တစ်ကိုယ်တော် ဘိုဟီးမီးယန်းကြောင်

အထုတ်အပိုးတွေကို အပင်ခြေရင်းမှာ အရင်ပုံ
ပြီးရင်တော့ ၀မ်းနည်းစရာတွေ ကုန်သလောက်ဖြစ်ပါပြီ
ကမ်းနားကနေ ငုံ့ကိုင်းပြီးတော့ အပူချိန်တိုင်းကိရိယာတွေထဲ
ပြဒါးဘယ်လောက်များများ ဆား ဘယ်လောက်များများနဲ့
ကိုယ်ထူကိုယ်ထ မဖြစ်ညစ်ကျယ်တွေနဲ့ပါ Decoration ဆင်ပြီးတဲ့အခါ
မျောနေတဲ့ သေသူ့ဝိဥာဉ်ကိုလည်း ဆယ်မ, ဖြစ်ခဲ့ပြီ
ခြောက်ခြားမှုထဲက သူ့ကိုယ်သူ ပြန်ရွေးနှုတ်လိုက်တယ်
ပုံသဏ္ဍာန်နဲ့ချည့် စကားပြောရတဲ့အခါ ငိုက်မြည်းမှု
အလစ်အငိုက်မှာ သူ့တန်ဖိုးဟာ အဲ့ဒီ တူနားငါးသေတ္တာ တစ်ဗူးမျှ
မွတ်မွတ်လည်နေတဲ့ အင်ဂျင် ၂ လုံးပေါ်မှာ အားလုံးရဲ့ အသက်တွေ မှေးတင်လို့
ကြုံရာ ပန်းခင်းထဲ အလွမ်းဟာ အထူးအဆင့်မြင့် နည်းပညာတွေနဲ့ ကြွရွနေတယ်
မုသားများများနဲ့ ရေခဲများများ နောက်ထပ်များဖို့ များ’ တို့ ဘာဆက်လုပ်ကြမလဲ
အသည်းခိုက်အောင်နာကျင်ပြီးမှ သွေးညှီနံ့တစို့စို့နဲ့ ကြည်နူးခြင်း အနာဖေး
ကြံစည်ကြိုးစားမှု မှန်သမျှနောက်ကွယ်က ဖြူ၊ နီ၊ ပြာ ၀ိုင်ယာစတွေ ပြုံးဖြီးဖြီး
‘မင်းတို့လဲ တော်လှန်ကြောင် ငါလဲ ဘိုဟေးမီးယန်းကြောင် ပေါင်းပြီး ကြောင်ကြတာပေါ့ကွာ
ဖန်ခွက်နှုတ်ခမ်းသားမှာ ဆားခတ်ပါးပါးသုတ်လူးပြီးရင် ဖျတ်ဖျတ်လူးလို့ရပါချေပြီ တမုံ့
မျက်နှာသုတ်ပုဝါ တစ်ဖြစ်လဲ ခြေသုတ်ပုဝါ ပါဝါမှန်သမျှ ခ၀ါချမယ့် ၀ါးတားတား ၀ါတာတာ
ကယ်ပါယူပါ တစ်စာစာ အသံတွေ ဟိုးအ၀ီစိ ငရဲဆီက ငရဲသား ငနဲရဲ့ ၀ီစီမှုတ်သံ
တစ်ကြောင်းချင်း တစ်လိုင်းချင်း စုပ်ယူသွားတဲ့ နပြာကြီး အောက်သွားမရှိ လျှာရိုးမဲ့နှုတ်ခမ်းအစုံ
ညဟာ စိတ်ဖောက်ပြန်ရင်းမတ်တတ်က ကမ်းပါးချောက်အစွန်းမှာ ဆံပင်ဖားလျားချလို့
သူ့ရင်သားတွေ လှပ်ထားတာ လရောင်မှာ လျှပ်ပြက်ခိုက် ပေါ်ပေါက်ထွန်းလင်း
အဆက်အစပ်ကို စပ်ဖာယူရသလို ဖာတစ်လုံးခေါင်းကြားရဲ့ ၀မ်းခေါင်းသံကြီး
မ အတွက် လက်ညှိုး အပေါ်တန်း ယ အတွက် လက်ခလယ် အောက်တန်း
ပန်းအိုးကို ၃၆၀ ဒီဂရီပြည့်အောင် လှည့်ကြည့်ပြီးရင် သဘောထား ထုတ်ပြန်လို့ရပါပြီ
ဖဲချပ်တွေ စီထားတဲ့ သက္ကလပ်စောင်ရဲ့ အောက်မှာ ခိုးဖွက်ထားတဲ့ ဂျိုကာအနီ
မိုင်ထောင်ချီပြီးရှည်တဲ့ တရုတ်မဟာ တံတိုင်းကြီးရဲ့ ဖွံ့ထွားကြွားဝါမှုလို
ပခုံးပေါ်မှာ ငါတို့ ကြယ်တွေ အများကြီး စုံပြုံတင်လိုက်ကြတယ်
ကောင်းပြီ..၊ ဒါဖြင့် -
အခု (ငါတို့)* ဘယ်ကို မောင်းသွားကြမှာလဲ ကဲ ပြော…။   ။

