ကဗျာရေးသူအကြိုက်ကဏ္ဍ၊ ညီဇံလှ
 ကျွန်တော် အခုအချိန်အထိ..ကိုယ့်ကိုယ်ကို ဘယ်အမျိုးအစား ကဗျာသမား
တစ်ယောက်ရယ်လို့ မခံယူထားမိသေးပါဘူး။ ပြီးတော့ အခုအချိန်ထိ
ကျွန်တော် စွန့် ပယ်ထားလိုက်တဲ့ ကဗျာအမျိုးအစားရယ်လို့ လဲ မရှိသေးပါဘူး။
ကဗျာတစ်ပုဒ် ကို စတင်လိုက်ပြီး အဆုံးသတ်သွားတာနဲ့  အဲဒီကဗျာဟာ သက်ဆိုင်ရာ
ကဗျာအမျိုးအစား တစ်ခုခုအောက်ကို အလိုလို တိုးဝင်သွားမယ်ဆိုတာကိုတော့
ကျွန်တော်မငြင်းဆန်နိုင်ပါဘူး။
ချစ်ခင်လေးစားလျက်
ညီဇံလှ
-----------
ဘယ်မှ မဟုတ်ဘူး
နှစ်ခန်းကွဲသွားတယ်
ပထမ ပိုင်းက မြင်း မပါဘူး။ ဒုတိယ ပိုင်းက
ဘူး မလုံတော့ လေမလုံဘူး
တစ်တိုင်းကို တစ်ပြည်နှုန်းနဲ့ နေတယ်
လက်ထဲက ကျောက်ခဲလေးနဲ့  ရေပြင်
ကို ကောက်ပေါက်လိုက်ရာက မျက်တွင်းထောင့်လေး
ဝိုင်းသွားတာ ကောင်မလေးက ဒီအရပ်က
မဟုတ်ဘူး သူ့ ကို စုစု ခေါ်မလား
သူ့ ရှေ့ က မြင်းကြီး ကျောက်ရုပ်ဖြစ်နေတာကြာပြီ ဒါဆို သူ
စုစု ပေါ့ စုစုပေါင်းရလဒ် အနေနဲ့ မြင်းကြီး အသက်ရှူပြတယ်
ကွန်ကရစ်လောင်းထားတဲ့ ရေပြင်ကျယ်ကြီး တွေ့ ရမယ်  နေရာကစပြီး
ထားရာနေ စေရာသွား ပန်းခြံက မြို့ ကို တစ်ပတ်ပတ်
ချိုင့်ထဲ ခြေထောက်ကျွံတဲ့ ကားတစ်စီး ကျွီကနဲ သေချာတယ်
သူ စုစု မဟုတ်ဘူး သူ့ ဦးခေါင်းမှာ လူခေါ်ဘဲလ်တပ်မထားဘူး အနောက်
အရပ်က နေ၀င်လို့ မရဘူး ကိုင်ထားတဲ့လက်က ဘာမှ မမိတာမြင်တော့
ဒီမြင်းနဲ့ ဘယ်ကများ ရောက်လာပါလိမ့်
မည်းညစ်ညစ် အရေပြားကို ရေထမ်းသလိုရောင်းနေတယ်
ထီသည်တစ်ယောက်က သူ့ ကိုယ်သူ မပိုင်တော့သလို ဘုရားရှေ့ က
ဘီလူးက ပြုံးပြလိုက်လေသလား မျက်နှာဖုံးမှာ အစွယ်တွေကျွတ်လို့ 
နှစ်ခန်း ကွဲတယ်
တတိယပိုင်းက မြင်းမလိုတော့။ စတုတ္ထပိုင်းက
မြင်းအစား code တစ်ခု။ code ကမြင်း၊ ကုပ်ကမြင်း
လည်ပင်းမှာ နံပါတ်ပြားတွေ ဆွဲထားတယ် အပြောက ခင်ဗျားက
လ ငပုပ်ကြီး ဘယ်သူဂိုးသွင်းလိုက်လဲ တစ်နေ့ထက် တစ်နေ့ မြင်းဟည်
တာ ဆိုရင် မြင်းရယ်တာကျတော့ရော
စက္ကူတစ်ရွက်ပေါ်မှာ ပေါ့ပေါ့ လေးလေး လေး
တစ်ပြီး နှစ်ပြောတယ် တစ်ကို မေးရင် မသိဘူး
နှစ်ပြီးသုံးပြောတယ် နှစ်ကို မေးရင် မသိဘူး.
ဆီပူကို ထည့်ပစ်လိုက်ပြီ မျက်စိတွေ ဖိနောင့်ပါးလို့ 
ဘယ်အရာမှ ကျွီကနဲ မရတော့ဘူး စုစုမဟုတ်လား
အောက်ဖက်မျက်လုံး အပေါ်က စပ်တယ်
နှုတ်ခမ်းကွဲသွားရုံလေးပဲဆိုတော့ စုစုဖြစ်မယ်ထင်ပါရဲ 
--------------
တာဝေးသံ
ကိုယ့်ကိုယ်ကို ရုံပြည့်မယ့် ပြဇာတ်နဲ့ 
ဘယ်သူမှ မရှိတဲ့ ညဟာ  အမဲလိုက်နေတယ်။
အနီးအဝေးသီချင်းက လက်တစ်ကမ်းမှာတင် မှုန်လို့ 
လူတစ်ယောက်ထွက်သွားတာနဲ့ လူတွေအကုန်ပျောက်သွားရင် ဆန်းမယ်။
လူရယ်လို့ ဖြစ်လာရင် လူတွေရယ်ကြတာပေါ့
ဖျားနာခြင်းရဲ့ ကျောပြင်မှာ သွေးဥနီနီလေးတွေ စီးထားတယ်
ရထားဟာ ဥသြနဲ့ ကိုယ့်ကို လူမှားပြီး ဆွဲသွားတယ်
ကိုယ်တို့ ကို မောင်းသွားမယ့် အဝေးပြေးဟာ ကြီးကောင်ကြီးမားပဲ။
မင်းထင်တဲ့အတိုင်း စက္ကူလေယာဉ်ပါ နားရွက်ရေ
ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်တော့လည်း ရေဆာတယ်
လိုအပ်ရင် ဆောင်ထားတဲ့ အစာကြေဆေးက သံသတ္တုစစ်စစ်၊
ပင်လယ်ကို သယ်သွားတဲ့ သင်္ဘောကို မြင်ရလား။
ကိုယ်တို့ ခိုဖူးတဲ့ သစ်ပင်ကြီးချွေးပြန်တဲ့နေ့ က ဘာအရောင်လဲ
ဓူဝံကြယ်ကို ကိုယ့်မျက်လုံးနဲ့ အစားထိုးခဲ့တာ မင်္ဂလာပါ။
ပျောက်နေတဲ့စိမ်းလန်းခြင်းတွေအစား လိုရမယ်ရ အသံပျောက် ဂါထာ
စံပယ်ရဲ့ ရနံ့ တွေ သူ့ အကိုင်းထဲမှာပဲ နေပါစေ
ဖိနပ်တစ်ဖက်ပြတ်သွားတိုင်း မနက်ခင်းတစ်ဖက် ပြန်မရတာ ဆန်းတယ်။
-----------
မိုးရေဆိုင်(၁)
အရိပ်ကြီးချွတ်ချလိုက်တဲ့ ခန္ဓာကိုယ်က နေရာင်ခြည်ကို စိန်ခေါ်သလို
သုံးလေးရက် ၀တ်ပြီးသား ‘စိတ် က (ခင်ဗျားက) တစ်တောလုံး နံတယ်။
အပြင်မှာ အပြင်တွေ ရေဆာနေတာ အမွှေးနုနုတွေ ကုန်ပေါ့
ဒါကို ဖုန်ထူတဲ့ ကိုယ့်လမ်းလေးလည်း ယုံတယ်။
အပေါက်ရှိလဲ ပြည့်နေတဲ့ ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ်
ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ
နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက်
လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။
ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို
ကျွန်တော့်ကို ခံပြင်းပါ။
နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ်
အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
ညီဇံလှ
အိမ်စောင့်
ညက သေမင်းက တံခါးလာခေါက်တယ်
