ယောက်လမ်း


ရောက်မှပဲ
လမ်းနာမည် ကို ပြန်သတိရတယ်။
အာရုံငါးပါးနောက်လိုက်ရင်း
ကိုယ်ဟာ လားရာကိုမေ့
ကိုယ်ဟာ နေ့ရက်ကိုမေ့။

အစိမ်းရောင် ဘေလ်ဘုတ်
အဆောက်အဦ အနီကြီး
အနက်ရောင်ကျီးတွေ။

ဂျပန်ပြည်ဖြစ်ထုတ်ကုန်
ဘတ်စ်ကားမှတ်တိုင်ခုံညိုလေး။
သမ္မတ ကို ကျောပေးလို့။


ကျော်ညိုသွေး

FB စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်။ 









တနင်္လာနေ့များ


တနင်္လာနေ့ဟာ တနင်္လာနေ့လို
ရောက်ရောက်လာပုံဟာ
မြန်လွန်းပြီး
တချို့နေ့တွေကိုများ ကျော်လာသလားလို့
ထင်ရတဲ့ တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ
ရောက်လာပြန်ပြီး
အရာကိစ္စတွေကို နှစ်ခါပြန် လုပ်ရတတ်တယ် ဆိုလို့
ငါတို့ ရှောင်တတ်တဲ့ တနင်္လာနေ့ဟာ
ဘယ်ရှောင်လို့ရမလဲပြောပြီး တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ
တနင်္လာနေ့ ရောက်လာခဲ့ပြန်ပါတယ် ပေါ့လေ။
တနင်္လာနေ့၊ တနင်္လာနေ့၊ တနင်္လာနေ့
တနင်္လာနေ့ ဆိုသလိုပေါ့လေ။

အောင်ချိမ့်
ချင်းတွင်း၊ မေ-ဇွန် ၂၀၁၃






ပွဲတော်


ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုက တစ်မျိုးအရသာရှိ။

ပျော်ရွှင်မှုဆိုတာထိုက်မှရတယ်
ဒီလိုမှန်းသိသူ့အိမ်ရှေ့ သွားထိုင်မိမယ်
တနင်္လာနေ့ကစခဲ့သောဇာတ်
တနင်္လာနေ့မှာဆုံးခန်းတိုင်ခဲ့။

တစ်နှစ်တစ်ခါ ရောက်လာစမြဲဟာ
ပ၀ါကိုဦးခေါင်းမှာ စည်းထားတယ်။

ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင် ဆိုးထားတယ်။

မြင်ပေမယ့်
လေထဲမှာကိုယ့်အသံ မရှိဘူး။.   ။

ခင်ဇော်မြင့်
မြားနတ်မောင်၊ဧပြီ ၂၀၀၀



ကဗျာဆရာရဲ့ပေးစာ၊ ထက်တည်မြင့်




                                     သူငယ်ချင်းများသို့ပေးစာ

   ဟောဒီလိုအချိန်မှာ ဘယ်တော့မှ ပိုးကျသွားမှာမဟုတ်တဲ့ ကျွန်တော့်ရဲ့သတိရခြင်းတွေ....။
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ပေးစာထဲက ပိုးစုန်းကြူးလေးတွေ ပျံထွက်လာကြတယ်။ 
ကျွန်တော့်ဂစ်တာအိုလေးလဲအသိပါ။ အမေ့ရဲ့ကော်ဖီဖျော်သံမှာ ကြာဖြူပန်းများပွင့်နေပါပြီ။