ခင်အောင်အေး
၆၊ ဇူလိုင်၊ ၂၀၁၃  ဖရာ့ပရာဒင်န်၊ ဘန်ကောက်  ၂၁း၁၁ နာရီ

အောက်ခြေမှတ်စု*
‘ငါကိုဖျောက်တာ မဖျောက်တတ်တော့ တစ်ဝက်တစ်ပျက်ပေါ်နေတာ
ကွင်းစ ကွင်းပိတ်ထဲ ထည့်သည့်နည်းဖြင့် ဖြေရှင်းထားသည်။


တော်လှန်ကြောင်များရဲ့ ကဗျာရွတ်ပွဲ




အချိန်ကာလနဲ့ လိုင်းကိစ္စ




ဂျော့ဂ်ျ ဘန်းစ်  မလျော့တမ်းပြောခဲ့တာက သူဟာအမြဲ
လိုင်းဖြောင့်နောက်ပဲ လိုက်ခဲ့တယ် ၊ သူ့ပါးစပ်ထဲက ဆေးပြင်းလိပ်
ဟာ လိုင်းတွေကြားရယ်မောဖို့အတွက် စပေ့စ်တစ်ခု ချန်တဲ့နည်းပဲ။
သူဟာ ပီကာရက်စ် ဇာတ်လမ်းတင်ပြနည်းအားဖြင့်
လိုင်းတွေကို ယှက်ဖွဲ့ခဲ့တာဖြစ်တယ်။ ဟင်နီ ယန်းဂ်မင်းန်ကတော့
သူ့လိုမဟုတ်ဘူး ၊ ယန်းဂ်မင်းန်ရဲ့ လိုင်းတွေဟာ တိတိကျကျ
ပါရာတက်တစ်ပဲ။ ကျွန်တော့်အဖေဟာ အမျိုးသမီးအ၀တ်အစား
လိုင်းတစ်ခုပဲ ကိုင်ခဲ့တယ် ၊ လမ်းပေါ်တွန်းလှည်းနဲ့ လိုက်ရောင်းတာ
မဟုတ်ပဲ စက်ရုံအပေါ်ထပ်က ရုံးခန်းမှာ ဈေးကွက်ကိစ္စတွေ စီမံခဲ့တယ်။
ကျွန်တော့်အမေအမြဲ ဂရုစိုက်ခဲ့တာကတော့ သူမရဲ့ စကတ်အောက်နား
လိုင်းပဲ။ ဥက္ကဋ္ဌကြီးမော်ဟာ မော်ဝါဒလိုင်းတွေ ချပြခဲ့တယ် ၊
ဒါပေမယ့် အဲဒါတွေကို အခု (များသောအားဖြင့်) ပယ်လိုက်ကြပါပြီ ၊
အဲဒီအရပ်ဒေသတွေမှာ အခုရေပန်းစားနေတာက အရှေ့အနောက်လိုင်းရဲ့
လှည့်စားပြောဆိုမှုတွေပဲ။ အီယမ်ဘစ်လိုင်းရဲ့ ဂုဏ်သိက္ခာကတော့
ကျဆင်းခဲ့ပါပြီ ၊ `ငါ´ ဆိုတယ် ဘယ်သူလဲ မသဲကွဲတော့ ၊ `သင်´ ဆိုတာတောင်
ဘယ်သူ့ကိုပြောနေတာလဲ။ လိုင်းတစ်လိုင်းပြုလုပ်ရင် သတိထားရမှာက
ဘာကိုလိုင်းအတွင်းထည့်ပြီး ဘာကိုလိုင်းအပြင်ထုတ်မလဲ ၊
ကမ္ဘာကြီးဟာ အဲသလိုဖြစ်နေမှတော့ (အာဒံဟာ အရာရာကို
အမည်ပေးခဲ့တာထက် အသေးစိတ်ချပြခဲ့တာပါ)။ ကဗျာပုဒ်တိုင်းမှာ
ကဗျာဖွဲ့နည်းအတွင်းခံလိုင်နင်ရှိပါတယ် ၊ အချို့လိုင်နင်တွေကို
နွေရာသီဝတ်ဆင်မှုအတွက် ဇစ်ဖြုတ်ပြီး ဖယ်ထုတ်လိုက်လို့ရတယ်။
စိတ်ကူးသက်သက်လိုင်းတွေဟာ လူမှုအရေပြားပေါ်မှာ
သမိုင်းရဲ့ ဓါးချွန်နဲ့ ကမ္ဗည်းထိုးထားတာတွေဖြစ်တယ်။
ဒီကာလမှာ ကဗျာဖြစ်မဖြစ်ကို လိုင်းတွေရှိမရှိနဲ့ သိလို့ရတယ်
စကားပြေမှာ လိုင်းတွေပါရင် အဲဒါကဗျာပုဒ်ဖြစ်ဖို့များတယ်။
သပိတ်တားလိုင်းလောက်သင်ခန်းစာပေးတာ အခြားဘယ်လိုင်းမှ
မရှိဘူး။ ဘေးဒုက္ခအပေးဆုံးကတော့ မျိုးနွယ်လိုင်းပဲ။ ရုရှမှာ
အားလုံးပူပင်နေရတာက လိုင်းတန်းရှည်တွေချည့်ပဲ ၊ အမေ
ရိကမှာတော့ တင်းကြပ်တဲ့ စွပ်ပြုတ်တန်းစီလိုင်းပဲ။ `အက္ခရာ
တင်ဖို့ ဆောက်လိုတယ်´ ဆိုပေမယ့် ဇာတ်သမားအတွက်တော့
ပြောရမယ့်လိုင်း အချိတ်အဆက်ကို အချက်ပြရတယ်။
သင်္ချာမှာ ပြောကြတာက လိုင်း ၂ လိုင်းရှိမှ ထောင့်တစ်ခု
လုပ်လို့ရတယ် ၊ ဒါပေမယ့် မာဂရီတာ အရက်တစ်ခွက်အတွက်