သူမှန်းသိလို့ တံခါးဖွင့်ပေးလိုက်တော့ သူ တင်မဟုတ်
တစ်အုပ်လုံးခေါ်လာတယ် တစ်အုပ်လဲပါလာတယ်
အသစ်လေးတွေလေ တဲ့
အသစ်တွေ ဟာ အတွေ့တွေသစ်လို့ ဟောင်းဖို့ကိုမေ့နေကြပုံ
ရေခဲသေတ္တာကို ဖွင့်လိုက်တယ်( ရေခဲပဲ ရှိတဲ့ )
ဘာရှိရဦးမှာလဲ သူ့ပုံစံက မပျော်တာကလွဲရင် ရေခဲ ဆန်ဆန်ပါပဲ
သူက အချက်ပြလိုက်တော့ တစ်အုပ်လုံးဟာ သူ့ထက်သူ ကိုယ့်ထက်ကိုယ် ကုန်ကြတယ်
သူ ပြုံးရင်းကြည့်နေတယ် မကြာပါဘူး အကုန် ကုန်သွားတယ်
ငါမှာထားတဲ့ charm တွေ ရပြီလား ထုံးစံသံနဲ့
ရှာထားသလောက် ပေးဖြစ်လိုက်တယ် ရှိတာအကုန် တော့ ဟုတ်လို့မရ
ဒါကိုလဲ သူသိပါတယ်
အကန့် နဲ့ အသတ် ရှိမှ စည်းသေ ကမ်းသေ ရှိမှာ
ယူစရာ ရှိတာကိုယူပြီး ပြန်ဖို့ ပြင်ဆင်တယ် သူ
တစ်ခုခု ပြောဖို့ ဟန်ပြင်တယ် ပြီး သူပြန်မြိုချလိုက်တယ်
သိပါတယ်
သူ့ အလှည့်ကို မေးဦးမလို့ပဲနေမှာ
ဒီကောင် တံခါးကို ပြန် ပိတ်မသွားဘူး
သူပါလာတဲ့ တစ်အုပ်ဟာ ပွင့် လို့
သကောင့်သား
(FB စာမျက်နှာမှ ကူးယူဖော်ပြသည်)
မြို့အောက်ကကြယ်
အဖုံး ဖုံးထားတယ် ရွှဲရွှဲ စိုအောင်
       - မီးပျက်လို့
ကိုယ် ထင် မပြပဲ
အလေးချိန်မဲ့စွာ အိပ်စက်
အသစ်နဲ့ စွေသူ တချို့သာ။   ။
မောင်သိန်းဇော်
(၁၉၉၃)
Recovery
Let me imagine you coming home
from the dark, between body and mind,
making evidence of yourself
the way a tree waves up from its shadow.
There are dinner-halls you have silenced
with a single spark of wit,
there are men you have governed
through pure scent, pure posture.
Now for your most difficult trick:
to restart a life that ends by turning into gold.
In September (the month that tends to all others)
let me be able to conjure your best side,
to have some kind of grip on the intactness
of living, the way mirrors do.
James Byrnes
2007
နာလန်ထ လာခြင်း
ကိုယ်နဲ့စိတ်ကြား မြင်ယောင်ကြည့်ချင်ရဲ့
အမှောင်ထဲကနေ မင်း အိမ်ပြန်လာပုံကို
သစ်ပင်တစ်ပင် ရိပ်မှောင်ထဲကနေ ဝှေ့ယမ်းထင်ရှားလာသလို
မင်းရဲ့ ရုပ်သဏ္ဍာန် ထင်ရှားပေါ်လာပုံကို
မာယာလေးတစ်ချက် ဖျတ်ကနဲ အလက်နဲ့
မင်း တိတ်ဆိတ်သွားစေလိုက်တဲ့ ညစာစားပွဲ ခန်းမတွေရှိတယ်
