အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ၊ နှင်းခါးမိုး




မီးအိမ်ပျောက်တဲ့မြစ်


အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက် အမြဲခင်းပေးထားရတယ်။

ထမင်းချက်ရင်
သူ့အတွက်ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက်အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။

ကျနော်ဟာ
အဖေ့သေးအိုးသွန်ရတယ်
မနက်စောစောထရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယ်ယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။

သူများတွေကျောင်းတက်ရင်း လက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင် တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်အပေါက်မျိုး
အဖေ့ဒဿနကမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။

အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားခိုင်းဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်
ဆုံးထပ်မှာ
ဖွက်ဖွက်ထားတတ်တယ်။

အဖေ့နှလုံးသားမှာ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိပေးတာအမေပဲ
အဖေ့နှလုံးသားမှာ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖါးနဲ့ရိုက်ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း မိုင်တထောင်လျှောက်
ရတယ်။

အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်း
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက် ပြန်ဖွင့်ကြည့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကိုလှမ်းငေးတယ်။

ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေ အဲဒီလိုများတွေးသွားသေးသလား
ဟုတ်တယ်အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး။

ဘာကောဖြစ်ရအုန်းမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော့်လှေမျောခဲ့လေသလား
ဘယ်ကမ်းမှာနေညိုညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့အမာသားလို့
အဖေပြောအုန်းမှာပဲ။

တကယ်တော့ တံမြက်စည်းအစ လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းကရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။

အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်ကြတယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော် ဆီးသီးကလေးလိုပြုံးတတ်ခဲ့တယ်။

အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှားအရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။

ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကတော့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေက ဟေ ဆိုရင်
ဒီမှာလေလို့ ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမ၀င်ဘူး။

ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘ၀မှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘ၀မှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘက်စကားမမီတာ အဖေ့ကြောင့်
အရပ်မထွက်တာ အသားမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။

အဖေကသားကိုချစ်ပါတယ်တဲ့
အမေကလျောက်လဲချက်ပေးတယ်
အဖေက သူရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူး
အိတ်ကပ်ထဲမှာပဲထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှမဟုတ်ပဲ
အဖေ့မေတ္တာတရားကို ဘယ်တုန်းကမှခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေ ဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူ့ဖြစ်ချင်တာတွေ ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ ဘာလို့ပေးရတာလဲ
သူ့ညွုန်ကြားချက်တွေ သူ့ရင်းနှီးမြှပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာ အဖေဟာ ပြေးမလွတ်တော့ဘူး။

ဒါပေမယ့် အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။

ကျနော့်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့်အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်းကြိုးချည်ပေးမယ့်အဖေတယေက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့်အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့်အဖေတယောက်
ကျနော်ဘယ်လောက်မှားမှား
ကျနော့်ဘက်ကနေမယ့်အဖေတယောက်။

အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာ အဖေဟာတစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတာ
သူ့ခုံရုံးမှာ
ကျနော်ဟာပြေးမလွတ်တော့ဘူး။

အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်ကရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။

အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။

နှင်းခါးမိုး

(ငယ်တုန်းကတည်း အဖိုးနဲ့အဖွားကို မှတ်ပုံတင်ထဲမှာ အဖေနဲ့အမေလို့ ဖြည့်ပြီးကြီးခဲ့ရလို့
ဒီကဗျာဟာ အဖိုးအကြောင်းဖြစ်ပေမယ့် အဖေလို့ ညွှန်းခဲ့ပါတယ်။ အဖေအရင်းက ကျန်းမာ
ချမ်းသာဆဲပါ။ ရင်းနှီးသူတွေ ၀မ်းနည်းကြောင်း အားပေးနှစ်သိမ့်မိမှာစိုးလို့ ဒီအောက်ခြေမှတ်စု
လေးကို ရေးလိုက်ပါတယ်။ တခြား ထူးထူးခြားခြားတော့မရှိပါ။)

