အဖေ





ကိုယ်လက် ကျန်းမာ ရှိရဲ့လား
တစ်လက်ကိုင် မော်တော်ကားကော မာမာချာချာ ရှိပါရဲ့လား
မြေးမလေး ထိန်းကျောင်းရ အဆင်ပြေရဲ့လား
အမေနဲ့ကော အဆင်ပြေတယ်မလား
ကွမ်းယာဖြတ်ဖို့ စဉ်းစားထားသေးလား
ဘောလုံးပွဲကြည့်ရင် အိပ်ငိုက်ဆဲပဲလား
ရေဒီယို နားထာင်ဖြစ်လား
အိမ်မှာ သတင်းစာ မှာသေးလား
ခေတ်ပြိုင် မြန်မာ့အရေးနဲ့ကော အဆက်မပြတ် ရှိရဲ့လား
နေရာသစ်မှာ အသားတကျ ဖြစ်ပြီလား
မိတ်ဆွေသစ်တွေ ရပြီလား
မိတ်ဆွေဟောင်းတွေနဲ့ အဆက်အသွယ် ရှိသေးလား
စိုက်ထားတဲ့ အပင်တွေ အခြေအနေကောင်းလား
ပင်စင်နာဆိုတာကော အဖေ့မှာ ရှိနေသလား
ရွှေထီးဆောင်းခဲ့တာတွေကို အမှတ်တရ ရှိနေဆဲလား
လူငယ်ဘဝကို အမှတ်ရလား
ရန်ဖြစ်ဘူးလား
အသဲကွဲဘူးလား
ပျော်ရွှင်မှုဆိုတာ ဘာလဲ စူးစမ်းဘူးလား
အချစ်ဦးကို အမှတ်ရသေးလား
ဒီနှစ်ထဲ အိမ်ထောင်သက် ၃၀ရှိပြီ ဆိုတာကို တွေးမိသလား
သမီးနဲ့သား မွေးတဲ့ နေ့တွေကို အမှတ်တရရှိလား
သမီးနဲ့သားကို အိပ်ရာဝင် ပုံပြင် ပြောပြခဲ့ဘူးလား
သမီး အိမ်ထောင်ပြုတဲ့ နေ့ကိုကော အမှတ်တရရှိလား
ကိုယ့်လို ကြိုးစားမှုရှိတဲ့ သမီးအတွက် ကြေနပ်မှု ရှိလား
ဘာမှ မဖြစ်ချင်ခဲ့တဲ့ သားအတွက်ကော စိတ်ပျက်ခဲ့ဘူးလား
ကြမ်းတမ်းတဲ့ ငယ်ဘဝ၊ ဆိုရှယ်လစ်ခေတ်နဲ့
မုန်တိုင်းထန်ခဲ့တဲ့ ၉၀ ခုနှစ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ
သားကို ပြန်ပြောပြပါလား
အဖိုးနဲ့ အဖွားအကြောင်းတွေ ပြောပြပါဦးလား
စွဲလန်းခဲ့ဖူးတဲ့
ရုပ်ရှင်၊ ဓါတ်ပြားသီချင်း၊ ဝတ္ထု၊ ရုပ်ရှင်မင်းသမီး
အဲ့ အကြောင်းတွေ ပြောပြပါဦးလား
ခရီးတွေထွက်ချင်လား
ရိပ်သာဝင်ချင်လား
မွေးရပ်ကိုပြန်ချင်လား
သားမက်နဲ့ကော အဆင်ပြေလား
ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲဆိုတာကော တွေးမိသလား
အဝေးရောက် သားကိုကော စိတ်ချလက်ချ ရှိပါရဲ့လား
မွေးနေ့မှာ အဖေပျော်ပါရဲ့လား
မွေးနေ့မှာတင်မက အမြဲပဲ အဖေပျော်ပါစေသား

 အဝေးရောက်သား သီဟသူ
၀၅၊ ၀၂၊ ၂၀၁၂

No comments:

Post a Comment