ဒီဇင်ဘာကဗျာပွဲ

December 22, 2013 at 9:03pm


စင်္ကာပူရောက် ကဗျာချစ်သူများရဲ့ ပထမဆုံးအကြိမ် ... လို့ စာတန်းတပ်ထားပါတယ်။ ဒါပေမဲ့ စင်္ကာပူမှာ အရင်က ရွတ်ပွဲတွေ ကျင်းပခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ (ကျွန်တော် မရောက်ဖြစ်ခဲ့ပါ။) ဒီဇင်ဘာကဗျာပွဲ အနေနဲ့ ပထမအကြိမ်လို့ ဆိုလိုချင်ပုံရပြီး။ နံပါတ်စဉ်တပ်ထားခြင်းအားဖြင့် နောက်အကြိမ်တွေ လုပ်ကြဖို့ ရည်ရွယ်ဟန်ရှိပါတယ်။

လွန်ခဲ့တဲ့ တပါတ်လောက်ကမှ ဒီပွဲလုပ်မယ့်အကြောင်း အိန္ဒြာက မျက်နှာစာအုပ်မှာ တင်ထားတာ တွေ့မိပါတယ်။ ကိုခင်အောင်အေး ဒီကို လာဖြစ်တာကို အကြောင်းပြုပြီးပေါ့။ သူလာမယ် ဆိုတာလည်း သိထားပါတယ်။ သူ့ကိုလည်းတွေ့ချင်၊ ကဗျာပွဲ့ရယ်လို့ မတက်ဖူးတာနဲ့ ဒီပွဲကို လာဖြစ်တယ် ဆိုပါတော့။

နေရာက Lakeside Condo Function Room မှာပါ။ (ကို) သွယ်လင်းဆက်နဲ့ သူ့သူငယ်ချင်း စီစဉ်ပေးတာကြောင့် တကယ်ကို အဆင်ပြေတဲ့ နေရာမှာ ကျင်းပခွင့်ရပါတယ်။ လာတဲ့သူတွေကလည်း ကိုခင်အောင်အေးလို ဝါရင့် သက်ရင့် ကဗျာဆရာ၊ ကျွန်တော့်လို ဝါနု သက်ရင့်ကစလို့၊ လူငယ်ကဗျာသမားတွေရော၊ ကဗျာချစ်သူတွေအပြင် သွယ်လင်းဆက် အမျိုးတချို့ပါပေါင်းတော့ လူလည်း စုံသလို။ အတော်လည်း အင်အားတောင့်ပါတယ်။ နောက်ပိုင်းရောက်လာသူတွေရော ပေါင်းရင် ၂၅-၃၀ လောက်ရှိပါတယ်။ မိန်းကလေး ကဗျာဆရာမကတော့ အိန္ဒြာနဲ့ ဖြူနှင်းဖွေးပေါင်းမှ ၂ ယောက်တိတိ။ (မသက်ဝေက ပွဲအစပိုင်းပြန်သွားရ၊ မချစ်ကြည်က လူနေမကောင်းလို့ ခေါက်ဆွဲကြော်ပဲ လာလိုက်ရလို့ မိန်းကလေး အင်အားတော်တော်နည်းပါတယ်။)

ပထမပိုင်း ၁၂ ကနေ ၃ နာရီအထိ ကဗျာရွတ်မယ် ကဗျာအကြောင်းပြောမယ်။ ၃ နာရီနောက်ပိုင်းကတော့ စား၊ သောက်၊ ပွား အစီအစဉ်။ စတာက ၁ နာရီမှ စဖြစ်သွားတယ်။ ကျွန်တော်အပါအဝင် မြန်မာ စစ်စစ်များ နောက်ကျကြလို့ပါ။

