ညောင်ဦးကမ်းပါးပြိုရာမှာ ခင်ဗျားပါသွားသေးလား


ရီနေးဆန်းအလွန်/ဘာလင်တံတိုင်းအလွန်/ကမ္ဘာပြားအလွန်
ခင်ဗျား
ဆင်ဖိုနီတေးသွားတွေ ဖန်တီးနိုင်တာ ခင်ဗျားလိုလို
လပေါ်လူရောက်တာ ခင်ဗျားလိုလို
အင်တာနက်ဆင်သေကြီးထက်မှာ ခင်ဗျားဟာ ခေတ်မီစွာ မျောပါလို့
မျောက်နဲ့အမျိုးတော်တဲ့အထဲမှာတော့ ခင်ဗျားမပါဘူးလို့ ငြင်းလို့
ခင်ဗျားရဲ့နေ့စဉ်ဘ၀မှာ
နပိုလီယန်နဲ့ ၅၀၀ တန်တစ်ချပ်နဲ့၊ ဒေးလ်ကာနဂျီမပါ လင်္ကာမချောရတာနဲ့
ယန်ပေါဆာ့တ်နဲ့ဆတ္တာသည်နဲ့ ဘီလ်ဂိတ်နဲ့ ရပ်ကွက်ထဲက ချာတိတ်မနဲ့
ပဋိစ္စသမုပ္ပါဒ်နဲ့ လာဘ်ရွှင်ဂါထာနဲ့
ဟုတ်တာပေါ့ အဲ့ဒါ ခင်ဗျားကို စောင်းပြောနေတာ
ခင်ဗျားရဲ့ ဘ၀စံချိန်ဝင် အဆောက်အအုံကြီးတွေဟာ
ဆူနာမီ ငလျင်ကျောက်လွှာနဲ့ တစ်ကြောတည်း
ခင်ဗျားနေ့စဉ်အသွားအလာမှာ အသေခံဗုံးဖောက်ခွဲသမားပါလာတဲ့ ဘတ်စ်ကားနဲ့တေ့လွဲလွဲ
အရှေ့အလယ်ပိုင်းမှာ ခင်ဗျားတစ်ပိုင်းပိုင်းတော့ ၀င်စွက်ဖက်နေမှာပဲ
အီရတ်မှာ ခင်ဗျားတပ်ဖွဲ့ အကျအဆုံး??? မြောက်ကိုးရီးယားနဲ့ အီရန်ကိစ္စမှာ
ခင်ဗျား ဘယ်လိုကိုင်တွယ်မလဲ တကမ္ဘာလုံးက စောင့်ကြည့်နေတယ်
ခင်ဗျား စောင့်ကြည့်နေတဲ့ ဇီဒန်းကျတော့ ခင်ဗျားရင်ဝကို ပြေးဆောင့်သွားတယ်မဟုတ်လား
ခင်ဗျားမှာ/ကြောင့် စားနပ်ရိက္ခာနဲ့ အစာရေစာ ပြဿနာ
ကမ္ဘာ့လူဦးရေပေါက်ကွဲမှုဟာ ခင်ဗျားမှာ/ကြောင့် စနစ်(တံ) ဘယ်နှခု
ဂေဟ စံနစ်ကို ဖျက်နေတဲ့အထဲမှာ ခင်ဗျားမှာ/ကြောင့် ကာဗွန်အမှိုက်ပုံ ဘယ်နှပုံ
ဒါတွေနဲ့ ခင်ဗျားဟာ သံသရာလည် ကြက်ဥနဲ့ခင်ဗျား ဘယ်ဟာအရင်လဲ
သဘာဝတရားနဲ့ခင်ဗျား ခင်ဗျားနဲ့ သဘာဝတရား
သဘာဝဟာ ခင်ဗျားအတွက် တရားရဲ့လား
ခင်ဗျားရဲ့သဘာဝကကော ဘယ်လိုကျသလဲ သဘာဝနဲ့ သဘာဝကျရဲ့လား
မနေ့ကနဲ့ မနက်ဖန်က ကျားကန်ပေးထားရတဲ့ ဒီနေ့ခင်ဗျား
ခင်ဗျားတစ်ယောက်တည်းမှာ အတ္တပေါင်း သန်းခြောက်ထောင်ကျော် ဘ၀အဖွဲ့အစည်း
ခင်ဗျားကို ခင်ဗျားကျတော့ ရှာမတွေ့ ဘယ်ရောက်နေသလဲ ခင်ဗျား
ခင်ဗျားကို ဘာနဲ့ဘယ်လိုမှ အစာသွပ်လို့မရ
ခေတ်ပေါ်ကဗျာကို လုံးဝလက်မခံတဲ့ခင်ဗျားနဲ့
ခေတ်ပေါ်ကဗျာကို လက်ခံပြီး အခြားခေတ်ပေါ်ကဗျာကို
လုံးဝ လက်မခံတဲ့ခင်ဗျားတို့
ခင်ဗျားတို့အားလုံးအတူတူ ဒီခင်ဗျားပုတ်ထဲက
ဒီခင်ဗျားတွေပဲ
ဘ၀ဆိုတာ ရှိရှိသမျှ ခင်ဗျားအမှုန်တွေ လှိုင်းတွေ
စုစည်းထားတဲ့ ဒြဗ်ဝတ္ထုကြီးတစ်ခုလား
ခင်ဗျားကရော မေးလာရင် ဘယ်လိုဖြေမလဲဆိုတာ…။     ။

