အမှတ်တရ ဂုဏ်ပြုကဗျာကဏ္ဍ၊ ကိုဖော်ဝေး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်

 

ပျောက်ဆုံးသွားသော မိန်းမများ

[၁]

နေခြည်နုလေးများထက်
အနှီးတထည် ဖျတ်ဖျတ်လွင့်နေတယ်။

လုံချည်ဂွင်းသိုင်း
ဆံရစ်ဝိုင်းနဲ့ကလေးငယ်
ဟိုး.... မြစ်ပြင်ကျယ်ဆီမှ
လှေတစင်း ထွက်လာလိမ့်မယ်။

အတ္တရံမြစ်ကမ်းပါး
အစွန်အဖျား ရွာလေးတရွာမှာ
ငါမွေးဖွားခဲ့ပါတယ်။


မုန်တိုင်းတခုရဲ့ ၀မ်းဗိုက်
ဘယ်ကလောက်ကျယ်လိုက်သလဲ
ဒေါနတောင်ကြီးကိုဖြို
ဧရာဝတီကိုသောက်
(အများထဲကတယောက်ပါ)
အဖမဲ့သားတယောက်ရဲ့ ကြမ္မာအစအန
တကိုယ်လုံးမှာရှခဲ့ပြီ။

၁၉၄၉ မှ
အရှိုးရာဗရပွနှင့်
ငါထလာခဲ့သည်။

ဆံညိုညိုတွင်
ပြာဖြူဖြူပေကပ်
သနပ်ခါးထူထူလိမ်း
မုန့်စိမ်းပေါင်း ပေါင်းသူ
မရွေးကွက်လုပ်သူ
သနပ်ဖက်ထိုးသူ
အို.... သူမ
တလောကလုံးရဲ့ အင်အားများ
စုပွါးထားသူ။

အကစားပဲ မက်နေတာပဲ
မုန့်တွေတော့ ကုန်အောင်မရောင်းဘူး
ကဲဟယ် ကဲဟယ်
အို.... မေမေရယ်
လက်ဝါးပြင်နှစ်ချက်နဲ့
မေတ္တာမျက်ရည် တပေါက်နှစ်ပေါက်
ကျွန်တော့နှလုံးသား အောက်ခြေမှာ
ခုထိ အနယ်မထိုင်သေးပါ။

ဗုံးခိုကျင်းထိပ်မှာလဲ
အိပ်မက်တခု တွဲလွဲချိတ်
ခုတိုင်မူးရိပ်မပြေနိုင်
"ဗုံးနီနီကြီးက လှလိုက်တာနော်"
"သြော်... သားရယ်"
အမောမျက်နှာ သောကမျက်နှာ
မေတ္တာမျက်နှာ ကဗျာမျက်နှာ
အသာယာဆုံးတေးဆိုသူ
လူအပီဆုံးမိန်းမ
အလှဆုံးမေမေ။

ကြုံလှီဖြူဖျော့သောနေ့ရက်များ
ထွားကြိုင်းခက်မာလှသော ဒုက္ခ
ဘ၀ရဲ့ ပျားရည်စက်
"သားအတွက်ပါကွယ်"
"မြို့တက်ကျောင်းနေရမယ်"
ကျိုးကျတော့မယ့်တာရိုးပေါက်
အမေတယောက်တည်း ပိတ်ဆို့တယ်။

သြော်.... အမေ
နွေလက်အ၀ါ
ကြွေရွက်အ၀ါ
ချူချာသောကမ္ဘာကြီးမှ
အပြီးအပိုင်ထွက်ခွါသွား
ညတညလုံး လေထန်တယ်။

ဤရာစုအထိ
ချို့ငဲ့ခြင်းအဆင်းနဲ့
ပြည့်စုံခြင်းအတက်မှာ
တယောက်စာလမ်းကျဉ်းလေး
လူ့သွေးများနဲ့ ခင်းထားရဲ့။

သူတို့ကို ဖြေရှင်းပေးခဲ့သော
ကံတရားသည်
သူတို့ကို ဖြေသိမ့်ပေးခဲ့သော
တမလွန်သည်
အရုဏ်နီတလင်းပြင်၌
အမှိုက်အဖြစ် ကျန်ရစ်မည်

"လူဆိုသည်ကား
........................
........................
........................။

တရားသည်
နွားစားသွားသည့်မြက်နှယ်
ခါးလယ်မှပြတ်ရရှာပြီ။

[၂]

