ကြေးစားနံပါတ် တစ်ဆယ့်သုံး

မိန်းမတွေက စစ်ကိုရှုံးစေတယ်
ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့
မှောင်မည်းပြီး သဲနဲ့ရှပ်ရှပ် ဘ၀ရဲ့နံရံကို
အနမ်းတွေနဲ့ ပက်ချ
ငါ့ခေါင်းပေါ်က တိမ်တွေကို သူတို့စိမ်းစိုစေခဲ့တယ်
နှင်းမှုံလေးတစ်မှုံတောင် ကျောချခွင့်မရတဲ့
ဟော့ဒီ ကြက်မတစ်ဝပ်စာကျယ်တဲ့ ရင်ခေါင်းပေါ်
ယောကျာင်္းရင့်မာကြီး မျက်ရည်နဲ့ရက်လုပ်ထားတဲ့
အနုပညာရှိတယ်
ရေငတ်သမင်ကို သောက်နေတဲ့
စမ်းချောင်းကလေးတွေရှိတယ်
လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်
နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်
စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
ပါမောက္ခတစ်ယောက်ရှိတယ်
အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို
ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ်
ချောင်းခြားချစ်သူဆီ ရောက်ဖို့
ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့
ရထားတစ်စင်းရှိတယ်
မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်
လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို
ကိုက်ဖမ်း ဆွဲဟပ်နေတဲ့
အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်
သောက်သုံးရေ အလုံအလောက်မရ
ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့
သစ်တောတွေလည်းရှိတယ်
လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့
ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ
အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ
အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်
မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ
ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ
ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်
နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ
အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ပြီး
လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ်
အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ
အနံ့အသက်ကလေး တချွင်ချွင်နဲ့
ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း
သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့
ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ
ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ
ဆုံးဖြတ်လို့ မပြီးခင်
သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့
ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်
ကြေးစားနံပါတ် တစ်ဆယ်သုံးကို စေလွှတ်ပေးခဲ့တယ်။     ။

မောင်ဖီလာ
(ရယ်စရာ – ဇူလိုင်၊ ၂၀၀၁)

သားကြီး အဲဒီမျက်လုံးကြီးက အင်္ကျီအနီရောင်ကို ရိပ်ကနဲ ဝတ်ထားတယ် ။ ပစ်ချလိုက်တော့ ။


