ကျောင်းသားတွေ နိုင်တယ်



မိစ္ဆာတွေရဲ့ လက်ကိုင်တုတ်ကို ခေါင်းနဲ့ ပြေးပြေးခံပြီး
ငါတို့ အော်ပြောနေတယ်
သံမဏိတံတိုင်းကို ခေါင်းနဲ့ ပြေးပြေးတိုက်ပြီး
ငါတို့ အော်ပြောနေတယ်
သားစဉ်မြေးဆက် ဘ၀ပျက်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်စကားကို
ရင်ဘတ်နဲ့ ပြေးပြေးခံပြီး ငါတို့ အော်ပြောနေတယ်
ရှေ့တိုးရင် ထိုးမှာပဲဆိုတဲ့ လည်မျိုထောက်ထားတဲ့ ဓားကို
ပြေးပြေးဆောင့်ပြီး ငါတို့ အော်ပြောနေတယ်
သံခမောက်အောက်မှာ ခေါင်းမရှိတဲ့ကောင်တွေကို
သံခမောက်မပါတဲ့ ခေါင်းတွေက အော်ပြောနေတယ်။
ကျောင်းသားတွေ နိုင်တယ်။
ကြည့်ပါဦး၊ သနားစရာကောင်းလိုက်တဲ့ ခေါင်းဗလာသားတွေ။
စာအုပ်တွေကို တဖုန်းဖုန်းရိုက်နေရုံနဲ့
အတွင်းက စာလုံးတွေကို မောင်းထုတ်နိုင်လိုက်ပြီ ထင်နေပုံ ။
ဥာဏ်ပညာကို တဒိုင်းဒိုင်းရိုက်ခွဲရုံနဲ့
ခေတ်ကြီးတစ်ခုလုံး သူတို့ ကိုင်တွယ်နိုင်လိုက်ပြီ ထင်နေပုံ ။
ကြည့်ပါဦး ...
ငါတို့ ဦးခေါင်းတွေကို ရိုက်ပစ်လိုက်တဲ့အခါ
အမှန်တရားဟာ ကမ္ဘာတစ်ပတ်စီးဆင်းသွားပြီးမှ
လူသားအားလုံးစိတ်ထဲ စိမ့်ဝင်သွားပုံ ။
သူတို့ ထမင်းစားတဲ့အခါ ထမင်းဖြူဖြူမှာ ငါတို့ မျက်ရည်တွေ စွန်းပေလို့ ...
သူတို့ အိပ်ယာဝင်တဲ့အခါ ခေါင်းအုံးပေါ်မှာ ငါတို့ အော်သံတွေ ဆူညံလို့ ...
အဆိုးဆုံးက ...
သူတို့ ရင်သွေးတွေကို ချီပိုးချော့မြူတဲ့အခါ
သူတို့လက်တွေမှာ ငါတို့ သွေးတွေနဲ့ စေးကပ်လို့ ...
တကယ့်အနုပညာရှင်တွေရဲ့ သီချင်းတိုင်း၊ ကဗျာတိုင်း၊ ပန်းချီကားတိုင်းမှာ
စာသားတစ်ကြောင်းပါတယ်
လူသားစစ်စစ် ကလေးငယ်တွေရဲ့ ညဘက်အိပ်ရာဝင်ပုံပြင်တိုင်းမှာ
စာသားတစ်ကြောင်းပါတယ်
လူထုခေါင်းဆောင်စစ်စစ်တွေရဲ့ မိန့်ခွန်းတိုင်းမှာ
စာသားတစ်ကြောင်းပါတယ်
ပညာတတ်နိုင်ငံများရဲ့ နိုင်ငံတော်သီချင်းတိုင်းမှာ
စာသားတစ်ကြောင်းပါတယ်
အာဏာရှင်တွေရဲ့ အိပ်မက်ဆိုးတိုင်းမှာ
စာသားတစ်ကြောင်းပါတယ်
ကျောင်းသားတွေ နိုင်တယ် တဲ့။
သိပ်ဟုတ်တာပေါ့ ။
သေနတ်နဲ့ ပစ်ရင် ဘာမဆို ပေါက်ထွက်သွားမှာပဲလို့ ထင်တဲ့ကောင်တွေကို
ကျည်ဆံတွေ တိုးမပေါက်တဲ့အထိ စာအုပ်တစ်အုပ်နဲ့ ကာပြလိုက်တယ်။
သေနတ်ပြောင်းဝတွေ ပွင့်ထွက်သွားတဲ့အထိ ခဲတံတစ်ချောင်းနဲ့ ထိုးမွှေပြလိုက်တယ်။
ငါတို့ အသက်ဓာတ် ကုန်ဆုံးသွားရင်တောင်
သွေးတွေက အဲဒီစာသားအတိုင်း စီးဆင်းပါလိမ့်မယ်
ကျောင်းသားတွေ နိုင်တယ် ။

ဟိန်း
၁၂.၃.၁၅

( News Feed မှာ တစ်ဆက်တည်းမြင်တွေ့နေရတဲ့ အဲဒီစာသားပေါင်း ၂၀၀ ကျော်ကို တစ်ခုမကျန် like လုပ်အပြီးမှာ ရေးမိပါတယ် )

မှတ်ချက်။  ။ Heinn FiveStrings ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment