လောကအမြင်နဲ့ကမ္ဘာ



`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။
ကဗျာရေးသူတစ်ယောက်ရဲ့ လောကအမြင်နဲ့ သူရေးတဲ့ ကဗျာဟာ ရာခိုင်နှုံးတော်တော်များများ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကဗျာရေးသူရဲ့ content အကြောင်းအရာရွေးချယ်မှု (၀ါ) အကြောင်းအရာရဲ့ စွဲကပ်ခံရမှုနဲ့ form ပုံသဏ္ဍာန်ဖွဲ့ စည်းတည်ဆောက်ယူခြင်း (၀ါ) ၊ ဖွဲ့စည်းတည်ဆောက်မှုတစ်မျိုးမဟုတ်တစ်မျိုးလာစွဲကပ်ခံရခြင်းတို့ဟာ သူ့လောကအမြင်ကလာတာ တွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ်မှတ်ကျင့်ရှိသူတွေတောင် အနည်းအကျင်းပဲသိနိုင်တဲ့အတွက် သီအိုရီလို့ပဲ သဘောထားချင်ရင် ကျွန်တော့်ဘက်ကငြင်းမှာ မဟုတ်ပါဘူး။ သီအိုရီဆိုတာ စဉ်းစားတွေးခေါ်မှုရဲ့ ငြမ်းလို့ ကျွန်တော်ယူဆတဲ့အတွက်ဖြစ်ပါတယ်။
ကဗျာရေးသူအဖို့ သူရွေးချယ်တဲ့ စကားလုံး/နိမိတ်ပုံ/အသံကအစ သူချိတ်ဆက်တဲ့ လိုင်းတွေနဲ့ ချိတ်ဆက်ပုံတွေအလယ် ၊ နောက်ဆုံးလိုင်းကို ဘယ်လိုတာဝန်ထမ်းဆောင်ခိုင်းပုံ အဆုံးဟာ `အလိုလို´ဖြစ်လာတာမျိုးမဟုတ်သလို ပုံသေပြုလုပ်မှုမျိုးလည်းမဟုတ် ဘူးဆိုတာ ကဗျာရေးသူတိုင်းသိနိုင်ပါတယ်။ `ရင်ဘတ်´နဲ့ ရေးတာလို့ တလွဲနာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီးကိုချော (ခ) မောင်ချောနွယ်ကိုယ်တိုင် သူ့ဒိုင်ယာရီထဲမှာ သူအထပ်ထပ်အခါခါပြင်ထားတဲ့ မူကြမ်းတွေ ၊ လိုင်းတွေ ကျွန်တော်မျက်စိနဲ့ မြင်ခဲ့ရဘူးပါ တယ်။ ပါရမီရှင်တစ်ပါးလို ရေးတိုင်းကဗျာဖြစ်တာမဟုတ်ဘူးဆိုတာ ကိုချောဟာ သက်သေပါ။ နေရင်းထိုင်ရင်း ၊ သွားရင်းလာရင်း ၊ စားရင်းသောက်ရင်း ၊ စကားစမြည်ပြောဆိုရင် သူကောက်ရလိုက်တဲ့ လိုင်းတွေ ၊ စကားလုံးတွေ ၊နိမိတ်ပုံတွေ ၊ သူကောက်ကာငင်ကာ ရွတ်ပြနိုင်ပေမယ့် အဲဒါတွေဟာ ကဗျာတွေမဟုတ်သေးပါဘူး။ သူတည်ဆောက်ရပါသေးတယ်။ ထို့အတူ အူလီပို Oulipo လို ပုံသေပုံစံ တွေနဲ့ ကဗျာရေးရင်တောင်မှ ပုံသေစကားလုံးနဲ့ ရေးတာမဟုတ်ပဲ စကားလုံးတွေ ရှာဖွေတည်ဆောက်ရပါသေးတယ်။ ကံအားလျော်စွာပဲ ၊ ကိုချောနဲ့ အူလီပိုအကြောင်းပြောမိခြင်းမှာ ဆီလျော်စွာပဲ ကျွန်တော်ပြောချင်တဲ့အကြောင်းပြန်ရောက်သွားပါတယ်။ ကိုချောဟာ သူ့ ကဗျာကို သူက ဗဟိုပြုပြီး သူ့ကဗျာပါ ခံစားမှုဟာ သူ့ခံစားမှုလို့ သူယုံကြည်စွာ ရေးသားခဲ့ပါတယ်။ သူ့ကဗျာထဲက `ငါ´ဟာ သူကိုယ်တိုင် ဖြစ်ပြီး သူ့မိသားစုဝင်တွေရဲ့ နာမည်တွေကိုပါ သူ့ကဗျာတွေထဲမှာ တွေ့ရပါတယ်။ သူ့ကဗျာရဲ့ မူလဖြစ်ဖျားခံရာဟာ သူကိုယ်တိုင်ရဲ့ လောကအမြင် (၀ါ) ပုဂ္ဂလ/အဇျတ္တဘ၀ဖြစ်ပါတယ်။ အလွယ်ပြောရင် သူ့ဘ၀ပေါ့။ အူလီပိုသမားတွေကတော့ ကဗျာကို တည်ဆောက် construct တဲ့ဘက်ပိုဦးတည်ကြပါတယ်။ ရေးသူရဲ့ ဖွင့်ဟဖေါ်ထုတ်လိုမှု expression ထက် ဘာသာစကားနဲ့ တည်ဆောက်ပြလိုမှု construction ဘက်ပိုကဲပါတယ်။ အဲဒီ ဘာသာစကားနဲ့ တည်ဆောက်ပြမှုဟာ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ ခံစားမှုကိုတည်ပြီး ဘာသာစကားနဲ့ ပုံဖေါ်တာမဟုတ်ပဲ ဘာသာစကားရဲ့ တစ်နည်းတစ်ဖုံပုံဖေါ်ထားမှုကြောင့် ခံစားမှုဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ကဗျာဗေဒအသုံးအနှုံးနဲ့ ဆိုရင် Lyric method နဲ့ anti-Lyric method တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်ဟာပို ကဗျာမြောက် တယ်မမြောက်ဘူးဆိုတာ လောကအမြင်နဲ့ပဲ ဆိုင်ပါတယ်။
ကဗျာရေးသူတစ်ယေက်ဟာ လောကကို အထက်အောက်ဖွဲ့စည်းမှု ၊ ကွင်းဆက်ချိတ်ဆက်မှု ၊ ယုတ္တိနဲ့ တည်ဆောက်မှု ၊ အနက်အဆက်အစပ်ရှိမှု ၊ သူ့ ကဏ္ဍနဲ့ သူအချိုးကျ ပါဝင်တာဝန်ယူရမှု ၊ အစဉ်အလာလူမှုဆက်ဆံရေးကို လက်ခံကျင့်သုံးမှု ၊ စ- လယ်- ဆုံး ညီညွတ်မှု ၊ စသည်ဖြင့်နဲ့ မိမိကို မိမိခိုင်မာတဲ့ အိုင်ဒင်တတီရှိထားမှု ၊ မိမိသိမှုကို မိမိယုံကြည်လက်ခံမှု ၊ မိမိရဲ့ ပုဂ္ဂလအမြင် - အတွေး -ခံစားမှုတို့ကို လုံဝဥဿုံယုံကြည်မှု စသည်တို့နဲ့ မကွဲမပြတ် ချိတ်ဆက်ထားရင် သူရေးတဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်မှာလည်း သူ့အမြင်ကို တွေ့ရှိရမှာဖြစ်ပြီး အထက်ပါလောကအမြင်နဲ့ ကွဲပြားခြားနားသူရဲ့ ကဗျာပုံသဏ္ဍာန်ဟာလည်း လိုက်ခြားနားမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာကဗျာရေးသူ လူပုဂ္ဂိုလ်ကနေ ကမ္ဘာကြီးအထိချဲ့တွေးကြည့်ချင်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲသွားတိုင်း အသိအမြင် /လောကအမြင်တွေလိုက်ပြောင်းလဲစမြဲပါပဲ။ ပထမကမ္ဘာစစ်မဖြစ်မီနဲ့ ဖြစ်ပြီးကာလမှာ modernism ဟာ ပညာရပ်လောကမှာရော အနုပညာလောကမှာ ပါပေါ်လာပြီး လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ postmodern ပေါ်လာတယ်လို့ဆိုကြပါတယ်။ စစ်အေးကာလအတွင်းမှာ အတွေးအခေါ်တွေပြောင်းလဲလာပြီး `၆၀ ခုနှစ်နဲ့ `၇၀ ခုနှစ် တွေမှာ အထူးသဖြင့် ပြင်သစ်က တွေးခေါ်ပညာရှင်တွေရဲ့ တင်ပြလာမှုတွေဟာ အခု ကျွန်တော်တို့သိထားတဲ့ postmodern theory တွေပဲပေါ့။ ဒီဘက် ၂၁ ရာစုပိုင်းမှာတော့ ခေတ်စားလာတဲ့ အသုံးအနှုံးဟာ contemporary ပါပဲ။ ဒါကို အချို့က post- postmodern လို့ လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကိစ္စတွေကို online မှာ တက်ဖတ်လို့ရတဲ့အတွက် ကျွန်တော်အကျယ်တ၀င့်မပြောတော့တာပါ။ `အချို့´ဆိုပြီးတော့လည်း လုံးချနေတယ်လို့ ကျွန်တော့်ကို ထင်ရင်လည်းထင်စေဗျာ ၊ ကျွန်တော့်ရဲ့ အချိန်ကန့်သတ်ချက်နဲ့ ဒီစာလေး ရေးချင်လို့ ရေးလိုက်ရတဲ့အတွက် ချုံ့ပြောလိုက်တာပဲလို့ ယူဆစေချင်ပါတယ်။
လိုရင်းဆက်ပြောရရင် postmodern ကဗျာလို့ သတ်မှတ်တဲ့ ကဗျာတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန် ၊ ဦးတည်ချက် ၊ နဲ့ အသုံးပြုပစ္စည်းတွေ နောက်ကွယ်မှာ ပြောင်းလဲသွားတဲ့ လောကအမြင်တွေရှိပါတယ်။ ပြင်ပအပြောင်းအလဲတွေဟာ ကဗျာရေးသူရဲ့ သိမှုပေါ်လာသက်ရောက်ပြီး ကဗျာရေးသူရဲ့ အမြင်ပြောင်းလဲမှုတွေဟာ သူ့အတိုင်းအတာနဲ့ သူဖြစ်ခဲ့ကြတာပါပဲ။ အဲသလို လောက အမြင်အပြောင်းအလဲတွေနဲ့ ကဗျာပေါ်အယူအဆ ၊ ကဗျာပြုလုပ်ပုံပြုလုပ်နည်းအပြင် ကဗျာဖတ်ပုံဖတ်နည်းပါ ပြောင်းလဲရေးလှုပ်ရှားမှု တွေ လုပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ အမေရိကန် LP ပေါ့။ အမေရိကန် Conceptual Poetry ပေါ့။ ကဗျာပြုလုပ်ဖွဲ့စည်းပုံမှာလည်း အသုံးပြုပစ္စည်း Poetic devices တွေအပေါ်အမြင်ပြောင်းတာမျိုး ၊ ဥပမာ metaphor အခြေပြုနဲ့ metonymy အခြေပြု ၊ သုံးတဲ့ပစ္စည်း ချင်းတူပေမယ့် သုံးပုံသုံးနည်းမတူတာတို့ ၊ ဥပမာ hypotaxis ကနေ parataxis ၊ closure ကနေ anti-closure ၊ အချိုးဟပ်စပ်ပြီး ညီ ညွတ်မှုဆီ ဦးတည်တာနဲ့ အချိုးဖျက်ပြီး `အပွင့်´ ရေးတာမျိုး ၊ ယခင် ဆူရီယလ်နည်းတွေကို ဘာသာစကားကဗျာနည်းနဲ့ ရောစပ်သုံးတာ မျိုး ၊ စသဖြင့်။
အခုဒီဘက်ပိုင်း contemporary ကဗျာမှာတော့ synthesis (၀ါ) recombination ဆီသွားနေကြတာတွေ့ရပါတယ်။ narrative ဇာတ်လမ်းစင်မှု ၊ ခံစားမှုနဲ့ စဉ်းစားဆင်ခြင်မှုတို့ကို ပေါင်းစပ်မှု ၊ Lyric ရဲ့ `ငါ´ဗဟိုပြုမှုကို ယူပေမယ့်လည်း အဲဒီ`ငါ´ခံစားမှု သရုပ်ပြဖို့ ထက်စဉ်းစားတွေခေါ်မှုဘက်လှည့်လိုက်မှု (Lyric postmodernisms) ၊ အရေးအသားပုံစံများ ရောနှောဖွဲ့စည်းမှု ၊ အဓိပ္ပါယ်ဆက်စပ်မှု တိုက်ရိုက်မရှိတဲ့လိုင်းတွေ ချိတ်ဆက်မှု ၊ မျဉ်းဖြောင့်ယုတ္တိဆင်ခြင်မှုထက် associative စိတ်ကူးအတွေး ခုန်ကျော်ဆက်စပ်မှု ၊ စတာတွေ တွေ့ရှိဖတ်ရှုနေရပါတယ်။ ဒါတွေဟာ အလွယ်တကူယူသုံးလို့ရတဲ့ နည်းတွေ ၊ တက္ကနိတွေလို့ အယူလွဲသုံးမှုတွေ ကမ္ဘာမှာလည်းကမ္ဘာနဲ့ ချီပါပဲ။ ဒါပေမယ့် လူသိသူသိ ကဗျာရေးသူတွေဖြစ်လာကြသလား။ online သော်လည်းကောင်း print သော်လည်းကောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရှိတတ်ကြပါတယ်။ ကဗျာကိုအလေးအနက်ထား ကိုင်ဆွဲသူတစ်ယောက်အတွက်တော့ သူ့လောက အမြင်နဲ့ သူ့ကဗျာရဲ့ ဆက်သွယ်မှုကို ရှာဖွေဖော်ထုတ် တင်ပြကြတာတွေ ရှာဖွေဖတ်ရှုလို့ရပါတယ်။ ထို့အတူ မိမိကိုယ်မိမိ ကဗျာကိုအလေးအ နက်ထားသူအဖြစ်ခံယူရင် မိမိကိုယ်မိမိလည်း စူးစမ်းကြည့်တာ မမှားပါဘူး။ မိမိရေးတဲ့ ကဗျာနဲ့ မိမိထားရှိတဲ့ အမြင်တွေနဲ့ ဆက်စပ် စူးစမ်းလို့ရပါတယ်။ အဲဒီမှာ မိမိရဲ့မိမိကိုယ်တိုင် သိချင်မှသိမယ့် လောကအမြင်ကို သတိထားမိရင် ထားမိသွားပါလိမ့်မယ် ၊ လှုပ်ရင်လည်း လှုပ်သွားပါလိမ့်မယ်။ ရေးပြီးတဲ့ ကဗျာကို စုတ်တောင်ဖြဲလိုက်မိပါလိမ့်မယ် `သဟဇာတ´ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုလည်း အထိတ်တလန့် မြင်ကောင်းမြင်သွားပါလိမ့်မယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း ဆိုင်မယ်ထင်ပါတယ်။
ထင်ရှားတာကတော့ ကဗျာပေါ်မှာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်ဝါဒ ၊ ဘယ်ဂိုဏ်းကမှ လက်ဝါးကြီးအုပ်လို့မရတော့ခြင်းပါပဲ။ လူ့အဖွဲ့ အစည်းတစ်ခုတည်းမှာတင်ပဲ အစဉ်အလာ ဂန္တ၀င်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပို့စ်မော်ဒန်ကဗျာနဲ့ ကွန်တမ်ပိုရာရီကဗျာတို့အတူတကွ ယှဉ်တွဲ နေထိုင်နေကြတာလည်း တွေ့ရပေါ့။ ကွဲပြားခြားနားမှုဟာ ပြိုကွဲမှုမဟုတ် ၊ ရန်ဘက်မဟုတ် ၊ အန္တာရယ်မဟုတ်လို့ လက်ခံလိုက်ရင် ကဗျာ ရေးသူရဲ့ လောကအမြင်ဟာ နည်းနည်းတော့ ရွေ့သွားမလား။ အဲဒီအရွေ့ဟာ ကဗျာရေးမှုပေါ်မသက်ရောက်ဘူးလို့ ပြောနိုင်မလား။ မိမိရဲ့ကိုယ်ပိုင်တည်ဆောက်ယူထားတဲ့ ကဗျာဗေဒကော ဖြစ်မလာနိုင်ဘူးလို့ပြောနိုင်မလား။



ကျေးဇူးတင်ပါတယ်။


ဇေယျာလင်း
21 – Dec - 13


No comments:

Post a Comment