ပင်ကိုယ်ရနံ့ ပင်ကိုယ် ကိုယ်နေကိုယ်ထားနဲ့
မင်းလွှမ်းမိုး ထိမ်းချုပ်ထားနိုင်တဲ့ ယောက်ျားသားတွေ ရှိတယ်
လာပြီ။  မင်းရဲ့ အနက်နဲဆုံး လှည့်ကွက်ကတော့
ဆုံးပါးတော့မယ့်ဘ၀ကို ပြန်စပြီး ရွှေသားရွှေစင် အသွင်ပြောင်းဖို့
စက်တင်ဘာမှာ (အဲဒီလ က တစ်ခြားလတွေ အကုန်လုံးကို ပြုစုရတဲ့ လ)
မင်း နံဘေး အကောင်းဆုံးနေရာမှာ ရှိနေပိုင်ခွင့် ငါ တောင်းဆိုပါရစေ
ဘ၀နေထိုင်မှု အသစ်စက်စက်လေးကို မိတဲ့နေရာကို ဆုပ်ကိုင်နိုင်ဖို့
ကြည့်မှန်များ လိုလေ ။      .။
ဂျိမ်း(စ်) ဘန်း
(သွေး/သကြား ကဗျာစာအုပ်မှ)
မောင်ပြည့်မင်း ဘာသာပြန်
ဒေလီယာပန်းတွေပွင့်ပြီ
အချစ်ရေ
မေတ္တာတရားကိုဖွင့်ဆိုဖို့ 
မိုးနဲ့ မြေလွှာကြားမှာ
ဒေလီယာပန်းတွေပွင့်ပြီ ။
မိုးနဲ့ မြေကိုမျှော်ကြည့်ရင်း
အသည်းကွဲသီချင်းကိုဆိုဖြစ်တယ် ။
တိုက်ပွဲထဲစစ်သားတွေ
တစ်ယောက်ကိုတစ်ယောက်ချစ်တာထက်
ငါတို့ ပိုချစ်ကြရအောင် ။
ကိုယ်နံ့ ကလေးကအစ
ရသမြောက်ရမယ်
အထိအတွေ့ တွေမငြီးငွေ့စေရဘူး
ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ်
ငါတို့ နေ့ စဉ်နမ်းရှိုက်ကြမယ်ကွယ် ။
ညပေါင်းများစွာ
ငါ့အသည်းနှလုံးဟာရေငတ်ခဲ့ပါတယ်
စမ်းရေလေးတစ်ပေါက်အတွက်
ရတက်မအေးခဲ့သူပါ
ပန်းခြောက်ကလေးတွေကောက်ခဲ့သလို
ငါ့ဘ၀ကိုကောက်ခဲ့ရ
ရေစိုထင်းကလေးတွေနဲ့ မီးမွေးသလို
ငါ့အသက်ကိုမွေးခဲ့ရ
ဒါပေမဲ့ပေါ့အချစ်ရယ်
မင်းကောာက်နှံတွေကိုတော့
ဘယ်ကျေးငှက်တိရစ္ဆန်ကမှ  မထိုးဆိတ်စေရဘူး ။
မင်းအသွေးအသားတွေကိုလည်း
ဘယ်သားရဲသတ္တ၀ါမှ  မကိုက်ခဲစေရဘူး ။
မင်းရေချိုးပြီးတိုင်း  ရင်လျားဖို့ 
ငါ့အရေပြားကို ဆေးကြောထားပါရဲ့ ။
ဒါဟာ နည်းပညာခေတ်ကြီးတဲ့လား
ဒါဟာ  နည်းပညာခေတ်ကြီးပဲဖြစ်မှာပါ
AK-47  သေနတ်သံဟာ
ဝါရှင်တန်ကို တုန်ခါစေခဲ့တယ်
မီးသတ်သမားတွေက
ကမ္ဘာကြီးထဲအလုပ်များနေကြတယ်
အနံ့ ခံခွေးတွေက
ပါလက်စတိုင်းဟာ
အခုထိနာလန်မထူသေးဘူး
အာဖရိကအတွက်
ကွန်ဒုံး ၁၀  သန်း လှူဒါန်းပြီးပါပြီ
ကမ္ဘာကြီးအတွက်
ကွန်ဒုံး သန်းတစ်ထောင်  ထပ်မံထုတ်လုပ်ရဦးမယ် ။
ဒီ ဗရုတ်ဗရက် ကမ္ဘာကြီးမှာပဲ
မဆုံနိုင်တဲ့လမ်းတွေက
မင်းကိုသယ်ဆောင်သွားတဲ့အခါ
ပင်လယ်ကိုအော်ဆဲပြီး
ကောင်းကင်ကို ဓားနဲ့ ပေါက်မိတယ်
ပင်လယ်ကသွေးပျက်လို့ 
ကောင်းကင်ကသွေးထွက်လို့  ။
သားသတ်ရုံထဲက
ငါ့ရင်ဟာ လှိုင်းထန်ခဲ့ရပြီ ။