စိတ်ကူးတေးသီ ဘလော့မှ ကူးယူဖော်ပြပါသည်။

သူ့ လက်ညှိုးလေးထွက်လာတယ် ကျည်ဆံလေးကွေးသွားတယ်


ဒီရာသီအတွက် ပထမဆုံးသီးတဲ့အသီးကသူ့ကိုယ်သူပြန်ခွဲတယ်
လတ်လတ်ဆတ်ဆတ်ဓားတစ်ချောင်းရဲ့အသွားပေါ်က
အထက်ဆုံးနေရာမှာ အမြစ်ထွက်လာတယ်

ရွေးချယ်မှု ( ရွေးချယ်ပါ ) ပိုကြီးတာပိုကောင်းတယ်မလား
စုစည်းမှုကအမျှင်တန်းကြီးပဲ မှုတ်လိုက်တယ် ပြုံးလိုက်တယ်
ဩဘာပေးသံကြီး ဝါထိန်နေတာပဲ  ငါ့မျက်နှာကြီးကွဲသွားတော့
ငါ့မျက်နှာကြီးထွက်လာတယ်

သဘာဝပတ်ဝန်းကျင်ကြီးကိုချစ်ကြည့် လက်ကိုမြှောက်ကြည့်
အမှုန်အမွှားတွေလည်း အရသာမရှိတော့ဘူး
သူ့တို့ပြေးထွက်လာတဲ့ဘက်ကို ကိုယ်ပြေးတယ်
လှေကားလေးထောင်ပြီး တိတ်တိတ်လေးထွက်ပြေးပြန်ပြီ
ပါးစပ်ပိတ်ထားတဲ့ လက်ဖဝါးပေါ်မှာ စကားတစ်ခွန်း ထွက်လာတယ်

အဲ့ရှေ့က ခလုတ်ကိုဖွင့်လိုက်ရင် ခလုတ်နောက်ကမျက်လုံးပွင့်မယ်
သစ်ပင်ခြောက်ကြီးရယ် နင် ပွတ်သီးပွတ်သပ်မလုပ်ပါနဲ့
ကြည့်နေတဲ့မျက်လုံးကို ရေတစ်စက်အောက်ရွှေ့လိုက်တယ်
အနီရောင်သစ်ရွက်လေးထွက်လာတယ်

ရပ်နေတဲ့အရိပ်ပေါ်ကို တိမ်တိုက်ကြီးဆွဲလာတယ်
ဒါပေမယ့် သူလုပ်တာလေလို့ သူမငြင်းဘူး ( အရေးကြီးရင် ကူပြီးရယ်တယ် )
ခွဲကြောင်းကြီးတလျှောက် စိုက်ဝင်နေတဲ့စာကြောင်းတွေ
ကံကောင်းပါစေ
ခွဲရာကြီးထဲက အရောင်လှလှ ချုပ်ရိုးလေး ထွက်လာတယ်

အင်အားဖြည့်အချိုရည်ထဲမှာ တြိဂံတစ်တုံး လင်းနေ
ကျနော့်ဖိုင်တွဲရေ သူ့ ဒတ်စတော့ပ်ပေါ်ရောက်ပြီးပြီလား
သူ့အလင်းကို သူများပခုံးပေါ်တင်ချင်တဲ့နေရောင်ဟာ
နောက်ကျလည်း လှည့်လှည့်ကြည့်တယ်
မျက်နှာကျက်ပေါ်က တံတားကြီးမှာ ချိန်းထားပြီး
ခိုဆင်းလာတဲ့ ဓာတ်မတည့်မှုဟာ
အောက်ခြေကနေ ပွင့် ထွက်လာတယ်