မောင်ယုပိုင်
ရယ်စရာမဂ္ဂဇင်း ၂၀၀၇၊ ဧပြီ

အယ်ဒီတာအကြိုက်ကဗျာကဏ္ဍ၊ မိုးဝေး


သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်

 

ဘတ်စ်ကားတွေ တင်သွင်းခွင့်ပြုတော့မယ် ဆိုတဲ့ သတင်းကို
သတင်းစာမှာ ဖတ်ခဲ့ရင်း ဘတ်စ်ကား တစ်စီးပေါ်မှာ
ငါရယ် သမ္မတကြီးရယ် ထိုင်ခုံအလွတ်တစ်ခုမှာ နေရာဦးကြရင်း တွေ့ကြ
ငါတို့ကဗျာအကြောင်းပြောမိ၊ ငါကလည်း ကဗျာတွေ စိစစ်ရေး တင်ရဦးမလားမေးမိ
သမ္မတကြီးက ရိုးစင်းလှပါတယ်၊ သူ မသိပါဘူး တဲ့
သူဟာ တိုင်းပြည်ရဲ့ အခြေံခံလိုအပ်ချက်တွေတည်ဆောက်ခြင်းမှာ
အလုပ်များနေပါသတဲ့။ ဒါနဲ့ ငါလည်း ရောက်တတ်ရာရာ
ခု သမ္မတကြီးစီးနေတာ အထူးဘတ်စ်ကားကြီးတွေပေါ့ လို့
စကူပြုတ်၊ထိုင်ခုံနဲ့နေတဲ့ နေရာလွတ်ကို ဦးစားပေးရင်း ပြောရင်း
အင်္ကျင်္ီဟပြဲစပယ်ယာကို ငါးရာတန်တစ်ရွက် ပေးမိ
၂ ယောက်စာ အဲဒီမှာ စပယ်ယာက သမ္မတကြီးရဲ့ ဘေးပြတင်းကနေ
ကွမ်းတံထွေးကို ဗျစ်ကနဲ ထွေးရင်း တစ်ရာတန်ပေးဖို့ ဟောက်လိုက်တာ
ငါခံလိုက်ရ၊ သမ္မတကြီး မြင်သွားတယ်၊ သမ္မတကြီးကိုလည်း ခရီးသည်တွေ မြင်သွားတယ်။