Lime (သံပုရာသီး) တစ်လုံးပဲလိုအပ်တယ်။

ချားလ်စ် ဘန်းစတီးန်
‘Of Time And The Line’
(ဇေယျာလင်းပြန်ဆိုသည်)


OF TIME AND THE LINE



       
        George Burns likes to insist that he always
        takes the straight lines; the cigar in his mouth
        is a way of leaving space between the
        lines for a laugh.  He weaves lines together
        by means of a picaresque narrative;
        not so Henny Youngman, whose lines are strict-
        ly paratactic.  My father pushed a
        line of ladies’ dresses—not down the street
        in a pushcart but upstairs in a fact’ry
        office.  My mother has been more concerned
        with her hemline.  Chairman Mao put forward
        Maoist lines, but that’s been abandoned (most-
        ly) for the East-West line of malarkey
        so popular in these parts.  The prestige
        of the iambic line has recently
        suffered decline, since it’s no longer so
        clear who “I” am, much less who you are.  When
        making a line, better be double sure
        what you’re lining in & what you’re lining
        out & which side of the line you’re on; the
        world is made up so (Adam didn’t so much
        name as delineate).  Every poem’s got
        a prosodic lining, some of which will
        unzip for summer wear.  The lines of an
        imaginary are inscribed on the
        social flesh by the knifepoint of history.
        Nowadays, you can often spot a work
        of poetry by whether it’s in lines
        or no; if it’s in prose, there’s a good chance
        it’s a poem. While there is no lesson in
        the line more useful than that of the pick-
        et line, the line that has caused the most ad-
        versity is the bloodline.  In Russia
        everyone is worried about long lines;
        back in the USA, it’s strictly soup-
        lines.  “Take a chisel to write,” but for an
        actor a line’s got to be cued.  Or, as
        they say in math, it takes two lines to make
        an angle but only one lime to make
        a Margarita.