ရောင်စုံဂျယ်လီလေးတွေ တင်ထားတဲ့နှုတ်ခမ်းပေါ်
အားနဲ့ဆွဲညှစ်ကြည့်ပြီး
လွင့်စင်သွားတဲ့ တောအုပ်လေးကို နမ်းပါကွယ်
မျက်ရည်တစ်စက်ရဲ့တုန်ခါမှုမှာ သွေးကြောစိမ်းစိမ်းလေးပေါက်ထွက်လာတယ်

နာရီတစ်ပြင်လုံးမှာ ပိုးမွှားတွေကျတဲ့နေ့
အားလပ်ချိန်တွေ နိုင်နိုင်ဖြန်းထားမှ
ပင်လယ်ထဲကနေ အရှိန်ပြင်းပြင်းထိုးကျတဲ့ရေတံခွန်ပေါ်
တောင်တန်းတွေဖြတ်ပျံသွား
ရေမှုန်ရေမွှားတွေ ကိုယ်လက်သန့်စင်ကြတယ်
ကိုယ် ဘရိတ်ကို ဆောင့် နင်းလိုက်မှ
အရောင်တွေစွန်းနေတဲ့ သက်တံအဖြူကြီး ငေါထွက်လာတယ်

ပန်းကန်ပြားထဲက သူများဖဲ့ထားတဲ့သေနတ်တစ်လက်ကို
စိတ်မပါသလို ခက်ရင်းနဲ့ထိုးကြည့်ရင်း
သူ့ အသံကိုကြားတယ်
အခွံချွတ်ထားတယ် အချောကိုင်ထားတယ်
လက်တံအတိုလေး ကိုယ့်ဆီရောက်လာတော့
ကျည်ဆံထဲက ငှက်တစ်ကောင်ထွက်လာတယ်

ဘယ်နှစ်နာရီလဲဆိုတာ မပြောသွားဘူး ။         

တေးခက်

ဟားချက်


ဒီရက်ပိုင်းမှာ
သူ ကဗျာတွေ တော်တော် အထွက်တိုးသတဲ့
ဘာမှ မဟုတ်ပါဘူး ယိုကိုရာ၊ ဟားချက်ပေါ့
ဒီရက်ပိုင်းမှာပဲ
ဝီလျမ်မင်းသားရဲ့ တော်ဝင်မင်္ဂလာအခမ်းအနားလည်း ကျင်းပခဲ့
အကောင်းဆုံးရရှိတဲ့ လက်ဖွဲ့က ဘင်လာဒင့် အသုဘဆိုလား
ဆင်မလိုက်က မင်္ဂလာပွဲ (အင်း…တော်တော် ပျော်ကြပုံပဲ)
စမ်းရေတွင်းလမ်းက မင်္ဂလာပွဲ
မြေအောင်းကောင်တွေ မြေအောက်သီချင်းနဲ့ လှုပ်ရွနေတုန်း
တောင်ကုန်းလေးအတိုင်း လမင်းဆီရောက်တော့မတတ်
ဖြေးဖြေးချင်းလှမ်းတက်
တစ်ယောက်တည်း အိမ်ပြန်လာတဲ့ ဘဲရ်ဖွတ်စစ်သည်
ခေါင်းပေါ်မှာ ညနေစာဟာ မီးတောက်နေ
ကိုယ့်ခေါင်းကို ကိုယ် မီးကင်းစောင့်နေ
ဘ၀ မဆန်တာတွေ ခွေးမောင်းသလို မောင်းရ
ဥပမာ-လွမ်းတာ၊ဆွေးတာ၊၀က်သက်ပေါက်တာ (ဟဲ့…ခွေး!!)
ဘာမှတော့ မဟုတ်ဘူး၊ဟားချက်ပေါ့ ယိုကိုရာ
ကျည်ဆံမရှိလို့ သေနတ်နဲ့ ပစ်လိုက်တာတဲ့ (ဒေါင်!!)
ခြင်းခတ်ရတာ လက်ညောင်းတယ်တဲ့
နို့၊ခြေထောက်နဲ့ ခတ်တာ မဟုတ်လားဆိုတော့
ခဏခဏ ကောက်ရလို့…..တဲ့
သူ့ကို ကြွက်တွေက ငှက်လို့ထင်တယ်
ငှက်တွေက ကြွက်လို့ထင်တယ်
မအောင်မြင်တဲ့ သူ့ သံတမန်ဟာ
ယုဒသစ်ပင်မှာ လင်းနို့လို စောက်ထိုးချိတ်လို့
နောင်တ တစ်ဖန် စားမြုံ့ပြန်စရာကို
ပုလဲသီ တစ်ကွဲစီ အစိမ်းလိုက်ချုပ်
တန်ဂို မကပဲ ပြာပုံတိုးမယ့်မြင်းကိုစီးလို့
မင်းရှိနေတာကို သိနေရတာက
ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ အညွှန်းပြု
မင်း မရှိတာကို သိနေရတာက
နေခုနှစ်စင်းမြှိုက် နင်းစရာမြေရဲ့ အညွှန်းခံ
ဒီရက်ပိုင်းဟာ တကယ့် တော်လှန်ရေးကာလပါပဲတဲ့
ဘာမှမဟုတ်ပါဘူး ယိုကိုရာ၊ ဟားချက်ပေါ့
ငါတို့အားလုံးဟာ စာသားက ဆင်းသက်လာတာ
အနက်ရောင် အစက်အပြောက်လေးတွေ
အဓိပ္ပာယ်ဟာ မသေချာဘူး
ငါ့လိုပဲ မရေရာဘူးလို့ ပြောလိုက်တော့၊ ဟားချက်ပေါ့။        

