တကယ်တမ်းက ဒီလို ( Please don't try these at home . Not good for kids )

ခွဲစိတ်ခန်းထဲက ထွက်လာပြီးပြီးချင်း
Coca Cola တစ်ဗူး ဖောက်သောက်လိုက်တာနဲ့
ကျီးကန်းဟာ ဒေါင်းစင်စစ်ဖြစ်သွားတော့တယ် ။
ဖိနပ်က မိထွေးသမီးအကြီးမနဲ့ပဲ အတော်ပဲ ။
iPad ကိုယ်စီနဲ့လင်းတတွေကတော့ ပျော်တာပေါ့ ။

နှံကောင်ဟာ ပုရွက်ဆိတ်ရဲ့
ခြေတွေလက်တွေကို ဖြတ်ပြီးစားပစ်တယ် ။
Freddy ဆီက လွှစက်ကြီးငှားလာပြီး ဖြတ်ပစ်တာ တဇွီးဇွီး ။
တောင်ကြီးနှစ်လုံးကို မူလနေရာမှာ ပြန်လာထားသွားကြတယ် ။

ဆင်းရဲသားတွေကို သေနတ်ထောက် ဓားပြတိုက်ပြီး
သူဌေးတွေကို ပေးဝေနေကျပဲ ။

Vodka နဲ့မတည့်လို့တဲ့
ဘဲတွေအကုန် ရုပ်ဆိုးကုန်တယ် ။
ဗေဒါလည်း တစ်စစီစုတ်ပြတ်သတ်ပြီး လွတ်မြောက်သွားတယ် ။

ဝှက်ယူလာတဲ့ပုဆိန်နဲ့
မြစ်စောင့်နတ်ကို ကောက်ပေါက်ပစ်တယ် ။
ဘယ် password နဲ့ဖွင့်ဖွင့်
ကျောက်ဂူတံခါး မပွင့် ။

မိုးတွေရွာချလာလည်း သူခိုးအေးဆေးပဲ
တဲအမိုးပေါ် အပြုံးမပျက် ပုန်းလျက်
ဘုန်းကြီးကျောင်းထွက်သူခိုးဟာ
ပါဠိစကား နားလည် ။
သားမက်ဟာ ဖုတ်ဝင်ပြီး
ကျောင်းကို ဓါတ်ဆီလောင်း မီးရှို့ပစ်တယ် ။

မြေမှုန်ကဖြစ်တဲ့မိန်းမကို မက်မုံသီးတွေနဲ့မပေါက်ကြပါနဲ့
ဝင်လျှာရှည်တဲ့ Captain America ကို ပေါင်ကျိုးအောင်ထိုးပစ်ပြီ ၊ ဒချိဒချိ ။

အမြီးပြတ်တဲ့မြေခွေးဟာ ကျန်တဲ့မြေခွေးအပေါင်းရဲ့
အမြီးတွေကို လိုက်ကိုက်ဖြတ်ပစ်တယ်။
စိတ်ကောက်သွားပြီးတဲ့နောက်ပိုင်းမှာ
ညှပ်ကြီးဟာ ဘာလာလာညှပ်ပစ်တယ် ။
မျှော်စင်ကို ဆက်ဆောက်ဖို့ သက်ဆိုင်ရာက ခွင့်ပြုလိုက်တယ် ။

ဗမာတွေ ဖွင့်လို့လားတော့မသိဘူး
သေတ္တာထဲမှာ ဘာဆိုဘာမှ မရှိဘူး ။
သစ်ပင်ပေါ်က မျောက်အသည်းကို
ခင်ပုပ်တစ်လှည့် မြည်းတစ်လှည့် ပင့်ဆောင်သွားကြတယ် ။

ခြင်္သေ့ဟာ ယုန်ရဲ့နှာခေါင်းကို ပလာယာနဲ့ဆွဲဖြုတ်ပစ်တယ် ။
ပြီးမှတစ်ကောင်လုံး မီးကင်စားပစ်တယ် ။
မြေခွေးကို ကြိုးတုပ်ပြီး
စပျစ်သီးတွေနဲ့ ၀ိုင်းပေါက်ကြတယ် ။

ကြောင်ဟာ နတ်သမီးတွေရဲ့အ၀တ်တွေကို ဖွက်ပြီး
ပြန်မပေးတော့ဘူး အစဖျောက်ပစ်တယ် ။
ပြိတ္တာက ကားသော့ကို ဘောင်းဘီအိတ်ထဲ မထည့်ဘဲ
လူမြင်အောင်ကိုင်လာတယ် တချွင်ချွင် ။

မိကျောင်းဟာ ဘာဂျာဆရာကိုအမှတ်တမဲ့ မျိုချမိတယ်
ဘာဂျာဆရာ မိကျောင်းရေချိုးဂိမ်း ကစားလိုက်တာ
အရှင်လတ်လတ်ကြီး ပြန်ထွက်လာနိုင်တယ် ။
ဘာဂျာဆရာကို ပျဉ်းတော်သိမ်ရွက်တွေ ပြုတ်တိုက်ကြတယ် ။

စာကလေးလို လျှာအဖြတ်ခံရလည်း
ခြေဟန်လက်ဟန်နဲ့ ဆက်ပြောပြနေတုန်းပဲ ညစဉ် ။
ဝံပုလွေဟာ သိုးကျောင်းသားကိုပါကိုက်စားပစ်ပြီ ။
ခြေစုန်းဟာ Medusa ကို အနိုင်ယူဖို့ ကြံစည်နေတယ် ။
ကုန်းချောတဲ့ကြောင်မ နေ၀င်မှ လတ်ခမောင်းထခတ်တယ် ။

ပါဝါရိန်းဂျားအနီကောင်ကတော့ နောက်ဆုံးမှရောက်လာ ၊ ရဲတွေနဲ့အတူ ။
သူနမ်းလိုက်မှပဲ တစ်ခါတည်း အသက်ပါထွက်သွားတော့တယ် ။
Adam Smith ဟာ သူ့ Samsung ဖုန်းကို ဘက္ထရီဆွဲဖြုတ်ဖို့ ကြိုးစားနေတုန်းပဲ ။

ဗုဒံ္ဓသရဏံသီးတွေကို ပုတီးလုပ်ပြီး လည်မှာဆွဲထားတဲ့ကြောင်ဟာ
ဘော်ဒီဂတ်တွေနဲ့အတူ ဓာတ်လှေကားစီးပြီး ဘုရားပေါ်တက်သွားတယ် ။
ကြောင်ရဲ့ဘွတ်ဖိနပ်တွေဟာ ဂေါပကလူကြီးလက်ထဲမှာ ။

၂၇ကြိမ်မြောက်ဆီးဂိမ်းရဲ့ ပုံမလာဇီးကွက်တွေဟာ မျက်မှောင်တွေကြုတ်ပြီး
ဓမ္မစေတီခေါင်းလောင်းကိုဆယ်ဖို့ ကြံစည်ကြတယ် ။
ခြူးတွေကတော့ ပျော်တာပေါ့ ။
ဒူးတွေ ဘာတွေ နှန့်ပြီး ဂေါက်ရိုက်ကြတာပေါ့ ။
တစ်ချက်တည်းကျင်းဝင်တဲ့အကြောင်းတောင်
နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖတ်လိုက်ကြရတယ် ၊ ကောင်းထှာ ။



ဟံလင်း
၁၇ ၊ ၁၂ ၊ ၁၃

No comments:

Post a Comment