ယူရီ ယူရီ နေရာယူထား ငါ့အမိန့်ကိုစောင့် ။
ဂျလောက် ဂျလောက် ဂျလောက်
လူတိုင်းမှာ သူ့အားနည်းချက်နဲ့ သူ ရှိတာချည်းပဲ ။
ကောင်မလေးကို လိုက်ရှာကြစမ်း ။ ပစ္စတိုကိုလှမ်းယူဖို့ကြံရုံပဲရှိသေး
သူ့သေနတ်မှာ မီးပွင့်သွား ။
မစ်ရှင်း ဖေးလ်ဒ် မစ်ရှင်း ဖေးလ်ဒ်
ဂျလောက် ဂျလောက် ဂျောက်
အက်စကေ့ပ် တစ်ချက်နှိပ်ပြီး နားစွင့်လိုက်တော့ ညကြီးဟာတိတ်ဆိတ်မြဲ ။
စုဒ် ငါ့ကိုကာပစ်ပေး ။ ဒိုင်း ဒိုင်း ဒိုင်း ဒစ်ဒစ်ဒစ် ။
အိုး ရှစ်ထ်  အာ ပီ ဂျီ ။  ဂျလောက် ဂျလောက် ဂျလောက် ဂျလောက်
အက်စကေ့ပ် တစ်ချက်နှိပ်ပြီး နားစွင့်လိုက်တော့ ညကြီးဟာတိတ်ဆိတ်မြဲ ။
သမ္မတကြီးကို အကာအကွယ်ပေးကြ ။
သမ္မတကြီးကို အကာအကွယ်ယူကြ ။
သမ္မတကြီး သူတို့လက်ထဲပါသွားပြီ ။
အရှေ့မှာ မိုင်းသတိ ။ ဂျလောက် ဂျလောက် ဂျောက်
တံခါးလော့ဂ်ကိုလှည့်ဖွင့်ပြီး အပြင်ကိုကြည့်လိုက်တော့ ။
အနီရောင် အင်္ကျီကို ရိပ်ကနဲ တွေ့လိုက် ။
ရိပ်ကနဲ ဟာ သားကြီး ။ အေး သားကြီးလား ။ ငါ ။  အေး ဖွင့်ဖွင့် ။
ရေဒီယိုကိုဖွင့်လိုက်ပြီး မြင်ကွင်းထဲဝင်လာတဲ့ ပစ်မှတ်ကို ပိတ်လိုက်တယ် ။
အဓိကထမ်းဆောင်ရမယ့်တာဝန်က သော့ တစ်ချောင်းအဖြစ်ပဲ ။
ကမ္ဘာ့ငတ်ငတ်မွတ်မွတ်ခေါင်းပါးမှုတွေ ဖွက်သိမ်းထားတဲ့ သေတ္တာကိုဖွင့်ကြည့်ရုံလေး ။
ဘယ်ကနေဘယ်လိုရောက်လာသလဲ မေးယူရပါတယ် ။ ညနေကဟိုကောင့်ဆီဖုန်းဆက်ရင်း
မင်းကိုချိတ်မိတဲ့အကြောင်း ။ ချိတ်ထားတဲ့ ဂြိုလ်တုတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ကြောင်း ။
အိမ်ပေါ်ကဆင်းထားတာဆိုတော့အေးဆေးပဲဆိုပြီး ထွက်လာလိုက်တာ ။
မထွက်ဖြစ်သေးပါဘူးကွာ ။ လိုင်းကြီးဆိုတော့စောင့်ရတယ် ။ ဖုန်းနံပါတ်တစ်ခုကိုတောင်းတယ် ။
အခြေအနေက ကျစိမ့်ပဲ ။ အသံနေအသံထားလည်း ကျစိမ့်ပဲ ။ စကားတွေတော့ပြောနေတယ် ။
အေးအေး ဒါပေါ့ ဒါပေါ့ အိုဗာ / ဒါပေါ့ ဒါပေါ့ အေးအေး အိုဗာ
( အလိုလျောက်ဖြေကြားစက်တစ်ခုရဲ့အသံများလို ) ။
မျက်လုံးဟာ အသိသာဆုံးအဖြေ ။ မျက်လုံးဟာ အလုပ်အရမ်းလုပ်နေ ။
ဒီစစ်ပွဲကြီးတစ်ခုလုံးကို မျက်လုံးတစ်စုံက ရွှေ့နေတာ ။ ဗုံးထောင်ပြီးရင် မျှော်စင်ပေါ်ကိုသွား ။
ပြီးရင် ဒေါင်သွားကြတာပေါ့ ။ လမ်းထိပ်မှာ လမ်းမကိုကျောပေးပြီး ထိုင်ကြ ။
နေရာမရွှေ့နဲ့ ။ ဒီတန့်ခ်ကားထွက်သွားတဲ့အထိ ဒီနေရာမှာပဲ ထိုင်ကြ။
