ပင်လယ်ထဲက ကဗျာ ၃ ပုဒ်

၁၉၉၀ ကျော်နှစ်များက ပင်လယ် စာပေနှင့်အနုပညာမဂ္ဂဇင်းရဲ့ ကဗျာအပေါ်အားစိုက်တင်ဆက်မှုတွေဟာ
ဒီဘက်နှစ်များ၊ ဒီဘက်မဂ္ဂဇင်းများနဲ့ ဒီဘက် ကဗျာဆရာများ ကဗျာဖတ်သူများ ကဗျာအပေါ်လေးနက်သူ
များ အားလုံးတို့အပေါ်မှာ သက်ရောက်ရိုက်ခတ်နေဆဲလို့ burmese poetryfoundation group  က 
ယုံကြည်ပါတယ်။ ယခု ပင်လယ် မဂ္ဂဇင်း အမှတ် ၃ မှ ကဗျာအချို့ကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။

burmesepoetryfoundation အယ်ဒီတာ အဖွဲ့



အလင်း

သဘာဝတရားက
နူးညံ့ကြည်လင်မှုနဲ့
စီးမျောဆဲ။

တိမ်တွေ၊ တိမ်တွေ
အရုပ်ဆိုးလိုက်တာ
တစ်လောကလုံး မှောင်တော့မယ်။

ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ
ပန်းချီဆရာ ညည်းညူ
သူ့ပစ္စည်းတွေ ခပ်မြန်မြန်ထုပ်ပိုး
ဆောင့်ဆောင့် အောင့်အောင့်နဲ့
အရက်ဆိုင်ကို ပြေးပြီ။

တို့တွေ
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိ
သဘာဝတရား မပီသတဲ့
အချစ်တွေနဲ့။     ။

ဇော်ထွန်းတင်

*  *  *

အလဲအလှယ်

ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။

ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။

မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလည်းခဲ့
ငါ့ကိုလည်း ပြောင်းလည်းခဲ့
ပြောင်းလည်းသမျှ ဦးညွှတ်ဖို့ ကျတော့
ငါ အခု
လရောင်ကို မော့်မကြည့်ရဲတာ ဆန်းသလား။

သူ့ကို ချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ၊
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။

ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကို ချစ်သလို သူ့ကိုလည်း ချစ်ကြပါ။

ထူထူပျစ်ပျစ် နံနက်ခင်းရောက်လာ
ငါလည်း
အမှားအကျိုး ဆောင်သူပါ။    ။

ပြေမြင့်

     *   *  *


မြေပုံတစ်ချပ်နှင့် မီးယပ်ခေါင်းကိုက်

သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့ အနာတခု
တယုတယ ဆွတ်ကြင်
ဆေးမထည့်ချင်တော့။

ပြေးရင်း လွှားရင်း
မေ့ဆေးအငွေ့အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏ ကြေကွဲ
ဟင်.. ဦးနှောက်ဆဲလ်တစ်ခု
ဖုထစ်နေပါရော့လား။

ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့
အဲဒါလဲ တချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှုကြောင့်တဲ့။    ။

မောင်သင်းမိုး

ပင်လယ် စာပေနှင့်အနုပညာ မဂ္ဂဇင်း
အတွဲ၂ အမှတ် ၃ (၁၉၉၃ ခုနှစ်)


စိန်ခြယ်ပန်းများဖြင့်-မိုဃ်းဇော်

စိန်ခြယ်ပန်းများဖြင့်

၁၉၄၇
အတွင်းဝန်ရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ
သူအသက်ပျောက်ခဲ့ရပြီ။

ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့ နည်းဗျူဟာ
အနုနည်းနဲ့ မရရင်
အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့
သူရဲ့ မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တလျှောက်
ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။

အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။

မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။

သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ ရိုးမ ” လည်းဖြစ်ပါတယ်။

သင့်ရဲ့
ကြီးမြတ်တဲ့ဝိညာဉ်ဟာ
“ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး
“ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။

“ ဂန္ဒီကြီး ”
“ အန်ကယ်ဟို ”
“ ဒေါက်တာရီဇော် ”
“ မော် ”
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။

ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကို ဖောက်ထွင်း
နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။

၁၉၊ ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။

ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ ဗိုလ်အောင်ဆန်း ” တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။

မိုးဃ်းဇော်
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
အမှတ် ( ၂၃ )၊မတ် ၂ဝဝ၉

အယ်ဒီတာအကြိုက်ကဗျာကဏ္ဍ၊ လူဆန်း


အပန်းပြေလာတယ်

“မောမောနဲ့လာတယ်။ ဒါကြောင့်လာတယ်။ ပင်ပင်ပန်းပန်း အပန်းဖြေခရီး”
မူးယစ်မယ်။ အလွန်အကျွံအာသာဖြေမယ်။ ရုပ်ပတ်ဝန်းကျင်မှာ လူကြီး
စိတ် ပတ်ဝန်းကျင်မှာ ခလေး
အူမယ်။ လပြည့်ဝန်းဆီ မရောက်လဲပဲ အူတယ်