ဒီလိုနဲ့ စံပြ၊ ဒီလိုနဲ့ စိန်ဂျွန်း၊ ဒီလိုနဲ့ ပဲခူးကလပ်
ဒီလိုနဲ့ အဲဒီရှေ့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း(ပြုပြင်ဆဲ)ကို ဖျတ်ကနဲ၊
ပြီးတော့မှ အမျိုးသားပြတိုက် မတ်တပ်ရပ်တွေ ပြည့်ကြပ်ညပ်နေတဲ့
ဘတ်စ်ကားပေါ်မှာ ထိုင်ခုံအပြည့်သာ တင်သည် ဆိုတဲ့
စာတန်းလေးကို သမ္မတကြီးက ဘာနဲ့ဆက်စပ် ငေးရင်း အလုံလမ်းမှာ ပွိုင့်မိ
ဒရိုင်ဘာက ရှေ့က တွန့်ဆုတ်နေတဲ့ နံပါတ်မဲ့ယာဉ်တောက်တောက်ကြီးကို ကြိမ်ဆဲ
မိုးကလည်း မေလလယ်မှာ ရွာရင်း
ကားခေါင်မိုးကလည်း ရေတွေ ယိုကျ
ဒီတော့မှ သမ္မတကြီးက သက်ပြင်းချ စကားတစ်ခွန်းပြောတယ်
မောင်ရင်တို့ ရေးတဲ့ကဗျာတွေထဲမှာ ဒါတွေပါလားတဲ့
ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး၊ ကျမ်းမာပါစေလို့ ပြောရင်း
မြေနီကုန်း မြေနီကုန်းမှတ်တိုင် (ပြိုင်တူ)တွန်းချတာ ခံလိုက်ကြရတယ်
သမ္မတကြီးဟာ သစ်လွင် လှပတဲ့ကားမှတ်တိုင်ကို ပွတ်သပ်ကြည့်ရင်း
တို့ဆင်းခဲ့ကြတာ မြေနီကုန်းမှတ်တိုင်လား တဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး  ပြည်သူ့ရင်ပြင်ရှေ့မှာ လုပ်ထားတဲ့
မြေနီကုန်းမှတ်တိုင်ပါလို့ ပြန်ဖြေလိုက်ရတယ်
ဒါတွေကော မောင်ရင်တို့ ကဗျာတွေမှာ ပါသလား တဲ့
ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့
ဒီလိုနဲ့ ငါနဲ့ သမ္မတကြီး တကယ့်မြေနီကုန်းလည်း ရောက်ရော
မောလို့ ပန်းလို့ ရေရှိရာအရပ်ကို အမြန်ရှာခဲ့ကြ
ခေါင်းဆောင်နဲ့ ပြည်သူ ချွေးပေါက်ချင်း လဲလှယ်ကြ
ဒီလိုနဲ့ နောက်တစ်နေ့မှာ သမ္မတကြီးရဲ့ ကျမ်းမာရေးသတင်းတွေ ပျံ့နှံ့ခဲ့တယ်
ငါတို့ရဲ့ကဗျာတွေဟာလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ပါမပါ မှုန်းဝါးခဲ့တယ်။  ။

မိုးဝေး
19.5.2012 by Moe Way on Saturday, May 19, 2012 at 2:11pm ·
Face book  စာမျက်နှာမှ