မင်းမပါဘဲ  မမွေ့လျော်ချင်တော့ဘူး ။
ဘာလို့ များ
မင်းပွင့်ဖတ်တွေဟာ
ငါ့ ပွတ်သပ်မှုနဲ့  ဝေးခဲ့ရပါလိမ့် ။
ဘာလို့ များ
ငါ့ဝတ်ဆံတွေဟာ
မင်းစွတ်စိုမှုနဲ့  လွဲခဲ့ရပါလိမ့် ။
ဘာလို့ များ
ငါ့  ညည တွေဟာ
အမှောင်ထဲ  အလံတစ်ဝက်လွှင့်ထူထားပါလိမ့် ။
မင်းကပဲမှားသလား
ငါကပဲမှားသလား
ငါတို့ ခံယူကျင့်သုံး ဆောက်တည်ပုံတွေကပဲ  မှားသလား ။
အိပ်မက်ကို
လက်နဲ့ လိုက်စမ်းနေမိတဲ့ငါဟာ
ရေကူးဘောင်းဘီတစ်ထည်တည်းနဲ့ 
ရေခဲမြစ်ကို  ဆန်တက်ခဲ့သူပါ
ရေခဲပျော်ချိန်ကို မမြင်နိုင်သေးဘူး ။
မင်းရဲ့ ငါးရံ့ကိုယ်လုံးကလေးကို
ဆုံးရှုံးပြီးကတည်းက
ငါ့ စတြော်ဘယ်ရီရောင်နှလုံးသားဟာ
အိမ်ခြေယာမဲ့
ဆောက်တည်ရာ မရခဲ့တာပေါ့ ။
သောကတွေကြောင့်
ယောဂလည်း ငါ မကျင့်နိုင်ခဲ့ပါ ။
ဘယ် အအေးဆိုင်ပဲဝင်ဝင်
ဘယ် ကဖေးဆိုင်ပဲသွားသွား
ငါ့အတွက်တော့  အလကားပဲလေ
မင်းကလွင့်ထွက်သွားပြီကိုး ။
အချစ်ရေ
ထက်ခြမ်းခွဲထားတဲ့
ပန်းသီးတစ်လုံးထဲမှာ
ငါတို့  အနမ်းတွေ ရှိလိမ့်မယ် ။
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
သွယ်တန်းထားတဲ့ တံတားအောက်မှာ
ငါတို့ ဘ၀တွေ ရှိလိမ့်မယ် ။
ငန်းရိုင်းတွေ အုပ်ဖွဲ့ ပျံနေတဲ့
အနောက်ဘက်မိုးကုပ်စက်ဝိုင်းမှာ
ငါတို့ အရိပ်တွေရှိလိမ့်မယ် ။
ကံကြမ္မာက
သံခွာနဲ့ကြိတ်နင်းသွားတဲ့
ပျော်စရာ ၀ိုင်ပုလင်းခွံထဲမှာ
ငါတို့ ရင်ခုန်သံတွေ ရှိလိမ့်မယ် ။
လင်းနို့ ဂူထဲက
ဟနေတဲ့ အက်ကွဲကြောင်းထဲမှာ
ငါတို့ မျိုးပွားကိရိယာတွေ ရှိလိမ့်မယ် ။
မြေပြင်ပေါ် မဆင်းသက်ခင်
ပေါက်ကွဲသွားတဲ့ လွန်းပျံယာဉ်တစ်စင်းလို
ငါတို့ ပုံပြင်တွေ ပျက်စီးခဲ့ရပြီ  ။
စွယ်တော်ရိပ်က
တယောသံကလေးလည်း ဒဏ်ရာရ
ဗံဒါရိပ်က
ဘာဂျာသံကလေးလည်း  ကြေမွခဲ့
နွေရေကန်နံဘေးက
ရွှေပလွေသံကလေးလည်း  မီးလောင်ခဲ့ပါပြီ ။
တော်လဲသလို
ပြိုသံတွေနဲ့ 
ငါတို့ ဧဒင်ဥယျာဉ်ဟာ
နဂါးစာဖြစ်ခဲ့ပြီ ။
ခြေကုန်လက်ပန်းကျနေတဲ့
ငါ့အလွမ်း ဝေဒနာတွေသာ
မင်းရှိရာ စီးဆင်းခဲ့ပါတယ် ။
ပိုးသားစကလေးလို နူးညံ့တဲ့
ငါ့အချစ်ကလေးရေ
ဖရောင်းတိုင်မီးတောက်ကလေးလို
ကောက်ကြောင်းတွေ အလွန်ပြေပြစ်တဲ့
ငါ့အချစ်ကလေးရေ
တို့ ဘ၀ကလေးက  တိုလွန်းတော့
တို့  စပျစ်သီးကလေးကချိုလွန်းတော့
ဒီဘ၀ကလေး  အငွေ့ ပျံမသွားခင်
ဒီ စပျစ်သီးကလေးကိုပဲ မက်မောရ
