အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ၊ မျိုးတေဇာမောင်


ပျော်ရွှင်ဖွယ် ကဗျာတစ်ပုဒ်


ခြေထောက်တစ်ဖက် ပြတ်နေတဲ့ ကမ္ဘာကြီး
လက်တစ်ဖက် ပြတ်နေတဲ့ ကမ္ဘာကြီး
ဟောဒီ အင်္ဂါမစုံတော့တဲ့ ကမ္ဘာကြီးမှာ
ငါတို့ ပျော်ရွှင်ကြ။

ဂျပန်ခေတ် အေးကျင်းထဲမှသည်
ဖားကန့်ဘက်က အမြောက်သံတွေအထိ
ငါတို့ ပျော်ရွှင်ကြ။

ငါတို့ အလယ်ရိုးမသစ်တောကြီးတွေ နေရာမှာ
ဟိုတယ်တွေနဲ့ စူပါမားကက်တွေ
အဲ့ဒီမှာလည်း ငါတို့ ပျော်ရွှင်ကြ။

လယ်မရှိတော့တဲ့ ငါတို့ လယ်သမားတွေ
ပျော်ပျော်ရွှင်ရွှင် ဆိုင်ကယ်ကယ်ရီ ဆွဲကြ။

ဟော့ဒီမှာ စစ်ပွဲရောင်းရန် ရှိသည်
ဟော့ဒီမှာ သစ်တောရောင်းရန်ရှိသည်
ဟော့ဒီမှာ မြစ်တစ်စင်း ရောင်းရန်ရှိသည်
ဟော့ဒီမှာ တောင်တန်းတစ်သွယ် ရောင်းရန်ရှိသည်
အရောင်းအဝယ်သမား ငါတို့ ဗမာတွေ ပျော်ပျော်ရွှင်ရွှင် ရောင်းကြ။

ဖျားနာနေတဲ့ ကမ္ဘာ
ဖျားနာနေတဲ့ ဗမာ၊ အဲ့သလို ...။
ငါတို့ ပျော်ရွှင်ကြ။

မျိုးတေဇာမောင်
စက်တင်ဘာ ၂၀၁၂

(Face Book စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်)