တေးများ ၆




ဒီနေ့
တွေ့ခဲ့ကြ။
ထူးရဲ့လား!
ထမင်းစားပြီးပြီလား! ။
သြ၊ အဓိပ္ပါယ်က ဘာတဲ့လဲ
မင်းက ဘယ်သူလဲ။
“မမှားဘူး” နဲ့ “မမှန်ဘူး” ကြား
လွန်းထိုးခဲ့ကြ
မင်းလို
ငါတို့ပဲ။
ပစ်တိုင်းထောင်အရုပ်
ကြိုးရှုပ်ခဲ့ကြ
မင်းလို
ငါတို့ပဲ။
အချိန်ဆိုတာ
ဖြုန်းတတ်ရင် ကုန်တာပဲ
မင်းလို
ငါတို့ပဲ။
မပျော်မရွှင်နဲ့
ပျော်ပျော်ရွှင်ရွှင်ကြီးနေခဲ့ကြ
မင်းလို
ငါတို့ပဲ။
မုန့်ဝေတော့ မရ
တုတ်ဝေတော့ ရကြ
မင်းလို
ငါတို့ပဲ။
ရေငတ်တုန်း
ကုန်းခေါင်ခေါင်ရောက်ကြ
မင်းလို
ငါတို့ပဲ။
ခေါင်းကိုက်ကြ၊ ခေါင်းမူးကြ
အော့အန်ကြ
ဆေးကုကြ
လူ့ဘ၀ဆိုတာ ဖက်တွယ်ကြ
မင်းလို
ငါတို့ပဲ။
မိန်းမတွေ အလှပြင်ကြ
ယောက်ျားတွေ အလုပ်ကြိုးစားကြ။
ယားလို့တောင် မကုပ်အားလဲ
မေးခွန်းတွေမေးကြ၊ မေးကြ။
ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ
ခင်ဗျားအသံကိုလည်း ကိုယ်စားပြုနိုင်ပါစေသား။  

အောင်ချိမ့်

ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ
(လူငယ်တစ်ယောက်စာအုပ်တိုက်)

ကိုယ်ရေးရာဇ၀င်



၁၉၇၉ မှာမွေး။ အမည်ရင်း အောင်တေဇာဦး။ အကောက်ခွန်အရာရှိဖခင်ရဲ့ လွှမ်းမိုးအုပ်ချုပ်မှုကို
ခံရကာ၊ မိခင်က အလိုလိုက်ဖျက်ဆီး။
၁၉၀၃ မှာ ဖခင်သေဆုံး။ ကျောင်းကထွက်။
၁၉၈၇ မှာ အကပညာဆည်းပူး။
၁၉၉၃ မှာ ခရစ္စတီးနားအဂီလယ်ရား၊ ဂျပ်စတင်တင်းဘာလိတ်တို့နှင့်အတူ ‘မက်ကီမောက်ကလပ်’
ရုပ်သံအစီအစဉ်မှာပါဝင်။
၁၉၀၇ မှာ ပန်းချီဆရာဘ၀ ရယူရန် ဗီယင်နာကို ပြောင်းရွှေ့။ ပါရမီက မပါတော့ ပန်းချီကျောင်းက
လက်မခံ။
၁၉၀၈ မှာ မိခင်သေဆုံး။
၁၉၉၈ မှာ ‘ချစ်ကလေးရေ..နောက်တစ်ခေါက် (Baby, One More Time)’  သီချင်းကို ထုတ်လုပ်
ဖြန့်ချိ။
၁၉၁၃ မှာ မြူးနစ်မြို့ကိုရောက်ကာ ပန်းချီဆရာအဖြစ်အသက်မွေး။
၁၉၁၄ မှာ ပထမကမ္ဘာစစ်ဖြစ်ပွား။ Peps; ကုမ္ပဏီနဲ့စာချုပ်ချုပ်။
၁၉၁၉ မှာ ဂျာမာန် အလုပ်သမားပါတီ ကို ၀င်ရောက်။  MTV  ဂီတဆုပေးပွဲ မှာ ‘အပျိုစင်လေးလို
(Like a Virgin)’ သီချင်းကို မက်ဒေါနားနဲ့တွဲဆိုရင်း နှုတ်ခမ်းချင်းအနမ်းဖလှယ်။
၂၀၀၄ မှာ ဟောလီးဝုဒ် ကျော်ကြားသူများ လျှောက်လမ်းပေါ်မှာ ကြယ်တစ်ပွင့်ရရှိ။  လေစီလူး
အမည်ရ ခွေးပေါက်ကလေးကိုဝယ်ယူ။ စစ်ရှုံးတာ ဂျူးတွေနဲ့မာ့က်စ်ဝါဒီတွေကြောင့်လို့ယုံကြည်။
၁၉၂၀ မှာ အလုပ်သမားပါတီကို အမျိုးသားဆိုရှယ်လစ်ပါတီ(နာဇီ)ဟုပြောင်းခေါ်။ စင်္ကြာတံဆိပ်ကို
ပါတီ၏ တရားဝင် အမှတ်အသားအဖြစ် အတည်ပြုသတ်မှတ်။
၁၉၃၄ မှာ အန္တိမအာဏာရှင် ဖြစ်လာ။ Mein Kampf (ကျွန်ပ်၏ ရုန်းကန်တိုက်ခိုက်မှု)  စာအုပ်ကို
ကျောင်းသုံးအဖြစ်ပြဌာန်း။ ချီဝှားဝှားခွေးတစ်ကောင်ကိုဝယ်ကာ‘ဘစ်ဘစ်’လို့မှည့်ခေါ်။ လာ့စ်ဗီးဂတ်စ်
က နာမည်ကျော်စားသောက်ဆိုင်ကို ခေါ်ပြီး ဒေါ်လာ ၁၈၀ တန်အသားဟင်းကို ၀ယ်ကြွေး။
၁၉၃၉ မှာ အီဗာရွန်းနဲ့လက်ထပ်။ နောက် ၅၅ နာရီအကြာမှာ ကွာရှင်းပြတ်စဲ။ မိန်းမသုံးယောက်နဲ့
ဘ၀တစ်လျှောက် ပတ်သက်ခဲ့ပြီး ထိုသုံးယောက်စလုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစား။
နှစ်ယောက်အောင်မြင်။ ပရိသတ်တစ်ယောက်က သူဝါးပြီးသားပီကေကို ebay မှာ လေလံတင်။
၂၀၀၅ မှာ ကိုယ်ဝန်ရ။ ရေကူးကန်ထဲ အန်ချ။
၂၀၀၇ မှာ ခင်ပွန်းနဲ့ကွာရှင်း။ အရင်းနှီးဆုံးအဒေါ်ဖြစ်သူ သားအိမ်ကင်ဆာကြောင့် သေဆုံး။ မူးယစ်
ဆေးပြတ်ဌာနကိုရောက်။
၁၉၄၅ ဧပြီ ၃၀ မှာ စစ်ရှုံး။ ကတုံးတုံးပြီး မကောင်းဆိုးဝါးရဲ့နံပါတ်(၆၆၆)ကို ခေါင်းမှာဆေးမင်ကြောင်
ထိုး။ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်။  လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ
နေထိုင်လျက်။