နွားနို့ပူပူတစ်ခွက်ကို မှာတယ် ။ ကော်ဖီမစ်နှစ်ခွက်ပဲ ရလိုက်တယ် ။
ကျောင်းတုန်းကအကြောင်းများကို ပြန်ခေါ်ရ ။ ဂို့စ်ကိုပြန်ခေါ်လိုက်တော့ သူတို့ဆင်းလာပြီ ။
နောက်ဆုံးကျောင်းဆင်းတာကသုံးနှစ်ရှိပြီ ။ ခု ဘာအကြောင်းကိစ္စမှမရှိပဲ ပေါက်ချလာပုံ ။
ပေါက်ကွဲသွားတဲ့မိုင်းတွေရဲ့ နှစ်ဆမကမိုင်းတွေ ငါတို့ရင်ပြင်မှာ ထောင်ထားတုန်းပဲ ။
ဒီအချိန်ကြီး ကားနှစ်ဆင့်စီးရပုံ ။ ရောက်နေတာကြာပြီး ရှာမတွေ့ပုံ ။ လမ်းမှားပုံ ။
မြေပုံအမှားကြီးထဲ တိုက်ပွဲအမှားကြီးကို ရန်သူတွေမှားပြီး တိုက် ။
မင်း ဒီအချိန်ကြီးမှကွာ ။ အေး မင်းဆီ ရောက်အောင်သွားမယ်ဆိုပြီး ရောက်အောင်လာခဲ့တာပဲ သားကြီး ။
အေး အဲ့စောက်အမိန့်ရောက်လာတဲ့အထိစောင့်နေရင် ဒီနိုင်ငံကြီးကိုကယ်တင်လို့မရတော့ဘူး ။
သားကြီး မင်းမျက်လုံးတွေဘာဖြစ်နေတာလဲ ။ မင်းပြဲနေတာလား ။ သူဘာမှ မလုပ်တတ်ကြောင်း ပြော ။
ဆေးလိပ်မသောက်တာလည်းအရင်ကအတိုင်းပဲ ။ သျှပ်ကီတော့ တခါတလေဆွဲတယ် ။
ခြေထောက်ကို ချိတ်ထိုင်လိုက် ။ ပြန်ချလိုက် ။ ပြန်ချိတ်လိုက် ။ ချထိုင်လိုက် ။
ညာဘက်လက်နဲ့ ညာဘက်က ဖိနပ်အောက်ကို ပွတ်သပ်နေ ။
စားပွဲပေါ် တင်ထားတဲ့ သေနတ်ကိုယူလိုက်ပြီး ချစ်ကြည်နူးစွာ ပွတ်သပ်နေ ။
ဖုန်းနံပါတ်တစ်ခုကိုတောင်းတယ် ။ သူ့ခေါင်းထဲက ကျည်ဆန်မှာ ကုဒ်နံပါတ်တစ်ခုပါတယ် ။
သူငယ်ချင်း မင်း အဲဒီနံပါတ်ကိုတောင်းဖို့ဒီထိလာတာလား ။
ဂိုထောင်ရှိတဲ့နေရာထိ မိကျောင်းသွားလေး တွားသွားလိုက် ။
ယောက်ျားလေးပဲကွာ ဘယ်သူမှမဆွဲပါဘူး ။ တော်တော်ပိန်သွားတဲ့အကြောင်း ပြောရ။
ကျန်းမာရေးဂရုစိုက်ဦး ပြောရ။ သွေးထွက်လွန်နေတဲ့ မြို့တော်ကြီးမှာ မီးခိုးတွေဝေပြရ ။
သူပြောတဲ့(မမှတ်မိတော့သော) ကျောင်းတော်ကဖြစ်စဉ်တွေ အံဩရ ။
ဘယ်ကောင်ကဘာလုပ်နေပြီး ။ ဘယ်ကောင်မက ဘယ်လိုအဆင်ပြေ ။
ဒေတာတွေဟာ စက်ကထွက်ကျလာသလို ။
လူတစ်ယောက်ရဲ့ အလိုဆန္ဒကြောင့် တစ်ကမ္ဘာလုံး စစ်မီးထဲကို ထွက်ကျသွားတယ် ။
သစ်ပင်တွေအများကြီး အဲ့ဒီစက်ထဲက ထွက်ကျလာတယ် ။
ငါမထွက်ခင် တစ်ခေါက်လောက် အားလုံးနဲ့ဆုံချင်တယ်လို့ အဲဒီမျက်လုံးကြီးနဲ့ပြောတယ်။
အိမ်ပြန်မှာလားဆိုတော့ ဘာမှမပြောဘူး ။ ကော်ဖီဖိုးကို ရုတ်တရက်ကြီး လုရှင်းတယ် ။
ကျောင်းတုန်းက မင်းငါ့ကိုကျွေးထားတာတွေရှိတယ် ။
