လူသေတစ်ယောက်ရဲ့ Android System

လိမ်ဟယ်ကောက်ဟယ် အရေပြားများကဲ့သို့ တင်ပြပုံအသစ်တစ်မျိုး
ငါ့စိတ်နဲ့ မတွေ့လို့ အကိုင်းအခက်များစွာ နှင့်အတူဣနြေ္ဒရစွာ အငြင်းပွား
ရွှံ့စေးတစ်မျိုးမှ လူသားများပေါက်ဖွားလာသည်ဖြစ်စေ
ရွှေရောင်မျက်နှာဖုံးများအတွင်း မီးပလွေတစ်ချောင်း ဆိုက်ဆိုက်မြိုက်မြိုက်
ထရပ်ကားတစ်စီးပေါ်မှ သမီးအဖြစ်စွန့်လွှတ်လိုက်တဲ့ ဖခင်
သူမဟာ ကြိုးစားရှာတယ် အကြောင်းအရာများကို စသည်ဖြင့်
ဆူပူမှုဖြစ်ပွားသော အချုပ်ခန်းအတွင်း အုတ်နီခဲဖြင့်ဆွဲထားသော
လူကုန်ကူးခံရတဲ့ သမီးလေးရဲ့ ပုံတူပန်းချီ
တစ်ရွာလုံးနီးပါး နှာခေါင်းသွေးလျှံပေါ့ ဖေဖော်ဝါရီ
ဆွဲကြိုးချသေဆုံးကြရအောင်လား တစ်ကျပ်တန် ကိုးရွက်တိတိရယ်
မြစ်ရေချိုသောက်သုံးသူများရဲ့ သောကလို အရက်ချက်
စက်ရုံ စိမ်ရေတွေကြောင့် ဆိုမာလီရေပြင်
ရစ်သမ်တစ်မျိုးနဲ့ ညှို့ငင်ခံရတာကို ခင်ဗျားလက်မခံရင်
ငါဆိုတာကို ရှာတွေ့မှာမဟုတ်ဘူး
ဆွစ်ဇာလန်ဘဏ်က ငွေးကြေးတွေလို
ခင်ဗျား စိတ်လုံခြုံချင်တယ် မဟုတ်လား
ဒါဆို ခင်ဗျားဘာလုပ်မလဲ
ငါကတော့ ခရီးတွေထွက်မြဲ ထွက်လို့
ရုပ်သေးအာဆတ်ရဲ့ အေကေ ၄၇ အကတောင် ကြည့်ခဲ့သေးတယ်
ဆင်ခြေဖုံးရပ်ကွက်မှ ထွက်ပေါ်လာတဲ့ ကျေးလက်ဓမ္မတေး လေတံခွန်
သက်ဆိုင်ရာမျဉ်းများ၊ ကမ်းများ ပေါ်တွင်
ကွန်ဖူးပန်ဒါ၊ ပုဂံအက၊ ယိုးဒယားအက၊ ဇီးကွက်ရုပ်၊ အိုးစည်
အထက်ပါ အတွင်းသိ၊ အစဉ်းသိ ယဉ်ကျေးမှုပစ္စည်းများ
နေရာတကျ ပုံမှန်လှုပ်ရှားကြည်ရင်
လူသေတစ်ယောက်ကို တွေ့ရမယ်
သုဝဏ္ဏဘူမိဂူဘုရားတစ်ဆူအတွင်းမှာ လူသေ
သီလဝါဆိပ်ကမ်းတစ်နေရာမှာ ငါထိုင်နေပြန်တယ်
ချန်ကေရှိတ်ထွက်ပြေးသွားတဲ့ ထိုင်ဝမ်ကျွန်းလေးရဲ့
ချမ်းသာကြွယ်ဝမှုမျိုးလို လူသေကို စိတ်လိုလက်ရ
သင်္ဂြိုဟ်လိုက်ပြီး
အပြာရောင်မီးခိုးများအတွင်းမှ လူ့အခွင့်အရေး ညှော်နံ
တထောင်းထောင်း ထွက်ပေါ်လာ
မင်းစကားလုံးအတွဲတွေက ဘောင်မဝင်ပါဘူးကွာ
ငါက ငါ့ကို
ဆရာချောလေနဲ့ ပြောရရင်
ငါ့မှာ ဘာဘောင်မှမရှိဘူး လို့ ပြန်ဖြေရမှာပဲ
ဇာတ်ကြောင်းပြောသူဟာ ကဗျာထဲမှာ ပေါ်လာလိုက် ပျောက်ဆုံးသွားလိုက်
လူမှုဖူလုံမှု အပူဒီဂရီနဲ့ ဖျော်ထားသော ကော်ဖီအေးတစ်ခွက်
သောက်ပြီး လူသေဟာ Android System ကို စတင်လည်ပတ်
ဟံသာဝတီနေပြည်တော်က ထွက်ပြေးသွားတဲ့ ထိုင်းသုံ့ပန်းများ
ထိုင်းဘုရင် နရေ့စွမ် အုတ်ဂူမှ ထိုင်းကြက်ဖရုပ်များ
၎င်းအချင်းအရာများကဲ့သို့ ဘေးထွက်အနုပညာများ
အဖြူရောင်လိပ်ပြာလေးတစ်ကောင် ငါ့ရင်အုံကို လာနားလေရဲ့
အယုဒ္ဓယသွားပြီး မိကျောင်းဖမ်းကြမလား
အယုဒ္ဓယမြို့ဟောင်းထဲမှာ လူသေဟာ အနားယူနေတယ်
မန်းချောင်းရေလို တသွင်သွင်စီးနေဖို့ နေနေသာသာ
ငါဆိုတဲ့ကောင်ဟာ စကားလုံးတွေကို မြောက်ဒဂုံ
သွားတဲ့ ဘီအမ်ကားထဲထည့်ပြီး ကဆုန်ပေါက်နေလေတော့
မခက်ဘူးလား
ပလွှားနေတာ၊ ပလွှားနေတာ
ခင်ဗျား ရွှေဖျင်းညီနောင် နဲ့ ပက်ပင်းတိုးဘူးလား
ခင်ဗျား ယေရှုနဲ့ ပက်ပင်းတိုးဘူးလား
ခင်ဗျား ဘိုဘိုးအောင်နဲ့ ပက်ပင်းတိုးဘူးလား
အဆိုပါ ပုဂ္ဂိုလ်များနဲ့ ပက်ပင်းမတိုးခဲ့ရင်တောင်
ကျွန်တော့်ကဗျာကိုတော့ အနီးဆုံးမြင်တွေ့ရတာပဲ မဟုတ်လား
ပသို့ဆိုစေ ခင်ဗျား ပစ္စန္တရစ်ရွာသားရော ဖြစ်ဘူးလား
ငြိမ်းချမ်းရေး ဖုတ်သွင်းရထားဟာ လူသေဆီကို ဆိုက်ကပ်လာပြီလေ
တင်ဒါစနစ်ဖြင့် ရွေးချယ်ထားတဲ့ အတွင်းခံဘောင်းဘီလို
ကဒါဖီလက်ကျန်တွေ၊ ကတ်စထရိုရဲ့ ပြည်သူတွေ၊ တာလီဘန်ရဲ့ ကလေးငယ်တွေ .........................
ဒူဘိုင်းလို လူသေက နှုတ်ခွန်းဆက်လိုက်တယ်
အ ယ် ဂျာ ဇီး ယား

အောင်သက်ဦး
၂၁၊ ၂၊ ၂၀၁၄

No comments:

Post a Comment