ငြိခဲ့တဲ့ အထိအတွေ့ကို
နောင်ဆယ်ဘ၀အထိ  မငြီးငွေ့မယ့်သူပါ ။
ဒီသံသရာ ဂယက်ဝဲက
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ
ကြုံရာ တက္ကစီ ငှားစီးပြီး
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ
မာနတွေ အကုန်ချွတ်ချပြီး
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ ။
မင်း တွန်းဖွင့်ဖို့ 
ငါ့ရင်ခွင်ကို စေ့ထားရင်း
မင်း ရိတ်သိမ်းဖို့ 
ငါ့ မျိုးစေ့ကို ပျိုးထားရင်း
မင်း လူးလှိမ့်ရာ ဌာနေက
ငါ့ဆီ  ခုန်ပေါက်ပြေးဝင်လာခဲ့ပါ ။
ငရဲနဲ့နိဗ္ဗာန်ကြားမှာ
ဒေလီယာပန်းတွေ ပွင့်ပြီ။   ။
မိုဃ်းဇော်
ဟန်သစ်၊နိုဝင်ဘာ၊၂၀၀၃ ။
ကြေးစား၊ ကဗျာစာအုပ်၊ ၂၀၀၉။
အယ်ဒီတာအကြိုက်ကဗျာကဏ္ဍ၊ ချိုပိန်းနောင်
စစ်ဖြစ်တဲ့ည ကတည်းက ပုန်းနေခဲ့တယ်
ဒီမယ်
ဟိုဘက်ခန်းက အသံတွေကို တဆိတ် တိုးပေးစမ်းပါ ။
ဒေါက်ဖိနပ်သံတွေ တဂျိဂျိတွေ
ဖုန်း Ring Tone တွေ တဂျိဂျိတွေ
ကြက်သီးထသံတွေ
သွားကြိတ်သံတွေ ၊ အံကြိတ်သံတွေ
တဂျိဂျိတွေ ။
ဒီမယ်
အရှေ့က အခန်းကို အသံတဆိတ် တိုးပေးစမ်းပါ ။
ဇွန်း ခက်ရင်းသံပွတ်တိုက်သံတွေ
အ၀တ်စ ချင်း ပွတ်တိုက်သံတွေ
စာအုပ်နဲ့ ခဲတံ ပွတ်တိုက်သံတွေ
တဗျင်းဗျင်းတွေ ။
အသက်ရှူသံတွေ တရှဲရှဲတွေ
အခြောက် ခံ စက်တွေ တ၀ုန်းဝုန်းတောက်လောင်သံတွေ
ညာဘက်ခန်းမှာရော ။
ဒီမယ်
တဆိတ်လောက် တိုးပေးစမ်းပါ ။
အိမ်ပြာတော်ထဲက ခိုသံ တဟင့်ဟင့်တွေ
ဘာမှမလုပ်တဲ့
နိုဗယ်ဆုနဲ့ အချပ်ပို ငြိမ်းချမ်းရေး
တေးသံတွေ တိုးပေးပါ ။ ရပ်ပေးစမ်းပါ ။
ဆဲဆိုသံ ၊ မတရားသဖြင့် ပြုကျင့်သံ ၊ လိင်ဆက်ဆံသံ ၊ ကလေးငိုသံတွေ
ကျေးဇူးပြုပြီး တိုးပေး ရပ်ပေးကြစမ်းပါ ။
ပုတက် ပုတက် နပိုလီယံ တပ်ဦးက ကုန်းအော်သံတွေ
ကျေးဇူးပြုပြီး တိုးပေး ရပ်ပေးကြစမ်းပါ ။
သာမိုစတက် ငရဲခန်းတွေမှာ လူစင်စစ်က ၀ဲတွေထုလာ ။ နူလာ ။ ဒူလာ ။ အကုန်လာ ။
စိတ်ဓါတ်တွေ ရွဲလာ ။ ကွဲလာ ။ ဖာဖြစ်လာ ။
ခေတ္တ (မဟုတ်)
ကျေးဇူးပြုပြီး တိုးပါ ။ ရပ်ပါ ။
မျှော်စင်ပေါ်က ရောမ အရေးအခင်းတွေ ၊ ဇာအရေးအခင်းတွေ ၊
ဘိုးဟီးမီးယားတွေ ၊ ခရူးဆိတ်တွေ ၊ တောင်နဲ့မြောက် ခွဲခြားခြင်းတွေ ၊
ငလျင်နဲ့ ဆူနာမီ ၊ နာဂစ်နဲ့ ပြန်လည်တည်ဆောက်ရေး .. ငတ်မွတ်ခြင်းတွေ ၊
ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထ .. စသဖြင့် ကမ္ဘာ့စစ်တွေ ..
