွာ ဆုပ်ကိုင်ရပ်တည်ထားနေဆဲလဲ ဆိုတာကို
နားလည်တတ်ကျွမ်းသူတွေ (ပညာရှင်ရော၊ ပညာရှင်မဟုတ်သူတွေပါ) မိမိတို့ရှုထောင့်အသီး
သီးကနေလေ့လာပြီး  ပြန်လည်ဖော်ထုတ်ပြ၊ သုံ့သပ်ပြဖို့သင့်တဲ့ အနေအထားလို့ Burmese
Poetry Foundation မှ ရှုမြင် ခံယူပါတယ်။ ဒီလို ရေးသား ဖော်ထုတ်မှုမျိုးကို BPF မှ ဦးဦးဖျားဖျား
ဖော်ပြခွင့်ရခဲ့မယ်ဆိုရင်လည်း အထူးဝမ်းမြောက်ဂုဏ်ယူမှာဖြစ်သလို၊ BPF မှလည်း အခြားသင့်
တော်ရာအွန်လိုင်း/ပရင့် မီဒီယာများမှ ကောင်းနိုးရာရာများကို ရှာဖွေ၍ ဖော်ပြတင်ဆက်သွား
မည်ဖြစ်ကြောင်း အစီရင်ခံလိုက်ရပေ၏။
အယ်ဒီတာအဖွဲ့
Burmese Poetry Foundation