အနက်ရောင်ဟိုတယ်၏ အခန်းအမှတ်အနက်ရောင်



အပူကိုရှောင်ချင်တဲ့မင်းဟာ ကိုယ့်ဆီရောက်လာတိုင်း
လေအေးပေးစက်ခလုတ်ကို အရင်ပိတ်ပစ်မယ်
အခန်းရဲ့ စောင်ထူထူအဖြူအောက်မှာ
အဖြူရောင်ကြောင်တစ်ကောင်လို စွေ့ကနဲဝင်ခွေနေမယ်
အပူတွေနဲ့ ခပ်ဝေးဝေးနေဖို့ ကော်ဖီအတွက်
ရေနွေးအိုးထဲကို ရေအေးအေးတွေထည့်ပြီး ဆူပွက်စေမယ်
လာနေတဲ့ ရုပ်မြင်သံကြားလိုင်းတွေကိုပိတ်ပြီး
မင်းနားထောင်နေကျ ပူပူနွေးနွေး ၉၁.၃ ရေဒီယိုလိုင်းကို ဖွင့်မယ်
တိုက်တိုက်ဆိုင်ဆိုင် John Legend တို့
တခြားဇာတ်ဝင်သီချင်းတို့ အသံကြားရင်
ပေတေတေမျက်နှာပေးနဲ့ အခြားလိုင်းကိုခုန်ပစ်မယ်
ပေါ့ပေါ့ပါးပါးနေချင်တယ်အော်ပြီး
စကားလုံးထူထူတွေကို လက်ကိုင်အိတ်လေးလေးထဲက ဆွဲထုတ်
သူတို့ကို အပျင်းပြေကုတ်ခြစ်ဦးမယ်
စိတ်လက်နှလုံး မွန်းကြပ်တဲ့အခါ
ရင်ဘတ်တစ်ခုလုံး အလေးပိသလိုခံစားရတဲ့အခါ
အောက်ဆီဂျင်မလောက်ငတဲ့အခါ
ဦးခေါင်းထဲကသွေးကြောမျှင်တွေ ကျယ်လာတဲ့အခါ
အစာမစားနိုင်တဲ့အခါ ဖြူဖတ်ဖြူရော်မျက်နှာနဲ့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်
နေအိမ် အလုပ်ခွင် ဆေးခန်းတွေနဲ့ ရေကန်နားမှာ မင်းရှိမနေကြောင်း
ဒီအခန်းထဲမှာ အေးအေးလူလူ တစ်ကောင်တည်း
ကိုယ့်အနာကိုယ် လျှာနဲ့လျက်နေကြောင်း သူတို့ကို ပြောမပြဘူး စိတ်ချ
ဟိုတယ်ကယ်လီဖိုးနီးယား သီချင်းထဲကလို မင်းကပြောမယ် "ကျမရဲ့ဝိုင် ပေးပါ" လို့
နေထိုင်မကောင်းခြင်း တိတ်ဆိတ်ခြင်း အထီးတည်းဖြစ်ခြင်းကို
ဝိုင်အနီနဲ့မြည်းပြီး မင်းကြည်နူးနေတာ ကိုယ့်ကို သံသယဖြစ်စေတယ်
မင်းက လိုအပ်နေသူတွေကို မင်းအနားမှာ မထားဘူး
မင်းကို လိုအပ်နေသူတွေအနားမှာလဲ မင်းမနေဘူး
မင်းမျက်လုံးတွေက မင်းစိတ်တွေလို နောက်ကျိနေခဲ့ရင်
မင်းမျက်လုံးထဲက ဆားငံရေနဲ့ ဆေးပစ်လိုက်
သက်တောင့်သက်သာဖြစ်သွားဖို့ ကိုယ်တာဝန်ယူတယ်
ခေါင်းမာခြင်း စိတ်မာခြင်း နှလုံးသားမာကြောခြင်းဆိုတာ
တစ်ခါတစ်ခါ လူတွေနဲ့ မတည့်တဲ့ အစားအစာမှန်း မင်းသိသင့်တယ်
ကျောက်ရုပ်တစ်ရုပ်လို မီးမှိန်မှိန်အောက်က မှန်ရှေ့မှာ
မင်းရပ်နေတာ အတော်ကြာသွားပြီ
အသက်ကိုဝဝရှူ အစားကိုဖြည်းဖြည်းစား မှန်ထဲကိုပြန်ကြည့်
စိတ်လွတ်လက်လွတ်အပြုံးက မင်းနှုတ်ခမ်းဘယ်ဘက်အခြမ်းက
အစွယ်သေးသေးကို မြင်သာသွားစေပြီဆိုရင်
ဒီညအတွက် မင်းအိပ်မက်ကင်းကင်းနဲ့ အိပ်ပျော်သွားလိမ့်မယ်
မင်းကို ကိုယ်ထပ်ခါထပ်ခါ မတွေ့ရဖို့ မျှော်လင့်တယ်

ဖြူနှင်းဖွေး
April 10th, 2014

No comments:

Post a Comment