( ကျောင်းတုန်းကမင်းငါ့ကိုကျွေးထားတာတွေ ငါ့မှာရှိတယ် ငါသိမ်းထားတယ် ငါမှာရှိတယ် )
ကျည်ဆန်တစ်သေတ္တာ အေကေသုံးလက် မရှင်းဂန်းတစ်လက်ရှိတယ် ။
အကူအညီလာတဲ့အထိ တောင့်ခံထား သားကြီး ။
အေးအေး ဒါပေါ့ ဒါပေါ့ အိုဗာ / ဒါပေါ့ ဒါပေါ့ အေး အေး အိုဗာ ။
မျက်တောင်ခတ်နှုန်းက တကယ့်ကို တွေတွေကြီး ။
လက်နက်ကြီးတွေကျလာတော့ ငါတို့ကိုလာခေါ်တဲ့ ချော်ပါဟာ တွေတွေကြီး ပျံတက်သွား ။
သားကြီး မင်း မျက်လုံးကိုမြင်ရတာ စန်းဦးရဲ့ မျက်လုံးညိုကြီးကဗျာကို သတိတွေရ ။
ကျဆုံးသွားတဲ့ရဲဘော်တွေကို အသက်မရှိတော့တဲ့စိတ်ကြီးနဲ့ သတိတွေရ ။
အင်း ငါအဲဒီနေ့ကမရှိဘူးပြော ။ အဲဒီနေ့ကကိစ္စတွေအကုန်ပြန်ပြောနေပြန် ။
လိုက်မပို့ဖို့ပြော ။ ဖုန်းနံပါတ်တစ်ခုကိုတောင်းတယ် ။
ငါ့အောင်မြင်မှုရဲ့သော့ချက်က မစ္စတာပရဲ့စိဒန့်ပဲသိတဲ့ နံပါတ်တစ်ခု ။
ဪ ထွေထွေထူးထူးတော့မရှိပါဘူး ။ ငြူကလီးရား စစ်ပွဲတစ်ခုကို အချောကိုင်မလို့ ။
လက်ဖျံကိုလာကိုင်ပြီး သွားမယ်ကွာလို့ ပြောတယ် ။ အဲဒီမျက်လုံးကြီးနဲ့ ထွက်သွားတယ် ။
အာဖဂန်ကို ပို့လိုက်တဲ့ တစ်ဖွဲ့တော့ကုန်ပြီ ။ ခုပဲ ရုရှားက နောက်တစ်ဖွဲ့ထွက်လာတယ် ။
အပြန်မှာ ထူးထူးဆန်းဆန်း ခွေးတွေငြိမ်နေတာပဲ ။ စနိုက်ပါရှိတယ် သတိထား ။
ဖွယ်သွားတဲ့ စိတ်ကို တိုက်ပွဲထဲပစ်ထည့်လိုက်ရ ။ ရဲရဲတက် ရဲရဲတိုက် ရဲရဲခြေမှုန်း ။
မျက်လုံးညိုကြီးကဗျာက ဖွာသွားတဲ့စိတ်ကို ရဲရဲတက် ရဲရဲတိုက် ရဲရဲခြေမှုန်း ။
အာဖရိကရဲ့ အင်းမေ့ခ်ျတစ်ခုဖြစ်တဲ့ ကားအစုတ်တွေပေါ်က လက်နက်ကိုင်တွေ ။
ကလေးစစ်သားတွေ ။
သေနတ်ပါခြင်းမပါခြင်းပဲကွာတဲ့ ပြည်သူ ပြည်သားတွေ ။
သွပ်ပြားတွေမညီမညာ ကာ မိုး ထားတဲ့ အိမ်ခေါင်မိုးတွေပေါ် ဖြတ်ဖြတ်ပြေးရင်း ။
ယော် မစ်ရှင်း အစ် အကွန်းပလိဒ်
ဂျလောက် ဂျလောက် ဂျလောက် ဂျလောက်
ထိတ်ကနဲဆိုတဲ့ ခံစားမှုကိုတွေ့ရတယ် ။ သိလိုစိတ်နဲ့ အခြေအနေကိုလက်မခံလိုစိတ်က
လက်ရှိအနေအထားကိုသွေဖယ်ကြောင်း တွေ့ရတယ် ။
လော့ဂ်ကိုအသာလှည့်ဖွင့်လိုက်တော့ သံပန်းအပြင်ကနေ မေးဆတ်ပြတယ် ။
မျက်လုံးကြီးဟာပြုံးပြုံးကြီးစကားတွေပြောနေ ။မျက်လုံးကြီးဟာ အလုပ်တွေအများကြီးလုပ်နေ ။
မျက်လုံးကြီးဟာတွေတွေကြီး အင်္ကျီအနီရောင်ကို ရိပ်ကနဲ ဝတ်ထားတယ် ။
ချက်ချင်းဆူညံသွားတဲ့ ညကြီးကို အဲ့မျက်လုံးကြီးထဲမှာ တွေ့လိုက်မိ ။
သေတာတောင် လက်နက်မချဘူး ။