တောသည်၎င်း
တောင်သည်၎င်း
မြစ်ချောင်းအင်းအိုင်များသည်၎င်း
မပေါင်းဆုံနိုင်သော မေတ္တာဘွဲ့
ဆိုခဲ့ကြရသည်။

မိန်းကလေးရယ်
စိမ်းလန်းတဲ့နှလုံးသား
ရိုးသားတဲ့ဆက်ဆံရေးတွေ
လမ်းဘေးမှာကြေမွကုန်ကြပြီ။

ဒေါင်းချီမောင်းချီ
ချွေးဝေ့သီမျက်နှာနဲ့
ခမျာရန်တွေ့နေရှာပါပကော။

ညှိုးနွမ်းသိမ်ငယ်ခြင်းရဲ့
နေရင်းနိုင်ငံမှာ
သူမ၀င်ရောက်လာသောနေ့
လေ့လာသူ သုတေသီများ
အပျော်ကူးစက်သွားတော့မည်။

စစ်တောင်းကမ်းပါးပေါ်က
ရထားလမ်းဘေးမြို့ငယ်ဟာ
ကမ္ဘာကြီးထဲမတော့
အမဲစက်ကလေးတစက်သာ
ငါ့နေရာကကြည့်တော့လဲ
အမဲစက်ကြီးတစက်သာ။

နံစော်သောနာရီများသည်
သူမ၏ရယ်မောဂီတ၌
ငေးစိုက်မင်သက်မိကြပြီ။

ဟင့်အင်း.... ချစ်သူ့လက်ဆောင်မှာ
မာနမထားရဘူးမောင်
ခဲတန်ဖောင်တိန်တချောင်းနဲ့
ငါ ၇ တန်း အောင်ခဲ့တယ်။

ဟိုမှာ ခေါင်းငိုက်စိုက်ကောင်လေး
သွေးအလိမ်းလိမ်းနဲ့
ဒိန်းဒလိန်းနတ် ဖမ်းစား
နှလုံးသားလက်မှာကိုင်
တိုင်တည်နေပါပေါ့။

တတိယအကြိမ်
ချစ်သူ့စေ့စပ်သတင်းများ
ဝါးဓနိသက်ကယ်အိမ်ငယ်ထဲ
ခြေလှမ်းကြဲကြဲလျှောက်လာတယ်။

လေးကျွန်းကန်တော်ကြီးမှာ
အပျော်လှေစီးရအောင်ကွယ်
သြော်..... ကလေးရယ်
မင်းသွေးအေးပါပေရဲ့
တတ်လဲတတ်နိုင်ပါပေရဲ့။

ရွံ့ဗွက်ထဲက ဖိနပ်လောက်တောင်
အရောင်မတောက်တဲ့ကောင်ကကွာ
အသပြာရယ်မောသံက
ငါ့နှလုံးသားနုနုထဲ
သလိပ်ချွဲခန်းများနဲ့ ထွေးလိုက်တယ်။

တွန်သံမှမကြားရဘဲ
ကြက်ဖိုကြက်မရယ်လို့
ငါခွဲခြားပြမိခဲ့လေသလား။

ချစ်သူရယ်
အ၀တ်တထည် ကိုယ်တခုနဲ့
ရေကြည်ရာမြက်နုရာမှာ
ကဗျာတပုဒ် ဖွဲ့စို့နော်။

သြော်... မန္တလာက
မန်းသီတာဥယျဉ်ပင်
မမြင်ချင်ရင်တုန်လှိုက်
ငိုရှိုက်နေပါပကော။

နေခြည်ပျောက်တကွက်နှင့်
နှင်းတောင်ထုအား
ပျော်ကျသွားရန်မစွမ်းချေ။

ခေါင်းလောင်းသံ
ကြေးစည်သံကြား
ဘာဝနာပွါး တရားမရနိုင်ပါ
ရာဇ၀င်စာရွက်လဲ
မျက်ရည်တွေထဲ နှစ်လိုက်တယ်။

ကမ္ဘာကြီးကို ကြိုးတိုက်ထဲအလုံပိတ်
အို.... အိပ်ပျော်နေသူတို့
ပန်းများမမွှေးကြတော့ပါ။

ဧ၀ရက်တောင်ထိပ်၌
တိမ်တိုက်များကင်းရှင်းလျှင်
နှင်းဖြူဖြူကိုမြင်ရအံ့။ ။

ဖော်ဝေး။
၂၅-၉-၇၄ မှ ၆-၁၀-၇၄
[ဖော်ဝေး ရဲ့ 'ဖော်ဝေးငှက်များ ပျံသန်းချိန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]

No comments:

Post a Comment