၁။ ညတစ်ည...ကျွန်တော် ခြေတံရှည်အိမ်ကလေးမှာ ဖီးလစ်ရေဒီယိုကြီးနဲ့ အိပ်ခွင့်ရခဲ့ပုံကို
ပဲ့တင်လိုက်ပါတယ်။ ကျွန်တော်နဲ့ ကတ္တား...၊ကံ...၊ကြိယာ... တစ်ခန်းတည်းဆုံကြပါတယ်။
ကမ္ဘာသုံး သင်္ကေတတွေ အရည်မခန်းနိုင်တာကိုပင် ပျားဖွပ်ခဲ့တာ။ ငှက်သိုက်ရှာခဲ့တာ။
အီကွေးရှင်း ထုတ်ဖော်ခဲ့တာ။ ပုလဲငုပ်ခဲ့တာ။ လကမ္ဘာပေါ် မျောက်နှစ်ကောင်လွှတ်ခဲ့တာ။
ရာဇ၀င်လိုအောက်မေ့ခဲ့တာ။ နားလည်ပေါင်းသင်း ဆက်သွယ်ခဲ့သော အဖော်မွန်များ။
သြော်...ကြာခဲ့ပြီလို့ ကျွန်တော်မြည်တမ်းလိုက်ရင်...ကျွန်တော်တို့လမ်းထိပ် ကင်းတဲက
နာရီအချက်ပေးတဲ့သံချောင်းခေါက်သံကြီးဇဝေဇ၀ါဖြစ်သွားပါလိမ့်မယ်။

၂။ ညနေခင်းတုန်းကပေါ့လေ...ပုဇွန်ဆီရောင်တိမ်တိုက်တွေရဲ့အောက်မှာ ငှက်ကလေး
မျက်စေ့လည်နေမှာကို စိုးရိမ်မိခဲ့တယ်...ကျွန်တော်ကတော့ဘာအရေးလဲ။ မြို့ကတော့
ဦးခေါင်းထဲ လှေကားထစ်စိုက်ပျိုးထားတဲ့ မြို့ပါ။ နီကိုတင်းဓာတ်လျှော့ထားတဲ့ စီးကရက်
တစ်ဗူးလိုမြို့ပါ။  အိမ်မက်တွေကို  အီကွေတာနဲ့ ဧည့်ခံတဲ့ မြို့ပါ။ ရာသီဥတု ၃ မျိုးနဲ့
မျက်လှည့်ပြ ခံရတဲ့ မြို့ပါ။ သူ့မြေပုံ အညွှန်းထဲက အပြန်လမ်း အကြောင်းကိုပဟေဠိ
ဝှက်ထားတဲ့ မြို့ပါ။  ယွန်းအစ်ဘူးလေးကို ကျွန်တော်  ဖွင့်ကြည့် လိုက်တော့လည်း
အောက်တိုဘာက ဒေသန္တရကြယ်လေးတစ်ပွင့်ကိုနမ်းရှိုက်နေတာမြင်လိုက်ရပါတယ်။

၃။ ယခုပြောရရင်... သွေးကြောမျှင်နဲ့လေးတင်...။ ကျွန်တော့်ဗဟိုအမှတ်စက်ကို
ကျွန်တော်ဦးစိုက်...။ တွေ့လိုက်ပါပြီ။ လူမုန်းခံရမှာကို ကြောက်ပြီး လူချစ်အောင်
မနေတတ်ခဲ့တာအမိန့်ရအပေါင်ဆိုင်နဲ့ကွာပါတယ်။ ခွင့်လွှတ်ပါ။ မာနများနှင့် ဒီရေ
တက်သောအခါ အပူချိန်တိုင်းကရိယာများ ကျွမ်းသွား၏။ စနေနေ့က မှန်ကြည့်
သောအခါပဉ္စမမြစ်ကျဉ်းပေါ်လာ၏။