ပထမဆုံး ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ကဗျာကို ပေးစားချင်နေတဲ့ ကိုခင်အောင်အေးက အဲဒီအကြောင်း စာတမ်းဖတ်ပါတယ်။ နောက်ကဗျာရွတ်ကြ။ အခန်းအနားဆန်ဆန် မဟုတ်ဘဲရွတ်ကြ၊ အကုန်လုံးကိုလည်း ရွတ်ဖို့ တိုက်တွန်းကြဆိုတော့ ဘယ်ကိုမှ မပို့ ဘယ်မှာမှ မတင်ဘဲ ကိုယ့်ဖာသာ ရေးပြီး သိမ်းထားတတ်သူတွေရဲ့ ကဗျာတွေပါ နားထောင်ခွင့်ရပါတယ်။ တချို့ကလည်း ကဗျာအကြောင်း စာတမ်းဆန်ဆန် (လက်တန်း) ပြော။ ဆရာဇေယျာလင်းက ဒီပွဲအတွက် သီးသန့်ရေးပို့ပေးတဲ့ စာတမ်းတစောင်ဖတ် (အိန္ဒြာဝေါလ်မှာ တင်ထား)။

ဖြူနှင်းဖွေး ယူလာတဲ့ တော်လှန်ကြောင် (ခရီးရှည်ချီတက်ပွဲ)၊ အိန္ဒြာ ရဲ့ ကဗျာရေးသလိုလို နဲ့ သူ့ရဲ့ လက်ဆောင် ပိတောက်ပွင့်သစ်တွေ၊ ကိုခင်အောင်အေးရဲ့ ငှက်ကလေးတို့လည်း လက်ဆောင်အဖြစ် မဲဖောက်ပေးပါသေးတယ်။



နောက်တော့ အကင်လုပ်တဲ့နေရာကို ရွေ့၊ စားရင်း သောက်ရင်း ဝိုင်းအသေး ၃-၄ ဝိုင်းခွဲပြီး အသီးသီး ပွား။ ပြောရင်းနဲ့ စိတ်ပါလာတော့ ကဗျာတကြော့ ထပ်ရွတ်ကြ။ ပြီးတော့ အဖိုးကြီး သီချင်းတွေ တီးကြ ဆိုကြသေးတယ်။

အချိန်ပေးပြီး အဓိကနေရာနေ ပြောပြ၊ ရွတ်ပြသွားတဲ့ ကိုခင်အောင်အေး၊ ပွဲစီစဉ်တဲ့ သွယ်လင်းဆက်နဲ့ သူငယ်ချင်းများ၊ ဖြူနှင်းဖွေးနဲ့ မကြီးအိမ်တို့လည်း ကျေးဇူးအထူးပါ။

တကယ်ကို အဆင်ပြေတဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ပွဲ တခုပါပဲ။ ဒီနေ့ လာဖြစ်တဲ့ သူတွေရယ် လာချင်ပေမယ့် မလာလိုက်ရတဲ့ သူတွေ စုပြီး ဒီလို ပွဲလေးတွေ ထပ်လုပ်ဖြစ်စေချင်ပါတယ်။ လုပ်လည်း လုပ်ကြမယ်လေ။


ဝန်ခံချင်တာက။ ။
(၁) ကျွန်တော်က ကဗျာနဲ့ ပတ်သက်ရင် ကိုယ့်ဖာသာ ဘဝင်ခပ်မြင့်မြင့်ရယ်။ ဒီနေ့တော့ ဘယ်မှ မပို့ဘဲ သိမ်းထားတယ်၊ ကိုယ့်ဖာသာ ဖတ်ဖို့လောက်ပဲ တင်ထားတယ် ဆိုတဲ့သူတွေ ကဗျာတွေ နားထောင်ပြီး ဖျားသွားပါတယ်။ ဘဝင်နည်းနည်းကျသွားတယ်။ ကျေးဇူးပါ။

(၂) ကဗျာရှည်ရှည်တွေဆို ရှမ်းဖတ်ဖြစ်၊ ဆောင်းပါးဆို အမြန်ဖတ်ဖြစ် ဆိုတာတွေ အကျင့်နည်းနည်းပါနေတာ။ ဒီနေ့တော့ အခြားအာရုံမရှိဘဲ ဒီထဲမှာ အာရုံစိုက်နားထောင်ဖြစ်တော့ ပိုရတာ သတိထားမိတယ်။ ကျွန်တော် အာရုံစိုက်တာ နည်းသေးတာကို ပြတာပဲ။

တင်မင်းထက်
22 Dec 2013

No comments:

Post a Comment