       Charles Bernstein


ရပ်



  
ဘာကိုမှသိမ်းထုတ်မထားချင်တော့တဲ့အခါ

နာကျင်မှုတွေ အဲ့ဒီနေရာမှာရပ်ထားမယ်။
ကိုယ်မသိတဲ့စကားမှာ ကိုယ်စုံလုံးကန်းနေရလို့
တစ်ချို့စာမျက်နှာတွေ ကျော်ဖတ်လိုက်ရတာမျိုး
အငွေ့တစ်ထောင်းထောင်းနဲ့ ဆုတောင်းတွေကို
လက်ဖ၀ါးတွေ ပူလာတဲ့အထိ ပြာချ။
ပျောက်သွားတာတွေထဲမှာ လိုက်ရှာကြည့်ချင်တယ်
အလျားအနံမညီချင်နေ မေတ္တာဆိုတာ အနံ့လေးပဲရရပေါ့။
ကမ္ဘာကြီးကျဉ်းတယ် ဆိုတာ ဒါလား
လျှောက်နေကျ လှေကားမှာတောင် ဖိနပ်တွေ မျက်စိလည်လို့။
နောက်ဖေးလမ်းကြားက မိသားစုလေးမှာ ကိုယ် sick ခနဲ ကြွေတယ်
လောလောဆယ်တော့ ရာသီတိုင်းက နွေပဲ သဒ္ဓါ။
ယဉ်ကျေးမှုအသစ်မှာ နွေးထွေးမှုဟာ အချိန်ဘယ်လောက်စီးသလဲ
လက်ဖနောင့်က သွေးကြောတွေတင်းတင်းလာတယ်။
ခေါင်းရင်းမှာ မှန်တစ်ချပ်ရောက်လာတာ အလုပ်တစ်ခုပဲ
ကြွေနေတဲ့ပန်းပွင့်ရဲ့ မြတ်နိုးခွင့်မှာတောင် လိုင်စင်နဲ့တဲ့။
ခလုတ်တစ်ခုနှိပ်ချလိုက်သလို ဘာမေးမေးခေါင်းညိတ်
အစိမ်းရောင်ကို ကိုယ်ချစ်တတ်လာတာ အံ့သြစရာပဲ။
တစ်ယောက်ယောက်ကို သတိရစိတ်နဲ့ နိုးလာတိုင်း
ကိုယ့်လက်မောင်းကိုယ် ပြန်ဆွဲဆိတ်ပေးနေရတဲ့ အလင်း
ကဲ..အချစ် ကိုယ်တို့အချင်းချင်းပဲ ပြုံးပြကြမယ်
အပြေးအလွှား ခပ်သွက်သွက်လေးပေါ့ကွယ်။ ။


ရွှေမိုးမြူ

7/7/2013

အမှတ်တရ ဂုဏ်ပြုကဗျာကဏ္ဍ၊ ကိုဖော်ဝေး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်

 

ပျောက်ဆုံးသွားသော မိန်းမများ

[၁]

နေခြည်နုလေးများထက်
အနှီးတထည် ဖျတ်ဖျတ်လွင့်နေတယ်။

လုံချည်ဂွင်းသိုင်း
ဆံရစ်ဝိုင်းနဲ့ကလေးငယ်
ဟိုး.... မြစ်ပြင်ကျယ်ဆီမှ
လှေတစင်း ထွက်လာလိမ့်မယ်။