(တေးခက်)

 Dark Green Apple

သတိရခြင်းများမှ တစ်ဆင့်


သတိရခြင်းတွေဟာ
ငါသောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာရှိတယ်။

တစ်ခါ တစ်ခါ
ဘာလုပ်လုပ် အဆင်မပြေတတ်သူရဲ့စိတ်ညစ်မှုမျိုး
ငါ့ကိုမှ ညှိုးရက်တယ်။

မေ့မရဘူး ဆိုရင်လည်း
ငါပိုတယ်-မင်းထင်မယ်။

ငါ့ကို မယုံကြည်သူလေးရဲ့
အေးစက်စက် ကောင်းကင်ပေါ်က လ,နဲ့
ငါချစ်တဲ့ ည,တွေက
ငါ့ကို အိပ်မက် ပေးမတဲ့
သည်မျှနဲ့ ကျေနပ်ခဲ့ရသူပါ…..။

ထာဝရ….တဲ့
ငါချစ်တဲ့ နှင်းဆီ တစ်ပွင့်
ကြမ္မာဒဏ်သင့်၊ကြွေလွင့်ခဲ့ရချိန်မှာ
ဟိုး…တိမ်မွေ့ယာပေါ်က ငှက်
နာကျင်ခံခက်၊သွေးပျက်သောဂီတ
အတောင်ပံ၊မာနနဲ့ နှလုံးသား
ကြေမွပျက်စီးခဲ့ရချိန်မှာ
ထာဝရကို ငါမုန်းတယ်….။

တံခါးခေါက်သံ ထင်ရဲ့
ဝင်ခဲ့ကြဟေ့….
ငါ့ရှေ့က နေ့ညတွေအတွက်
မသိတတ်တဲ့ မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရဲတဲ့ မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက် ၀င်ခဲ့ကြ
ကြည့်ကြ
ဘ၀ရဲ့ အဆိပ်သစ်သီး
ငါ ကိုက်မြည်းလိုက်စမ်းမယ်…..။

မသေချာခြင်းတွေသာ
ငါ့ဘက်မှာ ရှိနေပေါ့။

ရိုးသားမှု တစ်ခုနဲ့
မင်းကို ငါ ချစ်ခဲ့
ဘ၀ကို ငါ မြတ်နိုးခဲ့
ဟိုး….အနန္တကောင်းကင်မှာ
အစက်အပျောက် တစ်ခုက အရာမထင်သလိုမျိုး
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကို ငါ ဖြတ်ကူးမယ်
အားလုံးကို စွန့်လွတ်ရရင်တောင်မှ
သတိရခြင်းကို ငါ ပိုင်တယ်
ယုံကွယ်……။         ။
                                    