အားပေးကြဦးမလား ဟောဒီ့က ခြံထွက်အရေးအသား



မြေကြီးပေါ်က မြက်ကို ရှပ်ပေါက်လိုက်တော့
မြေကြီးထဲပြန်ဝင်သွားတဲ့ တီကောင်တစ်ပိုင်းကို
ရိပ်ခနဲတွေ့လိုက်ရတယ်။ ကျန်တဲ့တစ်ပိုင်းက ပေါက်တူးဖျားမှာ
တွန့်လိမ်ခွေခေါက် ကပ်ပါလာတယ်။ အမွှေးပွခူယားတွေကလည်း
သရက်ပင်တွေနားမှာ ဟိုတစ်ကောင် သည်တစ်ကောင်
မနင်းမိအောင် အမြန်ရှောင်ရတယ်။
ငှက်ပျောပင်စည်တစ်လျှောက် တလှုပ်လှုပ် တရွေ့ရွေ့ခရုတွေ
လှုပ်ခါချလိုက်တော့ လိပ်တစ်ကောင်လို အခွံထဲ ပြန်ဝင်သွားတယ်။ ရရိုးလား။
ဒီလောက်လေးနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လှည့်စားနိုင်တာ သေချာရဲ့လား။
မထူးတဲ့အဆုံး တူးကော်လွင့်ပစ်ခံလိုက်ရတယ်။ သူ့ခြေထောက်ကို
ဘယ်အချိန်ကတည်းက အင်ဗိုက်လှမ်းလုပ်ပြီး သူကလည်း
ဘယ်အချိန်ကတည်းက လက်ခံလိုက်သလဲမသိဘူး။ 
သွေးစုတ်နေတဲ့ ကျွတ်။ သူစုတ်တစ်ချက်သပ်လိုက်တယ်။
သူစုတ်သပ်လို့ မြည်တဲ့ ကျွတ်ရော၊ သူ့သွေးလာစုတ်တဲ့ ကျွတ်ရော၊
နှစ်ကျွတ်စလုံးကို ဆားနဲ့ပုံသတ်လိုက်တယ်။ ပျော့ခွေနေတဲ့ ကျွတ်တွေကို
ကုက္ကိုပင်အကိုင်းမှာ နောင်တစ်ချိန် အသုံးလိုငြား သွားစွပ်ထားလိုက်တယ်။
ဆားပုံဟာ အပုံပျက်ကျန်ခဲ့တယ်။ အပုံမပျက်သေးတဲ့ သစ်ပုံဖက်မလှည့်ခင်
ပူစီကလေး အရင်သွားပြေးခေါ်ရတယ်။ နောက်ကြောင်းပြန်ပြကွက်မှာ
တလောတုန်းက သစ်ပုံအောက်ပြေးဝင်သွားတဲ့ ပါးပျဉ်းထောင်ကောင်။
သူ့အထင်လွဲသွားတယ်။ ကင်းလိပ်ချောလေးတွေသာ သစ်ပုံအောက်က
ချစ်စရာကောင်းအောင် ပြေးထွက်လာပြီး ကြောက်စရာကောင်းတဲ့
ပူစီကြီးလက်က မနည်းလွတ်အောင် ထွက်ပြေးကြတယ်။ သစ်ပုံဟာ
နားခိုသူတွေ အသစ်ဖြစ်နေပုံ။ ကန်စွန်းခင်းနဲ့ မလှမ်းမကမ်း
စက်ဘီးတာယာစုတ်ပေါ် သံသရာလည်အောင် ခုတ်မောင်းနေတဲ့
ရထားကောင်တွေက ဘဘဦးသုခရဲ့ ဘ၀ကိုယ်စားပြုသီချင်းသံပဲ။
အဲဒီ့တာယာစုတ်ကို သတိမြဲမြဲဆွဲလှန်လိုက်တာ ဖားပျံတစ်ကောင်ခုန်ထွက်လာ
ပြီး ခြံစည်းရိုးသွားကပ်တယ်။ ထင်းရူးပုံးအခွံထဲ မနှစ်ကတည်းက
လွှင့်ပစ်ထားမိတဲ့ ဝေါ-ခ-နဲ-ရှူး(Walking Shoe) အဟောင်းကိုမြင်
ပြီး သူပြုံးမိတယ်။ ငယ်ငယ်က သစ်သားသတ္တာကြီး
သူ့အမေသန့်ရှင်းရေးလုပ်စဉ် ထွက်လာတဲ့ ကင်းပတ်ဖိနပ်အစုတ်ကို
မနေနိုင်မထိုင်နိုင် ခြေထောက်ထိုးစွပ်မိလို့ ကင်းခြေများကိုက်ခံရတာ
ပြန်အမှတ်ရသွားတယ်။ သူ့အထင်မှန်သွားတယ်။ အခုလည်း ဝေါ-ခ-နဲ-ရှူး
(Walking Shoe)ကို ဆွဲခါဆဲမှာ ကင်းခြေများနှစ်ကောင် ဖျပ်ခနဲတွေ့ ဖျပ်ခနဲ
ပြန်ပျောက်သွားကြတယ်။ စောစောကတည်းက လက်မအားလို့ မဖယ်ဖြစ်တဲ့
ကိုရွှေပင့်ကူက ပုခုံးစွန်းပေါ်ကနေတဆင့် သူ့ခေါင်းပေါ်တက်လာတယ်။
ဆိုင်မဆိုင်တော့ မသိဘူး။ ခွေးလေးအရောဝင် ပါးလျက်နားလျက်
ဆိုတဲ့ စကားပုံကို သတိရတယ်။ ခပ်လှမ်းလှမ်းက ပတဉ်းကောပင်
အရွက်ဖါးဖါးပေါ် ပုတ်သင်တစ်ကောင်က အစိမ်းရောင်အသွင်နဲ့ ငြိမ့်နေတယ်။
ထာဝရဘုရားသခင်ဟာ သူပဲဆိုတဲ့ အိုက်တင်မျိုးနဲ့ မျက်လုံးတွေ
မှေးစင်းထားတယ်။ ၀ါးနက်ရုံကိုင်းဖျားမှာလည်း ဆူလို့ ညံလို့။
တော်တော်စရိုက်ကျတဲ့ ဇရက်တွေ။ နေရောင်ခြည်ကြောင့် မြေပြင်ပေါ်
ပြောင်လက်လက်လေးဖြစ်နေတယ်။ ပက်ကျိတစ်ကောင်ရဲ့
ပြဒါးရောင်စွတ်ကြောင်းရာကို သူဘယ်လို ဖွဲ့နွဲ့ရေးသားရမလဲ။
သိနိုင်သေးဘူး။                  