၎။ ခလုတ်နှိပ်ကြည့်ကြဦးမယ်ဆိုရင်တော့ သူ့လက်ညှိုးလဲ အလွမ်းကို ခူးဆွတ်ဖို့
ညွှန်လိမ့်မယ်။ ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လိမ့်မယ် ဆိုတဲ့သီချင်းသံ လဲ
တစ်ပိုင်းတစ်စ ၀င်လာလိမ့်မယ်။ နိုင်ငံတကာတံဆိပ်ခေါင်းတွေ စုထားသူလေးနဲ့
တွေ့လိမ့်မယ်။ နောက်ဆုံးဘတ်စ်ကားက ရန်ပုံငွေ လေသေနတ်ပစ်ပြိုင်ပွဲရှိရာကို
မရောက်တဲ့အကြောင်း ပျံကျမိုးနဲ့ ပြောလိမ့်မယ်။ သူလဲ ပုံဆွဲခဲတံများ လက်ဆောင်
ရလိမ့်မယ်။ ကျွန်တော်ပြောတာ ကျွန်တော့်လိပ်ပြာလေးအတွက် ရှေ့နေငှားစရာ
မလိုတာပါပဲ။

၅။ အသံများ...အရိပ်များ...အရောင်များ...ရနံ့များ။မေ့မရခြင်းကို အမည်မဖော်လိုတဲ့
သက်တန့်နဲ့ကျင်းပ...တံပိုးခရာမွေးနေ့ကို သင်တို့ရင်ထဲကလမ်းပေါ်ကျွန်တော်ခေါ်ခဲ့ပါပြီ...။

ထက်တည်မြင့်                                                                                                                
၁၂၊၁၀၊၉၄  မှ  ၂၁၊၁၀၊၉၄   
(ကဗျာဆရာရဲ့ FB စာမျက်နှာမှ)                                                                                                            


ဘ၀၌ နာရီ…



ဘဝ
မျဉ်းဖြောင့်တွေ
နောက်ကြောင်း မလုံကြဘူး။

ကျွန်တော်ဖြင့်
လူကြား လမ်းကြား
ပြောင်ပြောင်တင်းတင်း လည်ပတ်သူ
နာရီကို --
တစ်နေကုန်အောင် ငုံ့ကြည့်နေရ