ဒတ္ထ 

(စပယ်ဖြူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၇)



ပျော်ရွှင်စရာနေ့များ ၎

ပျော်စရာများ လမ်းကိုဖြတ်ကူးနေပြီ
ပျော်စရာများ အပေါ်ထပ်ကို တက်သွားပြီ။

ပျော်စရာများ မပြောမိအောင် ကြိုးစားခဲ့ပါတယ်
ပျော်စရာများ ပြောမိသမျှ ကြားနိုင်ကြပါစေ
ပျော်စရာများ အကြိမ်ကြိမ်အခါခါ
ပျော်စရာများ ရုတ်တရက် မေ့သွားတယ်
ပျော်စရာများ အစက ပြန်ပြောရတဲ့အခါ။

ပျော်စရာများ မီးလောင်နေကြတယ်
ပျော်စရာများ ပြေးလွှားနေကြတယ်
ပျော်စရာများ ဟိုတစ်ကွက် ဒီတစ်ကွက်
ပျော်စရာများ ညာသံတဟေးဟေး
ပျော်စရာများ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲ။

ပျော်စရာများ ရှိတာ ပျော်စရာကောင်းပါတယ်
ပျော်စရာများ လွှတ်တော်ထဲ သယ်ယူသွားကြပါ
ပျော်စရာများ လွတ်လပ်ကြပါစေ
ပျော်စရာများ ရွှေဘိုငလျင်
ပျော်စရာများ ရခိုင်ဒေသ
ပျော်စရာများ ကဗျာထဲထည့်ပြောကြတဲ့အခါ
ပျော်စရာများ ကဗျာများ ဖြစ်လာကြတဲ့အခါ
ပျော်စရာများ ရေးသားပုံနှိပ်ခွင့်
ပျော်စရာများ ပြောစရာမလိုအောင် ပြောနိုင်ကြပါစေ။

ဒီလိုဆိုရင်ဖြင့် ငါ့ကဗျာ ဖြောင့်ဖြောင့်ကြီးပဲ
ဒီလိုဆိုရင်ဖြင့် ငါ့ကဗျာ ပျော်အောင်
ဒီလိုဆိုရင်ဖြင့် ငါ့ကဗျာ ဘယ်လိုမှ မပျော်နိုင်
ဒီလိုဆိုရင်ဖြင့် လမ်းဆုံတွေမှာ တစ်ချိန်တည်း
ဒီလိုဆိုရင်ဖြင့် ခုံးကျော်တံတားများဆောက်ကြသလို
ပျော်စရာကောင်းလောက်အောင် တို့တစ်တွေ ရှေ့မဆက်နိုင်
ပျော်စရာကဗျာများရေးတဲ့အခါ။    ။

မိုးဝေး



လျှိ့ဝှက်စွာ စွန့်ခဲ့သော ရသများ




အိမ်ယာမဲ့တို့  နောက်ဆုံးတွေ့ ခဲ့တဲ့ ဒေလီယာတွေဖြစ်တယ်
ဘုရားသခင်ဟာ သူ့အိမ်ကနေ ထွက်လာချေပြီ -

ခရုသင်းမှုတ်သံနှင့်အတူ
မျက်စေ့ရှေ့ တင်ဗုံးကွဲသွားတယ်
စူဇန်သေသွားတယ်
ပါးပြင်ပေါ်ကနီရဲရဲ အဖုလေး
အရှုး ၁၅ နှစ်သားလေးရဲ့  အချစ်ဟာ
ခရစ်တော်ထက်အရင် ပေးဆပ်ပူဇော်ခဲ့ရဲ့ 
မှတ်မိမှာပါ ခပ်၀၀လေးကိုလေ။