လွန်းဆက်နိုးမြတ်
(Face Book စာမျက်နှာမှ ကူးယူဖော်ပြပါတယ်)

သေနတ်သံတွေ တိတ်သွားတဲ့အထိ ကဗျာတွေရွတ်ဆိုကြ



တခါတရံမဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကိုဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့်
အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူမိမိအဖို့ အလိုလိုတက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲ
တွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့်မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာ
ရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကိုစိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့်ကဗျာများ
ထဲ၌ မိမိကျက်မှတ်မိပြီး ကဗျာ ပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာ
တပိုင်းတစကို ပါးစပ်ကအလိုလို ရွတ်ဆိုမိလျက်သားဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ
၏ ရင်ခုန်မှုအရှိန်အဟုန်များမှာမီး တောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုးကူးယှက်သွား
သလို မိမိထံ ထိယှက်ပူးဝင်လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။

အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့်စတင် ဆောင်ရွက်လိုက် နိုင်ခဲ့
ခြင်းတော့မဟုတ်ချေ။၁၉၉၃ခု၊ မာနယ်ပလောတွင်ကျင်းပသည့် စာဆိုတော်နေ့အခမ်းအနားတွင် ရှုဒေါင့်
ဂျာနယ်အယ်ဒီတာဟောင်း (ဦး)၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကိုရွတ်ပေးစမ်း”ဟုဆိုခြင်းဖြင့် မိမိ
မှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ကနဲကူးပြောင်းရောက်ရှိသွားခဲ့ရ၏။

ရွတ်ဆိုရမည့် ကဗျာက ဆရာမောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကို
ရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည်ဆိုသည်ကိုရွေးချယ်မဆုံးဖြတ်နိုင်သေး။

ကံအားလျော်စွာ ကဗျာအကြောင်းအရာကို ရုတ်တရက်တွေးမိကာ လက်သီးကိုဆုပ်အသံကိုမြှင့်ပြီး အော်
ဟစ်လိုက်မိသည်။ “အနှစ်နှစ်ဆယ်တဲ့လားဟေ့...” ဆိုပြီး အော်ဟစ်လိုက်သည့် မိမိအသံမှာကရင်လူငယ်
အစည်းအရုံး ခန်းမဆောင်အတွင်း ပဲ့တင်ထပ်မျှ ဟိန်းသွား၏။  ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး
သွေးများ ပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွား၏။ မိမိ၏
ခံစားမှုအရှိန်အဟုန်များ  လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ်  လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။
ဆက်လက်ရွတ်ဆိုရန် ကဗျာစာသား မရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံ ရပ်ဆိုင်းသွားသည့်တိုင်
 ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာပြန်လည်ရုပ်သိမ်းလို့မရနိုင်သေး။ မိမိ၏
စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏ နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။
စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်း ထိန်းချုပ်လာနိုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်
များနှင့် မှုန်ဝါးနေလေတော့သည်။

၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခု၌ အပါတ်စဉ် ပုံမှန်အစီအစဉ်တခုကိုအသံလွှင့်ခွင့်ရ၏။ ထိုအခါ
တပါတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ခုနှစ်“မီးခြစ်တဆံ”ကဗျာကိုရွတ်
ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင်ရွတ်ဆိုနိုင်ခဲ့သည့်အတွေ့အကြုံ
အရ၊ အသံလွှင့်ဘို့ ရွေးချယ်ထားသည့် ကဗျာများကို  အဓိပ္ပါယ် နားလည်သည်ထက် နားလည်ရန်
အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို
သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆို
ရာတွင် အလုပ်တ၀က်ပြီးသလိုဖြစ်ရ၏။

အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ
ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာဦးစားပေးပြီးရှာဖွေရွတ်ဆို၏။
သို့သော် ရွေးချယ်ထားသည့်အသံလွှင့်အစီအစဉ်ခေါင်းစဉ်က နိုင်ငံရေးနောက်ခံဖြင့်ပေးထားသဖြင့် နိုင်ငံရေး
နောက်ခံရှိပြီးကာရန်နှင့်ရေးဖွဲ့ထားသည့်ကဗျာများမှာရှာရဖွေရခက်ခဲလာခဲ့၏။ ထိုစဉ်ကမိမိမှာမာနယ်ပလော
တွင် နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာအခက်အခဲ
ရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန်စနစ်ဖြင့်ရေးဖွဲ့
သည် ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့်
ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန်လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။

ကာရန်မပါသည့်ကဗျာများကို ရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို
ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာပုံမှန် ပုံသေမရှိသဖြင့် ကဗျာရွတ်ဆို
နေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန်ပုံသေထားပြီးအသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်
ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှုအပြင်းအပေါ့ကွာခြားသည်မှလွဲ၍
အသက်ရှူချိန်။ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှုမရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ
နရီကို ချိန်ကိုက်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်
ကိုလူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာများ၏ အသံ
တည်ဆောက်ပုံမှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။

ကဗျာရွတ်ဆိုခြင်းပဲဖြစ်ပစေ ကဗျာဖတ်သည်ပဲဖြစ်ပစေ ကဗျာကိုသီချင်းဆိုသလိုရွတ်ဆိုခြင်းနှင့်
ဇာတ်ဟန် ဇာတ်သံနှင့် ရွတ်ဆိုခြင်းများကိုမူ ကျနော်မနှစ်သက်မိပါ။

အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ ကို
သတိရတတ်၏။ သူကအသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီးရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် 
အမေရိကန်ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာအင်ဂျီလို’တို့ကိုလည်းစိတ်ထဲစွဲ
နေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက်
ကဗျာ ရွတ်ဆိုဖို့ ဘိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လို ကဗျာရွတ်သည်ကို မတွေ့
မမြင်ဘူးသော်လည်း ကဗျာရွတ်သူများဖြစ်သည်ဟူသည့်အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံး။

လူမျိုးနှင့်ချီပြီးကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့်အလေ့အကျင့်ရှိသူ များမှာ
ရုရှားလူမျိုးများဖြစ်သည်ဟုကြားဖူး၏။ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏ကဗျာ ရွတ်ပွဲများကိုရုရှားလူမျိုးထောင်သောင်းချီပြီးတက်ရောက်နားထောင်တတ်ကြ၏ ။ကဗျာဆရာ‘မာယာ
ကော်စကီး’လူပုံအလယ်တွင် ကဗျာရွတ်နေပုံသတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ကဗျာရွတ်သံများ
ကိုမူမကြားဘူးသေး။

၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန်ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်တွင်
လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်ကလေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေ
အရောင်း ဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထားသည့် အသံသွင်း
တိတ်ခွေများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။

မိမိနိုင်ငံတွင်လည်းကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြား ကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော်
ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်းငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆို
ကြခြင်း သာဖြစ်သည်။ အများပြည်သူတက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့်အလေ့အထ
ကိုမူ ယ္ခုအထိမဖန်တီးနိုင်သေး။

ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင်
ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြား စာပေနှင့်
နိုင်ငံရေး ဆိုင်ရာအခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနားဦးစီးကျင်းပ
သူများထံ ချဉ်းကပ် တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်
ဆိုခြင်းအစီအစဉ်ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများ
တွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက်ရွတ်ဆိုပေးပါရန် ဘိတ်ကြားခြင်းကိုလက်ခံ
ရရှိလာခဲ့၏။ ယ္ခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့်
ကဗျာပုဒ်ရေ(၄၆၀)ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း
ပီတိဖြစ်ဖွယ်ကောင်းလှ၏။

ကဗျာရွတ်ဆိုခြင်းနှင့် ပါတ်သက်ပြီးရုရှကဗျာဆရာကျော် “ယက်ဖ်တူရှင်ကို” ပြောဖူးသည့်စကားမှာ
မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာနားထောင်ပြီးသူတိုင်းနားထောင်သူအဖြစ်မှ ကဗျာဖတ်သူ
အဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့် မယ်”  ဟူ၍ပြောဖူးလေသည်။