ဖြစ်ပျက်တွေ သစ်ပင်ထက်မြင့်လာ
လူတွေ သစ်ရိပ်အောက် တည်ရှိဆဲ။    

နာရီ
အချိန်တွေ
သေလိုက် ရှင်လိုက်…

ပန်းကလေးကိုလည်း မကယ်တင်နိုင်သေး
ကိုယ့်ကိုယ်ကိုယ်လည်း မကယ်တင်နိုင်သေး

လမင်းကြီးရေ
အခွင့်အရေးဆိုတာ ပုပ်သိုးသွားမှာလား

ရထားတွေကို
သံလမ်းတွေက ချိုးကွေ့သွားတယ်။  

မောင်သိန်းဇော်
မဟေသီ မဂ္ဂဇင်း သြဂတ်စ် ၂၀၀၄

ချက်စ်လော မီလော့ရှ်ပြောတဲ့ ‘အမှန်တရားလိုက်စားခြင်း’ ခေါင်းစဉ်ဖြင့်

ပြဿနာက ဘ၀ကို ကဗျာလို့ထင်တာ ဖြစ်ကောင်းဖြစ်မယ်။
ကဗျာဟာ ပြဿနာပဲလေ။ ဘ၀ကတော့ အရှင်းကြီး၊ ဖောက်ထွင်းမြင်။
ဖောက်ထွင်းမြင်တာကိုက ပြဿနာရဲ့အစိတ်အပိုင်း။
နားကောင်းသူဟာ စကားတောင်းပေမယ့် စကားထဲမှာ နားစရာ
ပါမလာခဲ့ဘူး။ တောက်လျှောက်ပဲ။ ဘယ်မှာမှ ကွန်းခိုရာ ဘာသံမှ။
ခေတ်ကြီးဟာ ဟိုတုန်းကနဲ့ မတူတော့ဘူးတဲ့။ အဲဒါ ဘာနဲ့
တူသလဲမေးတော့ ပြဿနာ မရှာပါနဲ့တဲ့။ အဲဒါ ပြဿနာ။
ဘာသာစကားကတော့ လူတန်းစားတိုက်ပွဲနဲ့ မဆိုင်ခဲ့လို့လား။
အခု လက်ငင်းဖြစ်နေတာတွေကို နောက်ကျိအောင် မမွှေပါနဲ့။
ဖောက်ထွင်းမြင်နေရတာ ပြဿနာကိုယ်တိုင်ပဲ။ အဲဒါကို
ဘယ်လို ကဗျာလုပ်။ ဘယ်လိုလုပ် ကဗျာ…။
ကဗျာသမားတော်တော်များများဟာ ဘ၀နဲ့မရုန်းကန်ပဲ ကဗျာ
ရေးချင်နေကြတာ၊ ရေးနေကြတာ၊ ပြဿနာ၊ ဘ၀က စ
မိမိကို ဘာက ဘာနဲ့ ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘာ ဘယ်။
အဲဒါ သိစရာမလိုဘူး။ မိမိ ဘယ်သူဘယ်ဝါ ဘာတွေ့ကြုံခံစားပဲ။
ပြဿနာ။ မိမိကိုယ်မိမိပဲ ဖောက်ထွင်းမြင် အစစ်အမှန်၊ သစ္စာ။
စံနစ်ဟာ အမြစ်ထဲအထိ နစ်ဝင်နေပြီ။ မြစ်ဟာ နစ်နေပြီ။
နိုင်ငံရေး ဘေးအန္တရယ်ကြီး ကျရောက်ခဲ့တဲ့ သဘာဝ။
အဲဒါ ဘ၀လား၊ အရှင်းကြီး။ ဖောက်ထွင်းမြင်။ ဘာ ဘယ်။
အနှစ် ၃၀၊  အနှစ် ၆၀၊ တို့ပေါင်တဲ့ မြေ။ ဘယ်လိုလုပ် ကဗျာ…။
အင်အားကြီး အာဏာကြီး ပုရိသတစ်ယောက်ကို ဗဟိုပြု၍
တောက်လျှောက်ပဲ၊ နှစ် ၃၀၊ ၄၀၊ ၅၀။
ဖြစ်နိုင်ချေတွေကို ပျက်နိုင်ချေတွေက ဖျက်သွားတယ်။
ကဗျာဟာ ပုံသဏ္ဍာန်အမျိုးမျိုး ဆောင်လာတယ်။
ပုံသဏ္ဍာန်ဟာ ဘ၀ အမျိုးမျိုး ဆောင်လာတယ်။
ဘ၀ဟာ ကဗျာအမျိုးမျိုး ဆောင်လာတယ်။
စာသား အပိုင်းအစတွေ၊ အရေးအသား ရသတွေနဲ့
ဘ၀ကို ရက်ထည်လုပ်၊ အမှန်တရားဖော်ထုတ် ထင်ဟပ်။
သံခမောက်ဆောင်းထားရတဲ့ သိုးတွေရဲ့ သားရေ၊ သစ္စာတရား။
ပြုလုပ်ထားတာတွေပဲလေ၊ ယုံစရာမှ မရှိတာ။
ပြုလုပ်ထားတာတွေပဲလေ၊ ယုံစရာ ဆိုတာ။
ဘ၀ဆိုတာ၊ ကဗျာဆိုတာ၊ ခေတ်ကြီးဆိုတာ။
အဆိုပြိုင်ပွဲမှာ ဘယ်သူအသံ အကောင်းဆုံးလဲ
အရှင်းကြီး၊ ဖောက်ထွင်းမြင်၊ မြစ်ဟာ ရုန်းနေပြီ။

ဇေယျာလင်း
၁၅၊ မေ၊ ၂၀၁၁
(ကဗျာဆန်နေခြင်း ကဗျာစာအုပ်မှ ကူးယူဖော်ပြသည်)