ချက်စ်လော မီလော့ရှ်ပြောတဲ့ ‘အမှန်တရားလိုက်စားခြင်း’ ခေါင်းစဉ်ဖြင့်

ပြဿနာက ဘ၀ကို ကဗျာလို့ထင်တာ ဖြစ်ကောင်းဖြစ်မယ်။
ကဗျာဟာ ပြဿနာပဲလေ။ ဘ၀ကတော့ အရှင်းကြီး၊ ဖောက်ထွင်းမြင်။
ဖောက်ထွင်းမြင်တာကိုက ပြဿနာရဲ့အစိတ်အပိုင်း။
နားကောင်းသူဟာ စကားတောင်းပေမယ့် စကားထဲမှာ နားစရာ
ပါမလာခဲ့ဘူး။ တောက်လျှောက်ပဲ။ ဘယ်မှာမှ ကွန်းခိုရာ ဘာသံမှ။
ခေတ်ကြီးဟာ ဟိုတုန်းကနဲ့ မတူတော့ဘူးတဲ့။ အဲဒါ ဘာနဲ့
တူသလဲမေးတော့ ပြဿနာ မရှာပါနဲ့တဲ့။ အဲဒါ ပြဿနာ။
ဘာသာစကားကတော့ လူတန်းစားတိုက်ပွဲနဲ့ မဆိုင်ခဲ့လို့လား။
အခု လက်ငင်းဖြစ်နေတာတွေကို နောက်ကျိအောင် မမွှေပါနဲ့။
ဖောက်ထွင်းမြင်နေရတာ ပြဿနာကိုယ်တိုင်ပဲ။ အဲဒါကို
ဘယ်လို ကဗျာလုပ်။ ဘယ်လိုလုပ် ကဗျာ…။
ကဗျာသမားတော်တော်များများဟာ ဘ၀နဲ့မရုန်းကန်ပဲ ကဗျာ
ရေးချင်နေကြတာ၊ ရေးနေကြတာ၊ ပြဿနာ၊ ဘ၀က စ
မိမိကို ဘာက ဘာနဲ့ ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘာ ဘယ်။
အဲဒါ သိစရာမလိုဘူး။ မိမိ ဘယ်သူဘယ်ဝါ ဘာတွေ့ကြုံခံစားပဲ။
ပြဿနာ။ မိမိကိုယ်မိမိပဲ ဖောက်ထွင်းမြင် အစစ်အမှန်၊ သစ္စာ။
စံနစ်ဟာ အမြစ်ထဲအထိ နစ်ဝင်နေပြီ။ မြစ်ဟာ နစ်နေပြီ။
နိုင်ငံရေး ဘေးအန္တရယ်ကြီး ကျရောက်ခဲ့တဲ့ သဘာဝ။
အဲဒါ ဘ၀လား၊ အရှင်းကြီး။ ဖောက်ထွင်းမြင်။ ဘာ ဘယ်။
အနှစ် ၃၀၊  အနှစ် ၆၀၊ တို့ပေါင်တဲ့ မြေ။ ဘယ်လိုလုပ် ကဗျာ…။
အင်အားကြီး အာဏာကြီး ပုရိသတစ်ယောက်ကို ဗဟိုပြု၍
တောက်လျှောက်ပဲ၊ နှစ် ၃၀၊ ၄၀၊ ၅၀။
ဖြစ်နိုင်ချေတွေကို ပျက်နိုင်ချေတွေက ဖျက်သွားတယ်။
ကဗျာဟာ ပုံသဏ္ဍာန်အမျိုးမျိုး ဆောင်လာတယ်။
ပုံသဏ္ဍာန်ဟာ ဘ၀ အမျိုးမျိုး ဆောင်လာတယ်။
ဘ၀ဟာ ကဗျာအမျိုးမျိုး ဆောင်လာတယ်။
စာသား အပိုင်းအစတွေ၊ အရေးအသား ရသတွေနဲ့
ဘ၀ကို ရက်ထည်လုပ်၊ အမှန်တရားဖော်ထုတ် ထင်ဟပ်။
သံခမောက်ဆောင်းထားရတဲ့ သိုးတွေရဲ့ သားရေ၊ သစ္စာတရား။
ပြုလုပ်ထားတာတွေပဲလေ၊ ယုံစရာမှ မရှိတာ။
ပြုလုပ်ထားတာတွေပဲလေ၊ ယုံစရာ ဆိုတာ။
ဘ၀ဆိုတာ၊ ကဗျာဆိုတာ၊ ခေတ်ကြီးဆိုတာ။
အဆိုပြိုင်ပွဲမှာ ဘယ်သူအသံ အကောင်းဆုံးလဲ
အရှင်းကြီး၊ ဖောက်ထွင်းမြင်၊ မြစ်ဟာ ရုန်းနေပြီ။

ဇေယျာလင်း
၁၅၊ မေ၊ ၂၀၁၁
(ကဗျာဆန်နေခြင်း ကဗျာစာအုပ်မှ ကူးယူဖော်ပြသည်)


No comments:

Post a Comment