ဝေးခေါင်

FB စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်

မေးခွန်းများသို့




ကျွန်တော် ထုတ်လွှင့်နေသည်မှာ
ခေတ်ပေါ်အနုပညာ မဟုတ်
ခေတ်ပေါ်ကဗျာ မဟုတ်၊ ကဗျာ မဟုတ်
ဝတ္ထု မဟုတ်၊ စကားပြေ မဟုတ်
ဘာမှ မဟုတ်။

ဘာမှမဟုတ်, ဟုတ်လား
ဘာမှ မဟုတ်ဘူးလား။

မပြည့်စုံဘူး။
အပြည့်အစုံက
ဘာမှမဟုတ်ကို ရွှေဖြစ် အဂ္ဂိရတ်ထိုးတာ။

ဒါဖြစ်ရင်။
နို့
လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ်
လုပ်ပြီးရင်း လုပ်
လုပ်ပြီးရင်း လုပ်
ခင်ဗျား အလုပ်လုပ်နေတာ
ကျွန်တော်တို့ မျက်မှောက်မှာ
စာကြောင်းတွေစီ
စာကြောင်းတွေသီ။

အဲဒါ
အေး။
ငါလုပ်တာ လိုက်မလုပ်နဲ့
မင်းလုပ်ချင်တာ မင်းလုပ်။   

အောင်ချိမ့်

အယ်ဒီတာ မှတ်ချက်

အထက်ပါ ကဗျာကို ဇေယျာလင်း၏ ကဗျာဗိသုကာဂျင်နီယာ အောင်ချိမ့်’
ဆောင်းပါး (ရုပ်ရှင်တေးကဗျာ-၂၀၀၈ ဇူလိုင်လထုတ်)မှ ကူးယူဖော်ပြပါသည်။
ကဗျာလေ့လာချက်သဘောအရ သင်္ကေတဖြင့် လိုင်းစီထားသောကဗျာကို
လိုင်းပြန်ဖြည်၍ တဆင့် ကူးယူဖော်ပြရခြင်း ဖြစ်ပါသည်။ မူရင်းကဗျာမှာ
ပိတောက်ပွင့်သစ် ၂၀၀၈ ဧပြီဟု ရည်ညွှန်းဖော်ပြထားပါသည်။