အတ္တရံမြစ်ကမ်းပါး
အစွန်အဖျား ရွာလေးတရွာမှာ
ငါမွေးဖွားခဲ့ပါတယ်။


မုန်တိုင်းတခုရဲ့ ၀မ်းဗိုက်
ဘယ်ကလောက်ကျယ်လိုက်သလဲ
ဒေါနတောင်ကြီးကိုဖြို
ဧရာဝတီကိုသောက်
(အများထဲကတယောက်ပါ)
အဖမဲ့သားတယောက်ရဲ့ ကြမ္မာအစအန
တကိုယ်လုံးမှာရှခဲ့ပြီ။

၁၉၄၉ မှ
အရှိုးရာဗရပွနှင့်
ငါထလာခဲ့သည်။

ဆံညိုညိုတွင်
ပြာဖြူဖြူပေကပ်
သနပ်ခါးထူထူလိမ်း
မုန့်စိမ်းပေါင်း ပေါင်းသူ
မရွေးကွက်လုပ်သူ
သနပ်ဖက်ထိုးသူ
အို.... သူမ
တလောကလုံးရဲ့ အင်အားများ
စုပွါးထားသူ။

အကစားပဲ မက်နေတာပဲ
မုန့်တွေတော့ ကုန်အောင်မရောင်းဘူး
ကဲဟယ် ကဲဟယ်
အို.... မေမေရယ်
လက်ဝါးပြင်နှစ်ချက်နဲ့
မေတ္တာမျက်ရည် တပေါက်နှစ်ပေါက်
ကျွန်တော့နှလုံးသား အောက်ခြေမှာ
ခုထိ အနယ်မထိုင်သေးပါ။

ဗုံးခိုကျင်းထိပ်မှာလဲ
အိပ်မက်တခု တွဲလွဲချိတ်
ခုတိုင်မူးရိပ်မပြေနိုင်
"ဗုံးနီနီကြီးက လှလိုက်တာနော်"
"သြော်... သားရယ်"
အမောမျက်နှာ သောကမျက်နှာ
မေတ္တာမျက်နှာ ကဗျာမျက်နှာ
အသာယာဆုံးတေးဆိုသူ
လူအပီဆုံးမိန်းမ
အလှဆုံးမေမေ။

ကြုံလှီဖြူဖျော့သောနေ့ရက်များ
ထွားကြိုင်းခက်မာလှသော ဒုက္ခ
ဘ၀ရဲ့ ပျားရည်စက်
"သားအတွက်ပါကွယ်"
"မြို့တက်ကျောင်းနေရမယ်"
ကျိုးကျတော့မယ့်တာရိုးပေါက်
အမေတယောက်တည်း ပိတ်ဆို့တယ်။

သြော်.... အမေ
နွေလက်အ၀ါ
ကြွေရွက်အ၀ါ
ချူချာသောကမ္ဘာကြီးမှ
အပြီးအပိုင်ထွက်ခွါသွား
ညတညလုံး လေထန်တယ်။

ဤရာစုအထိ
ချို့ငဲ့ခြင်းအဆင်းနဲ့
ပြည့်စုံခြင်းအတက်မှာ
တယောက်စာလမ်းကျဉ်းလေး
လူ့သွေးများနဲ့ ခင်းထားရဲ့။

သူတို့ကို ဖြေရှင်းပေးခဲ့သော
ကံတရားသည်
သူတို့ကို ဖြေသိမ့်ပေးခဲ့သော
တမလွန်သည်
အရုဏ်နီတလင်းပြင်၌
အမှိုက်အဖြစ် ကျန်ရစ်မည်

"လူဆိုသည်ကား
........................
........................
........................။

တရားသည်
နွားစားသွားသည့်မြက်နှယ်
ခါးလယ်မှပြတ်ရရှာပြီ။

[၂]

တောသည်၎င်း
တောင်သည်၎င်း
မြစ်ချောင်းအင်းအိုင်များသည်၎င်း
မပေါင်းဆုံနိုင်သော မေတ္တာဘွဲ့
ဆိုခဲ့ကြရသည်။

မိန်းကလေးရယ်
စိမ်းလန်းတဲ့နှလုံးသား
ရိုးသားတဲ့ဆက်ဆံရေးတွေ
လမ်းဘေးမှာကြေမွကုန်ကြပြီ။