ယ္ခုနှစ်ဒုတိယလ၊ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တဖက်ကို မြဲနေအောင်ကိုင်ထား”ကဗျာ ကို
ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာသောအခါ တယ်လီဖုံးမြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ်
“လက်တဖက်ကတယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟုတဖက်မှကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ်
 အောင်ခင်လေဗျာ’ ဟူသောအသံကိုပါကြားရ၏။ ကျနော့်မှာမဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရသည်။
(၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ဒေါက်တာအောင်ခင်၏ အသံကို တယ်လီဖုံးထဲမှကြား
လိုက်ရ၍ဖြစ်၏။ သူကRFAမှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ ‘လက်တဖက်ကို မြဲနေအောင်
ကိုင်ထား’ ကဗျာကိုရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ဒေါက်တာအောင်ခင်လို
ကဗျာ နှင့်ဝေးနေသူအဖြစ် မိမိဖက်မှ ယူဆထားသူတဦးထံမှ ‘အဲဒီကဗျာကကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့
နားထောင် ကောင်းတာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ဟုအားပေးစကားကြားလိုက်ရ၏။
ယ္ခုအခါ ဒေါက်တာ အောင်ခင် သည် ကဗျာနှင့်နီးလာနေပြီလော ဟုပီတိဖြစ်မိသည်။

ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကိုနားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့်
ကဗျာနားထောင်သူ နှစ်ဦးစလုံးစရဏကိုထိန်းကာလေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တ ကိုထိတွေ့ရ၏။
ဗျာပါဒကိုစားသုံးမိသွား၏။ ၀ိမုတ္တိကိုတခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံ ယဉ်ကျေးမှုရေး အုတ်မြစ်တခု
ချလိုက်သလိုဖြစ်ရ၏။

နိုင်ဂျီးရီးယားစာရေးဆရာကဗျာဆရာ `ကင်ဆာရိုဝီဝါ´ က အိုဂိုနီလူမျိုးစုများအတွက် ဆောင်ပုဒ် တစ်ခု
ဖန်တီးပေးခဲ့သည်။ သူ့ဆောင်ပုဒ်က ` ကကြကကြ သေနတ်သံတွေ တိတ်သွားတဲ့အထိကကြ´ ဟူ၍
ဖြစ်သည်။ ကျနော်ကလည်းကဗျာချစ်သူများအတွက် ဆောင်ပုဒ်တစ်ခု တင်ပြချင်နေသည်။ ကျနော့်
ဆောင်ပုဒ်ကတော့ ` ရွတ်ဆိုကြ ရွတ်ဆိုကြ သေနတ်သံတွေ တိတ်သွားတဲ့အထိကဗျာတွေ ရွတ်ကြ´
ဟူ၍ ဖြစ်ပါသည်။

အခုလို ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုသံများ အဆူညံဆုံး ကြားလာနေရသည့်အချိန်မျိုးတွင် ငြိမ်းချမ်းရေး
၏ လက်နက်တစ်ခုဖြစ်သော ကဗျာရွတ်ဆိုခြင်းအမှုကို တနိုင်ငံလုံးအနှံ့ လိုက်လံရွတ်ဆိုခွင့်ရလျင် မည်မျှ
ကောင်းမည်နည်းဟု ကျနော်တောင့်တမိသည်။ ထို့ပြင် မုဆိုးရာသီကုန်ဆုံးပြီး လေးသံမြှားသံများထာဝရ
ရပ်စဲကာ တကမ္ဘာလုံးအနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင် ကောင်းပေစွဟူ၍လည်း တောင့်တမိတော့၏။ ။

ငြိမ်းဝေ
(စာရေးသူ၏ Face Book စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်။)

မုတ်သုံ



အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား။

သဲလွန်စဆိုလို့
သဲပွင့်တစ်မှုန်တောင်မထ တဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။

လောကသုံးပါး၊
ဥတုသုံးပါး၊ အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နောင်းဘူး။

လေညင်းကို အပိုင်ရလိုမှုနဲ့
အငြင်းပွားကြတယ်
စွန်လွှတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့။   

မောင်သိန်းဇော်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မေ၊ ၂၀၁၀ မှ)