နှစ် ၂၀ တေး
လွန်ခဲ့တဲ့ နှစ်၂၀ ကိုသွားနေတယ်
လွန်ခဲ့တဲ့နှစ်၂၀မှာ ငါတို့နေခဲ့ကြတယ်
ငါတို့မှာ သတိရစရာ နှစ်၂၀ ရှိတယ်
လေယာဉ်ပျံတွေ ၀ဲ နေခဲ့တယ်
ဗီယက်နမ် ရွာကလေးတစ်ရွာအပေါ်
ရုပ်ရှင်ထဲကတစ်ဆင့် ငါတို့သိခဲ့ကြတယ်
သိခဲ့ကြတာကို သိခဲ့ကြတယ်။
အနက်တွေ၊ အမှိုင်းတွေပြည့်သိပ်နေတဲ့ လေထုထဲဆင်းရှူရသလို
နေ့တွေဟာ ကိုင်လိုက်ရင် ဆေးလိုကွက်ကွက်သွားတယ်
တချို့ ခြောက်သွားတယ်၊ တချို့ ငှက်တွေဖြစ်သွားတယ်
လေစီးထဲမှာ သစ်ပင်တွေ တောတောင်တွေ မျောနေကြတယ်
ငါဟာ ပလက်ဖောင်းပေါ် ဦးခေါင်းကို မှေးတင်ရင်း
ဖြတ်သွားတဲ့ ကားရဲ့နောက်ကြည့်မှန်ထဲ ပါသွားခဲ့တယ်။
အုတ်သယ်သူ တချို့၊ အုတ်ဖုတ်သူ တချို့
မြေရှင်တချို့ အိမ်ငှားရမ်းနေထိုင်သူတချို့
လေဆိပ်မှာ တစ်နေ့တွေ့ကြသလို
သိမှုနယ်ပယ်ထဲ ရဲခနဲ ဖွာဖွာလန်
အဏ္ဏ၀ါရိပ်သာကို ကျော်ခဲ့တယ်
နှစ်၂၀ ကနေ ပြန်ခဲ့တယ်
အခုလက်ရှိထက် ကျော်ပြန်ပါရစေ
အားလုံးကို ရှေ့ကနေပြန်ကြည့်ချင်တယ်
အိမ်တော်ဝင်းကို ကျော်ခဲ့တယ်
မစ်ရှင်လမ်းအတိုင်း တိုးလျှောက်ခဲ့တယ်
သစ်တောလမ်းရဲ့ ပထမပိုင်းကနေ
ဒုတိယအပိုင်းကို ကျော်ပြီးကြည့်တယ်။
နေ့ဟာ..ကွယ်တော့မယ်
သံမဏိယပ်တောင် တဖျပ်ဖျပ်နဲ့ ငါ့ကမ္ဘာ
ငါ နေကောင်းပါစေ၊ ငါ များစွာ နေကောင်းပါစေ
ငါ သူနှင့်အတူ လက်ဖ၀ါးပေါ်ပွင့်လျက်။ ။
မိုးဝေး
၂၉၊ ၁၁၊ ၂၀၁၁
(ကျီးကန်းတစ်ကောင် ကျီးကန်းနှစ်ကောင် ကဗျာစာအုပ်မှ ကူးယူဖော်ပြသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment