မျှော်စင်

ကဗျာ မဖတ်ပဲ၊ ကဗျာမရေးပဲ၊ ကဗျာအကြောင်းမတွေးပဲ တမင်သက်သက် ကိုယ့်ကိုယ်ကို
 နှိပ်စက်ညှင်းဆဲ သလို နေမယ်ပေါ့လေ၊ ဒီ အောက်တိုဘာ မှာပေါ့လေ။ အတော်လေး
 အောင်မြင်ခဲ့ပါတယ်။ မရေးမိသလောက်ပဲ မဖတ်မိသလောက်ပဲ အဲ မတွေးမိအောင်တော့
 နေလို့ မရခဲ့ပါဘူး။  အဲဒီလို ထိန်းသိမ်းနေတုန်းမှာ ဇေယျာလင်းဘာသာပြန်တဲ့ ဖဲနီ ပါပါဂျော်ဂျီယို
 ရဲ့ မျှော်စင် ဆိုတဲ့ ကဗျာလေး ဖတ်မိတော့ အာရုံက နိုးသွားတယ်။ သူ့ ကဗျာက တော်တော်
 ကောင်းပါတယ်။ တစ်ခေါက်ပဲ ဖတ်ရသေးတယ်။ ကြိုက်တယ်။ ဒါပေမယ့် ကိုယ့်ဖာသာ ဒီခေါင်းစဉ်
နဲ့ တစ်ပုဒ်ရေးမယ်လို့ တင်း ကနဲ ဖျင်းကနဲ့ ဖြစ်သွားတဲ့ စိတ်က ပိုများပြီး ပိုအားကောင်းသွားတယ်။
ဒါနဲ့ Note ထဲမှာ အဲ့ဒီခေါင်းစဉ်ကို ချရေးပြီး 'တည်' လိုက်တယ်။
လိုင်းတွေဟာ ဟော ကနဲ၊  ဟော ကနဲ ကျလာခဲ့တယ်။

 မျှော်စင်

လိပ်စာကဒ်ပြားတွေနဲ့လုပ်ထားတဲ့ လှေကားထစ်တွေအတိုင်း
တထစ်ချင်း တက်ခဲ့တယ် ကြက်သားအုပ်မ သားအမိတွေ ပကျစ် ပကျစ်
နေကာမျက်မှန် အလက်ပေါင်း တစ်သောင်းကျော်နဲ့ အလင်းရောင်ကို
လျှော့ချပစ်တဲ့ stand တစ်ခု တောအုပ်တစ်အုပ်ကို ခပ်နိမ့်နိမ့်မြင်ရတယ်
ဝက်တွေ မိတ်လိုက်ဖို့ အဆင်ပြေအောင် စီမံပေးထားတဲ့ အထပ်ကိုကျော်
ခွ ပြီး တက်လာခဲ့တယ် မဆုံးနိုင်တော့အောင် ပြီးတော့ ရေခိုးရေငွေ့ထုကြီးထဲ
ဖောက်ဝင် စီဒီချပ်ပြားနဲ့ သူ့သက်ဆိုင်ရာ ကာဗာ ဒါမှမဟုတ် ကီးဘုတ် ဒါမှမဟုတ်
ထိလိုက်ရင် ကြွေကျသွားလောက်အောင် ဆွေးနေပြီဖြစ်တဲ့ စာအုပ်တွေ အပြည့်နဲ့
စာကြည့်တိုက် မင်း အမုန်းဟာ ကမ္ဘာတည်အောင် နက်ရှိုင်းလှပေတယ် ဆီးသွားတဲ့
ကြွေခွက်ထဲ ပရုပ်လုံးနံ့တသင်းသင်း ဆောင့် တက်သွားဖို့ဆိုရင် ဆောင်း တက်သွားဖို့
တခု မဟုတ် အခြား တခုခု လိုလိမ့်မယ် ပဲပင်ရဲ့ အညွန့်တွေ လိန်ပတ်တက်လာတဲ့အခါ
မပြီးဆုံးနိုင်ခြင်းကိုပဲ ရိက္ခာထုတ်ထဲက ဆင်းဒ၀စ်ခ်ျနဲ့ညှပ်ပြီး ကိုက်ဝါးလို့ မြင်းဇောင်းတွေ
ချည့်ပဲ မြင်းချေးနံ့လှိုင်လှိုင် လိပ်စာကဒ်ပြားမှာ ရိုက်နှိပ်ထားတဲ့ အတိုင်း ဆက်လိုက်သွားခဲ့
ရာသီဥတု အသက်လမ်းကြောင်းရဲ့ ကောက်ကွေ့နေမှု သံမှိုခေါင်းကို အားပါးတရ မနှက်ရ
တာ ကြာပြီဖြစ်တဲ့ တူတစ်လက်ရဲ့ သွေးဆာမှုလို.. ငါ့ကို ရောင်းပါ ဒီညကလေးတော့ ငါ့ကို
ရောင်းပါကွာ ဟောဒီ ညကို ချစ်ခြင်းနဲ့ တရစ်ရစ် နာကျင်နေရမှုများရဲ့ မက်ကယ်နစ်ဇင်များ
မျှော်စင်ထိပ်ပိုင်းဆီက နာရီသံ တချက် ချက် ဟာ လေးပင်တဲ့ ခြေလှမ်းတွေကို ဆွဲမြှောက်
ပစ်လိုက်တယ် ကားယားကြီး လေထဲမှာ ပဲပင်ရဲ့ နွယ်တစ်နွယ်ကို ကြောက်လန့်တကြား
လှမ်းဆွဲလိုက်ရတယ် နောက်ထပ် လိပ်စာကဒ်တစ်ခုကို ထပ်လှန်လိုက်တယ် မသေချာ
တာနဲ့ ၂ခေါက်ပြန်ဖတ်ရတယ် ၁၀ ဒေါင်းနင်းလမ်း လန်ဒန်တဲ့ ဒလိမ့်ခေါက်ကွေး ကျ
ဆင်းနေမှုဟာ ပိုမြန်သွားတယ် မြက်ခင်းပြင်စိမ်းစိမ်းနဲ့နီးလာတဲ့အခါ အရှိန်ဟာ အံ့သြ
စရာကောင်းလောက်အောင်နှေးသွားတယ် ၀ါပွင့်ကလေးလို ခပ်ဖြေးဖြေးကျလာတယ်
ခုံတန်းတစ်ခုပေါ်မှာ တစ်ယောက်ထဲ ငြုပ်သီးဆော့စ် လှိုင်လှိုညှစ်ထည့်ထားတဲ့ Hotdog
ကို တစ်ကိုက်ကိုက်လိုက်တယ် ပြီးတော့ မော့ကြည့်လိုက်တယ် အချည်းနှီးမျှော်ငေးမှု။ ။

၁၅ အောက်တိုဘာ ၂၀၁၄ ဗဟိုလမ်း၊ ကျောက်မြောင်း ၂၀း၀၁ နာရီ

No comments:

Post a Comment