ကျေးဇူးပြုပြီး အားလုံး တိုးလိုက် ရပ်လိုက်ကြစမ်းပါ ။
တယ်လီဗွီးရှင်းထဲကနေ လှမ်းလှမ်းမြင်နေရတာ စိတ်မချမ်းသာ ။        ။
ချိုပိန်းနောင်
(December 8th , 2012)
(from Cho Pain Naung's FB )
အမှတ်တရ ကဗျာ ကဏ္ဍ၊ မောင်ဒီ
ဒီကနေ့ ဗမာကဗျာရဲ့အရွေ့ဟာ သိသာထင်ရှားစ ပြုနေပြီလို့ ပြောရမှာဖြစ်ပါတယ်။
ထွေပြားလှတဲ့ ရေးဟန်တွေ ဆန်းသစ်တဲ့ တင်ပြပုံတွေကြားထဲမှာ  ရိုးစင်းတဲ့ အဖွဲ့အနွဲ့နဲ့
ကဗျာဓါတ်ပါးပါးလေး အသုံးပြုပြီး အထပ်ထပ်ဖတ်လေအရသာရှိလေ ကဗျာမျိုး ရေးဖွဲ့တတ်
တဲ့ မော်ဒန်ခေတ်ဦးကဗျာဆရာ တစ်ယောက်ဖြစ်တဲ့ပန်းချီမောင်ဒီရဲ့ကဗျာတစ်ပုဒ်ကို ဖော်ပြ
လိုက်ပါတယ်။ ၁၉၇၀ များကာလတွေကတည်းက ကဗျာတွေ မဂ္ဂဇင်းအချို့မှာ ဖြတ်သန်းခဲ့ဖူး
ပေမယ့် ပန်းချီနဲ့သာ လူပိုသိတဲ့ ပန်းချီမောင်ဒီရဲ့ အရည်အတွက်နည်းပါးလှတဲ့ ကဗျာတွေထဲ
ကတပုဒ် ဖြစ်ပါတယ်။ ပုံနှိပ်ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းအမည်ကို မဖော်ပြနိုင်တာကတော့ ဘီပီအက်ဖ်
ရဲ့အားနည်းချက်ပဲ ဖြစ်ပါတယ်။
Burmesepoetryfoundation အယ်ဒီတာအဖွဲ့
ငါ့ဘ၀ရဲ့အရသာ
ငါ ငယ်ငယ်က
ည ဘက်မှာ
လက်ဝါးတံဆိပ်
အင်္ဂလိပ်လက်ကျန်
လက်ဆွဲမှန်အိမ်နဲ့
စာကြည့်ခဲ့ရတာ။
နေ့စဉ်ပါပဲ
မည်းချိပ်နေတဲ့
မီးအိမ်မှန်ပြောင်းမှ
မှိုင်းအထပ်ထပ်ကို
ဆပ်ပြာနဲ့ ဆေးကြောခဲ့ရတာ။
နေရောင်ခြည်မှာ
ကြည်လင်နေတာ
ငါ့ဘ၀ရဲ့ အရသာ။   
မောင်ဒီ