အနုပညာငတ်မွတ်ခြင်း


ဟိုမှာ စိတ်လေဖို့ကောင်းတဲ့ ကမ်းခြေခုံးခုံးတစ်ခု
အခုတော့ ခဲနေပြီ။
ပြောစမ်းပါ
ရာဇ၀င်နဲ့ ၀ံပုလွေများ
မြေရိုင်းများ စိတ်ကူးယဉ်များ
သက်ရှိနဲ့ ထုံထိုင်းခြောက်သွေ့မှုများ
ဖြတ်စ အဆက် ဖျက်ရာများ
စာရွက်လှန်သံများ
နောက်တော့
အသံမျဉ်းမျဉ်းတုန်ဆတ် ဟုတ်ယောင်မှုလို
သောသောညံ စုပ်ယူလို့
ပတ်ဝန်းကျင်က ဖျက်စီးပြီး
အနုပညာက ကယ်တင်ခဲ့တယ်
ကြောင်တောင်ကန်းပမာ
အဲဒီနေ့က နာမည်တွေကို ချရေးနေမိ
အလကားရခဲ့တဲ့ အချိန်တွေနဲ့
ကြပ်တည်းမှုံဝါးတဲ့ ကြားထဲက
ငါ့ကို ၀မ်းနဲ့လွယ်ထားရတဲ့ကမ္ဘာ
မှုတ်ထုတ်ရမလို
ဝါးစားရမလို
မြုံထားရမလိုနဲ့ပဲ
မြေကြီးလက်ခတ်လွဲခဲ့ရပြန်ပေါ့။        ။

ဝင်းလွင်
ရယ်စရာမဂ္ဂဇင်း 
ဧပြီ ၁၉၉၉