လိုတရ

လေထဲမပျံနိုင်တစ်ခုဘဲ
ကျန်တာအားလုံးအဆင်ပြေတယ်
မီးကိုလည်းခေါ်ထားတယ်
မြက်ခင်းပြင်ကိုလည်းအသစ်လဲထားတယ်
ရထားတစ်စီးဆိုက်တိုင်း
နာမည်အသစ်တစ်ခုပြောင်းတဲ့ဘူတာရုံ
ဟိုကောင့်LPကဗျာထဲမှာ
ကျွန်တော့်တီရှပ်အင်္ကျီပေါ်ကစာတန်း
သူချော့ယူသွားတာကိုခင်ဗျားတို့ မြင်ရင်တောင်အံ့သြမယ်
နေလုံးကြီးဝင်သွားပုံသိပ်လှတာဘဲဆိုပြီး
ကျွန်တော့်ဆည်းဆာထဲသူ့ စီးကရက်တိုကိုတောက်ထည့်သွားတယ်
လမ်းပေါ်မှာကျွန်တော့်အရိပ်ဟာထက်ပိုင်းပြတ်နေတယ်
ဆူးနဲ့ ချိတ်ပြီးခေါ်လာတဲ့စာကြောင်းလို
ကဗျာထဲမှာကျွန်တော့်အသက်ဟာငြိနေတယ်
အချိုရည်ပုလင်းထဲ၊လရောင်ထဲ၊ကျီးအာသံထဲ
လူးလာခေါက်တုံ့ 
ရုပ်ရှင်လက်မှတ်ထဲ၊အသားခုတ်သံထဲ၊စာအုပ်တစ်အုပ်ထဲ
လက်ကလေးလွှဲ၊လေကလေးချွန်ပြီးဝင်သွားတယ်...။
မင်းဟာတကယ့်ကွိုင်ပဲ
မင်းဟာပရိဘောဂစက်ရုံကဖြတ်ထုတ်လိုက်တဲ့သစ်စပဲ
ဂျာမန်တိုက်စစ်မှူး`ကလိုဆေး´ဟာ
မီးခလုတ်တွေကိုဘောလုံးနဲ့ ကန်ပြီး
အဖွင့်အပိတ်လုပ်လေ့ကျင့်သတဲ့
ဘာကိုမှမရေးသားခြင်းနဲ့ မင်းဟာအရည်အသွေးကိုထိန်းထားတယ်
လွတ်နေတဲ့စာရွက်တစ်ရွက်ကိုလည်း
ချွန်ထက်တဲ့အနုပညာတစ်ခုအနေနဲ့ မြင်ကြည့်ကြရအောင်လား
ကောင်းကင်ဆီလွှတ်တင်လိုက်တဲ့ငှက်ဟာသူ့ အပျော်ကိုလေထုထဲသူ့ အတောင်ပံနဲ့ ရိုက်သွင်းသွားခဲ့တယ်....။

မောင်ဖီလာ
ပန်မဂ္ဂဇင်း(၂၀၀၆ခုနစ်)