ရှေ့ဆက်တွေ မဆိုးပါဘူး။ ထွက်သွားရရှိခဲ့ ဖီလင်တွေ တစ်လှည့်ပြန်
လက်ခံတုံ့ပြန်ဖီလင်တွေ မဆိုးပါဘူး။ နေ၀င်နေထွက်တွေ
မဆိုးပါဘူး။ ဖြစ်တတ်တာ သဘောသဘာဝ ထုံးတမ်းတွေ
မဆိုးပါဘူး။ နိမ့်နိမ့်လေး ရှပ်ပျံ မဆိုးပါဘူး။

ကံမကောင်းပဲ ဆက်လိုက်လာတော့ မှုန့်မှုန့်ညက်ညက်
“လက်” သွားမယ်  လက်မလျှော့နဲ့ လက်မလွှတ်နဲ့ကို
ကိုင်မထားပဲ
အမှုမဲ့အမှတ်မဲ့ သတိရ။ ပျင်းရိမြဲ ပျင်းရိလျက်
အခွင့်အလမ်းကောင်း ပုံမှန်စောင့်။
စိတ်အလိုကို အလျင်းမလိုက်ပဲ
အလျင်စလို လွှတ်ပေး

သိပ်ကျေနပ်တယ် မဟုတ်တာတွေနဲ့စတဲ့ မပျော်ရွှင်စရာ
တစ်ကြောင်း နောက်တစ်ကြောင်း မဟုတ်မချင်း
တစ်ကြောင်းပြီး တစ်ကြောင်း

ခုအချိန်နဲ့ ခုအချိန်မှစ၍ အတန်ကြာတစ်စုံတစ်ရာ အသီးသီး
ကိုယ်တိုင် ကိုယ်ပိုင် ခုလောက်နီးနီးသေချာနေသား
လန့်လာရင် ထွက်ပြေးမယ် နောက်တစ်ခု ပြောင်းလုပ်မယ်
ကြိုက်ရင် ဆက်လုပ်နေမယ် အပြင် ဖြစ်နိုင်ချေအထွေထွေ
ရှေ့ဆက်တွေ အများကြီးမျိုးတွေနဲ့ ချိန်ညှိတုန်ခါနေ
ပုံစံတူ အသံပက်တန်များ အလျားဆွဲဆွဲငင်ငင်

လပြည့်ဝန်းဆီ မရောက်သေးလဲ ဘာဖြစ်လဲ။ လာတယ်
မောမောနဲ့လာတယ် ဒါကြောင့်လာတယ် ပင်ပင်ပန်းပန်း
လာတယ်….လာတယ်

လူဆန်း

ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း

ပေးစာ

ချ ရေးလိုက်တယ်
အနှစ်နှစ်အလလ အောင်းထားတဲ့ ဝိုင်စည်တွေ
ဆောင်းညပွဲတော်မှာ အကုန် အရည်ဖျော်ချလိုက်သလို
ပျော်ပျော်ရွှင်ရွှင်ကြီး ရေးသားလိုက်တာပါ
ပေးစာဟာ အကြောင်းအရာစုံတယ်
ဂက်စ်မီးခြစ်ဟောင်းတစ်လုံး ကိုင်းကျိုးနေတဲ့ထီးတစ်လက်
ကြွက်တစ်ကောင်ရဲ့ အမြီးပြတ် ဝက်ရုပ်စုဘူးကွဲတစ်လုံး
ရည်းစားစာအဟောင်းအမြင်းတချို့ မီးကျွမ်းနေတဲ့ကျမ်းစာ
ဘောလ်ပင်တစ်ချောင်း(မင်ကုန်နေတယ်) အခန်းကျဉ်းကျဉ်းတစ်ခန်း
ခရီးဆောင်အိတ်တစ်လုံး ကုလားအုပ်တစ်ကောင်
ပြီးတော့ ... တသက်လုံးနေရာလွဲခဲ့တဲ့
မျှော်လင့်ချက်တွေ မျှော်လင့်ချက်တွေ အင်း.. မျှော်လင့်ချက်တွေ
ကျွန်မရဲ့ ပေးစာထဲမှာ သတိရကြောင်း သာကြောင်းမာကြောင်း ထည့်မရေးခဲ့ပါဘူး
သတိရခြင်းဆိုတာ လူတွေဖန်တီးထားတဲ့ ထင်ယောင်ထင်မှာရောဂါတစ်မျိုးပါ
ကားတစ်စီးကို ဘယ်လိုစက်နှိုးရမလဲ ကျွန်မ မသိခဲ့ဘူး
ချွဲကျပ်နေတဲ့ ကြောင်တစ်ကောင်ကို ကျွန်မ မချစ်တတ်ခဲ့ဘူး
လမ်းဘေးက တောင်းရမ်းသူတွေကို ငဲ့မကြည့်ပဲ ကျော်ဖြတ်ခဲ့တယ်
ကျွန်မရဲ့ ပေးစာမှာ ဒါတွေအကုန်ပါသွားခဲ့ပြီ
ကျွန်မရဲ့ လောင်စာ အကြွင်းအကျန်ကို အကုန်ထည့်ရှို့ပေးလိုက်တာပါ
လိပ်စာပျောက်နေတဲ့ ပေးစာဟာ
ပုလင်းတစ်လုံးထဲမှာ သမုဒ္ဒရာအတိုင်း သူ့ဘာသာ မျောပါသွားလိမ့်မယ်။

ပန်ဒိုရာ
၂၅.၅.၂၀၁၁