အချက်ကျကျ အနံ့ပြင်းစွာ ထုတ်လွှင့်နေသော
ဘာစီလိုးနား နံနက်ခင်းဟာ ဆေးတံသောက်ရင်း ကားသော့ဖွင့်လိုက်ပြီ၊
မြိန်ရေယှက်ရေ ဆဲခဲ့ “ငါလိုးမသားတွေ...အမြဲသေနေမယ့်ကောင်တွေ...”
သူငယ်ချင်းတို့ရေ...တစ်ဦးချင်းစီဘ၀ကသာ
ကမ်းခြေ သွေးစွန်းမှုကို ဟန့်တားပေးနိုင်မယ် ။

ပန်းမီးဆိုင်းကြီး ပြုတ်ကျလာတုန်း ငါမျောနေ
အသစ်ပြောင်းသွားပေါ့၊  အော်စမ်းပါ
ငါ့အောက် ယူကလစ်ပင်ဟာ အများကြီး နိမ့်သွားပြီ
ပန်းချီတွေက ခပ်စောင်းစောင်း
 နံရံ ၂ ခုဆုံရာကလည်း ခပ်စောင်းစောင်း
ကုတင်ပေါ်အိပ်နေတဲ့ ကိုယ်လုံးတီးမိန်းမခမျာလည်း ခပ်စောင်းစောင်းပေါ့ ။

မကြာသေးခင်နှစ်တွေအတွင်း
မျက်နှာကျက်ဆီက စိမ့်ကျလာကာ အ၀ါပုပ်ကော်ဇောပေါ်
လမ်းလျှောက်နေသောဂီတသံတွေလေ
Doom Day မှာဆုံမယ်ဆိုပြီး
နှုတ်ခွန်းဆက်ရင်း ထပျံသွားလေရဲ့ 
အင်ဒီးယန်း အနီတွေရဲ့  ကျောက်တောင်တွေဆီ
(ဒါမှမဟုတ်) ဟိမ၀န္တာဆီ...
(ဒါမှ ထပ်မဟုတ်သေးရင်)
အမြင်ကပ်လောက်အောင် ခမ်းနားကြီးကျယ်တဲ့
ကောင်းကင်ဘုံကြီးအထိ ဆီသို့ ပေါ့ ။

လူအခွင့်ရေးကိုမသိတဲ့
၂၁ ရာစု အရှုးထောင်ထဲက ဖေါက်ပြေးရအောင် -
စိတ်ကူးကြည့် လေ...
အချစ်ပြုလုပ်တယ်ဆိုတာ ဘာလဲ...ဟဲဟဲ
ကုတ်အင်္ကျီထဲက အနုပညာ ၊ ဘာသာတရား ၊ သိပ္ပံ နဲ့ အားကစားကို
ရေအိမ်တစ်ခုမှာ ဖျောက်ပစ်လိုက်ပါ...
ကြိုတင်ရင်းနှီးခဲ့ရဲ့  မဟုတ်လား ပါရှန်မ အိပ်မက်တွေနဲ့...
တင်းပြည့်တဲ့ဆန္ဒ တွေနဲ့ ။

အရွယ်ရောက် ခပ်စောစော လိင်မှုဆက်ဆံရေးဟာ
မျက်နှာသစ်ချလိုက်ပြန်ပြီ...
စည်ပိုင်းထုပြီး Blues သီချင်း ညည်း
အပြာရောင် ကန့်လန့်ကာ ချလိုက်တဲ့အခါ ၀န်ခံလိုက်ရအောင် ။   

လင်းအေးထင်

 (ကဗျာဆရာ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
  ‘ဖြတ်တောက်ထားတဲ့ ဒိုင်ယာရီ လက်ရေးကဗျာစာအုပ် ၁၉၉၅
   မှာ ပါဝင်ခဲ့ဖူးဟုသိရ)