ဘားထဲက ပုံမှန်မဟုတ် ဖျော်ထားတဲ့ ကော့တေးတွေ
တံတားအစွန်းပေါ် ရပ်နေတဲ့ လူအကြောင်းကို ဘားထဲက
လူနှစ်ယောက် အတင်းလောင်းနေကြတယ်
ခုန်ချသွားတာနှစ်ဦးလုံးမြင်ပြီးနောက်မှာ စတင်
လောင်းကြခြင်းဖြစ်တယ်
လူတွေဘယ်လို ခုန်ချသွားခဲ့ ကြသလဲ
ဘာလို့ ခုန်ချသွားခဲ့ကြသလဲ
ငြင်းနေခုန်နေရင်း တစ်ယောက်နဲ့ တစ်ယောက် မသိကြတော့
ဘားထဲမှာ သံကုန်ခြစ်အော်နေတဲ့ ၀ိုင်ရယ်
မောင်းသူမဲ့ ရမ်ရယ်
လူမျိုးခြား ဘရန်ဒီရယ်
အစွန်းရောက် တက်ကီလာရယ်
အလောင်းပျောက် တောနစ်ရယ်
ရိက္ခာပြတ် ၀ီစကီရယ်ကို
ကမ္ဘာ့စံချိန်မီ နိုင်ငံခြားရေး ၀န်ကြီးဟန်
ချစ်ကြည်ရေး ကော့တေးတစ်ခွက်ကို
ဆိုရင်ဖြင့် ယုတ္တိမရှိလို့ စပ်တတ်တဲ့သူမရှိသလောက်ပါပဲ
ဘားထဲကထွက်လာခဲ့ကြပြီး မိနစ်မဆိုင်းမီ
ဝင်လာတဲ့ Text Message တစ်ခုဟာ နမိတ်ကောင်းပုံ
မရလို့ ဘားထဲကပြန်မထွက်ကြတော့ဘူး
ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုး
ပုံမှန်မဟုတ်တဲ့ မာမီရုပ်အလောင်း
ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း
စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ်တဲ့ အမိန့်
သူတို့ဟာ ပုံမှန်မဟုတ်တဲ့ Zombie တွေဖြစ်လာကြပြီး
(တင့်ကားတွေ အမြှောက်ဆံတွေ ဗုန်းတွေ
သူတို့ခေါင်းထဲမှာ သူတို့ခေါင်းထဲမှာ
Zombie တွေ Zombie တွေ )
ဖျော်ထားတဲ့ ဦးနှောက်အကြေ
မျက်ရည်ဒါဏ်ရာရ နှလုံး
တရုတ်တန်းက ရိုးရိုးတုတ်ထိုး အချဉ်ရည်ရယ်
ငရုတ်ဆီမပါ မန်ကျည်းရည်နဲ့ ဖျော်ထားတဲ့
အချဉ်ရည်ရယ် ကိုတော့ Brew လုပ်တယ်လို့ခေါ်တယ်
အိပ်မက်ဒိုင်ယာရီထဲ ငရုတ်သီးစိမ်း ထည့်မွှေပြီးရင်
ခုန ဖျော်ထားတဲ့ …
အိုး ဖက်ရှင် ၊ ဆိုက်ကား ၊ ဆာဝါ ၊ မာတီနက်စ် ၊ ဘလက်ဒီး မယ်ရီ
မန်ဟက်တန် ၊ မာဂါရီတာ ၊ တွန် ကောလင်း ၊ လစ်ဝေါ့ ၊ ဘရွတ်ကလင်း
စသည့် ၂၅ မျိုးဟာ အလံတကားကား
ယဉ်ကျေးမှု တကားကား တောင်းဆိုမှု တကားကား
အခွင့်အရေး တကားကား လောဘ တကားကား
မာယာ တကားကား မေတ္တာ တကားကား နဲ့
ဘားထဲက ပုံမှန်မဟုတ် ဖျော်ထားတဲ့ ကော့တေးတွေ ။
မောင်အောင်ပြည့်
၅.၁၁.၁၄
ကို ဂူးဂယ်မှ အကူအညီ ရယူထားပါသည်။
မနှင်းဆီတစ်ပွင့်စီမှာ
အမိုး၊ အခင်း၊ အဆင်းနဲ့အကာ
အနီရောင်နှင့် လွှမ်းထားသောဝ္လေနာ
မျက်လုံးများရဲ့ အတွင်းထောင့်က ဖျားနာမှု
ပွင့်ဖတ်ထဲ လွတ်ကျထားသော ကမ္ဘာကမ်းပါး
မနှင်းဆီရယ် မနှင်းဆီရယ်
မျက်ရည်နှစ်စက် မီးလောင်နေခိုက်
နှင်းဆီတွေအတွက် ပူဆွေးဖို့အချိန်ရယ်
ဘယ်ဆီဘယ်ဝယ်ရှိမှာတဲ့လဲ
ခမ်းနားသော၊ အိုဟောင်းသော၊ လွင့်မျောမှုနဲ့မာယာ
တောအုပ်ကို ဖြတ်သွားခိုက်
ဘယ်ဆီဘယ်မှာ ရပ်ရပ်မရှိ၊ ပြေးဖို့ရယ် မြေမရှိ
နှုတ်ခမ်းတွေပွင့်လို့ အနီရောင်ရဲ့ အဇ္ဈတ္တထဲ
ချောင်းမြောင်းကြည့်/အချစ်အကြောင်းပဲဖြစ်ဖြစ်
ဟောဒီမီးအလင်းတွေနဲ့ ငါတို့မြို့ဟာ
သစ်တုံးတွေပေါ် မီးစွဲလောင် မီးခိုးတွေဘယ်မှာဆုံ
မနှင်းဆီ ... အို ကွယ့် မနှင်းဆီ
ငါ့ရဲ့ညည်းသံဟာ ငါ့ရဲ့လျှာပြောသမျှ
ထုံထိုင်းမှိုင်းညှို့နေတဲ့ နီစွေးစွေး
ချောက်ကမ်းပါးပေါ် ရုတ်ချည်းတက်
ဟောဟိုက အပြန့်နဲ့ အကျယ် ပြန့်ကျဲလျက်
နှင်းဆီတွေ ဘယ်သူ့ ဘယ်သူ ဖိနပ်အောက်မှာ
သစ်ခွက်ပွတ်တံ/ ဆူးတိုးသံ
မနှင်းဆီကို ဆူးချုံထဲ တရွတ်ဆွဲသွားခဲ့
အိုဗျ အနီရောင်/ အိုဗျ ...အနီရောင်ရဲ့ မနှင်းဆီ။
မောင်ဒေး