သတိရခြင်းများမှ တစ်ဆင့်


သတိရခြင်းတွေဟာ
ငါသောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာရှိတယ်။

တစ်ခါ တစ်ခါ
ဘာလုပ်လုပ် အဆင်မပြေတတ်သူရဲ့စိတ်ညစ်မှုမျိုး
ငါ့ကိုမှ ညှိုးရက်တယ်။

မေ့မရဘူး ဆိုရင်လည်း
ငါပိုတယ်-မင်းထင်မယ်။

ငါ့ကို မယုံကြည်သူလေးရဲ့
အေးစက်စက် ကောင်းကင်ပေါ်က လ,နဲ့
ငါချစ်တဲ့ ည,တွေက
ငါ့ကို အိပ်မက် ပေးမတဲ့
သည်မျှနဲ့ ကျေနပ်ခဲ့ရသူပါ…..။

ထာဝရ….တဲ့
ငါချစ်တဲ့ နှင်းဆီ တစ်ပွင့်
ကြမ္မာဒဏ်သင့်၊ကြွေလွင့်ခဲ့ရချိန်မှာ
ဟိုး…တိမ်မွေ့ယာပေါ်က ငှက်
နာကျင်ခံခက်၊သွေးပျက်သောဂီတ
အတောင်ပံ၊မာနနဲ့ နှလုံးသား
ကြေမွပျက်စီးခဲ့ရချိန်မှာ
ထာဝရကို ငါမုန်းတယ်….။

တံခါးခေါက်သံ ထင်ရဲ့
ဝင်ခဲ့ကြဟေ့….
ငါ့ရှေ့က နေ့ညတွေအတွက်
မသိတတ်တဲ့ မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရဲတဲ့ မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက် ၀င်ခဲ့ကြ
ကြည့်ကြ
ဘ၀ရဲ့ အဆိပ်သစ်သီး
ငါ ကိုက်မြည်းလိုက်စမ်းမယ်…..။

မသေချာခြင်းတွေသာ
ငါ့ဘက်မှာ ရှိနေပေါ့။

ရိုးသားမှု တစ်ခုနဲ့
မင်းကို ငါ ချစ်ခဲ့
ဘ၀ကို ငါ မြတ်နိုးခဲ့
ဟိုး….အနန္တကောင်းကင်မှာ
အစက်အပျောက် တစ်ခုက အရာမထင်သလိုမျိုး
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကို ငါ ဖြတ်ကူးမယ်
အားလုံးကို စွန့်လွတ်ရရင်တောင်မှ
သတိရခြင်းကို ငါ ပိုင်တယ်
ယုံကွယ်……။         ။
                                    
ဒတ္ထ 

(စပယ်ဖြူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၇)



No comments:

Post a Comment