ဒေါင်းချီမောင်းချီ
ချွေးဝေ့သီမျက်နှာနဲ့
ခမျာရန်တွေ့နေရှာပါပကော။

ညှိုးနွမ်းသိမ်ငယ်ခြင်းရဲ့
နေရင်းနိုင်ငံမှာ
သူမ၀င်ရောက်လာသောနေ့
လေ့လာသူ သုတေသီများ
အပျော်ကူးစက်သွားတော့မည်။

စစ်တောင်းကမ်းပါးပေါ်က
ရထားလမ်းဘေးမြို့ငယ်ဟာ
ကမ္ဘာကြီးထဲမတော့
အမဲစက်ကလေးတစက်သာ
ငါ့နေရာကကြည့်တော့လဲ
အမဲစက်ကြီးတစက်သာ။

နံစော်သောနာရီများသည်
သူမ၏ရယ်မောဂီတ၌
ငေးစိုက်မင်သက်မိကြပြီ။

ဟင့်အင်း.... ချစ်သူ့လက်ဆောင်မှာ
မာနမထားရဘူးမောင်
ခဲတန်ဖောင်တိန်တချောင်းနဲ့
ငါ ၇ တန်း အောင်ခဲ့တယ်။

ဟိုမှာ ခေါင်းငိုက်စိုက်ကောင်လေး
သွေးအလိမ်းလိမ်းနဲ့
ဒိန်းဒလိန်းနတ် ဖမ်းစား
နှလုံးသားလက်မှာကိုင်
တိုင်တည်နေပါပေါ့။

တတိယအကြိမ်
ချစ်သူ့စေ့စပ်သတင်းများ
ဝါးဓနိသက်ကယ်အိမ်ငယ်ထဲ
ခြေလှမ်းကြဲကြဲလျှောက်လာတယ်။

လေးကျွန်းကန်တော်ကြီးမှာ
အပျော်လှေစီးရအောင်ကွယ်
သြော်..... ကလေးရယ်
မင်းသွေးအေးပါပေရဲ့
တတ်လဲတတ်နိုင်ပါပေရဲ့။

ရွံ့ဗွက်ထဲက ဖိနပ်လောက်တောင်
အရောင်မတောက်တဲ့ကောင်ကကွာ
အသပြာရယ်မောသံက
ငါ့နှလုံးသားနုနုထဲ
သလိပ်ချွဲခန်းများနဲ့ ထွေးလိုက်တယ်။

တွန်သံမှမကြားရဘဲ
ကြက်ဖိုကြက်မရယ်လို့
ငါခွဲခြားပြမိခဲ့လေသလား။

ချစ်သူရယ်
အ၀တ်တထည် ကိုယ်တခုနဲ့
ရေကြည်ရာမြက်နုရာမှာ
ကဗျာတပုဒ် ဖွဲ့စို့နော်။

သြော်... မန္တလာက
မန်းသီတာဥယျဉ်ပင်
မမြင်ချင်ရင်တုန်လှိုက်
ငိုရှိုက်နေပါပကော။

နေခြည်ပျောက်တကွက်နှင့်
နှင်းတောင်ထုအား
ပျော်ကျသွားရန်မစွမ်းချေ။

ခေါင်းလောင်းသံ
ကြေးစည်သံကြား
ဘာဝနာပွါး တရားမရနိုင်ပါ
ရာဇ၀င်စာရွက်လဲ
မျက်ရည်တွေထဲ နှစ်လိုက်တယ်။

ကမ္ဘာကြီးကို ကြိုးတိုက်ထဲအလုံပိတ်
အို.... အိပ်ပျော်နေသူတို့
ပန်းများမမွှေးကြတော့ပါ။

ဧ၀ရက်တောင်ထိပ်၌
တိမ်တိုက်များကင်းရှင်းလျှင်
နှင်းဖြူဖြူကိုမြင်ရအံ့။ ။

ဖော်ဝေး။
၂၅-၉-၇၄ မှ ၆-၁၀-၇၄
[ဖော်ဝေး ရဲ့ 'ဖော်ဝေးငှက်များ ပျံသန်းချိန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]