မောင်ဒေး
အစွန်းထွက်ဇီဝဗေဒ ကဗျာစာအုပ်မှ

အယ်ဒီတာမှတ်ချက်။   ။ ယခုဖော်ပြထားသော ကဗျာသည် စာပေစိစစ်ရေးမှ အချို့လိုင်းများ ဖြုတ်ပယ်
                             ခိုင်းသဖြင့် တပုဒ်လုံးဖြုတ်ချန်ပစ်ခဲ့သော ကဗျာဖြစ်ပါသည်။
                    




မင်းတစ်ယောက်တည်း မဟုတ်ဘူး


လောက ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။

တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက် ဒက္ခခံခဲ့ရသမို့
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။

နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။

လူလိုမနေရတာ ကြာတော့
လူစိတ်ကလဲ ပျောက်လုလု
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။

ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး တစ်ခုလုံးပါတယ်
ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေါ့
ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်

ဂျာကာတာက ဖင်ရှင် ကဖေးမှာလား
ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား

ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့

ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

မဝေးတော့တဲ့ နွေဦးအတွက်
စုဘူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။   ။

လှသန်း

(ကြည်မောင်သန်း အမည်ဖြင့် ရနံ့သစ် မေ ၁၉၉၇)
-           




မမှားဘူးဆိုရင် ကမ္ဘာကိုဖျက်မှာ ရှင်နဲ့ကျွန်မ ၂ယောက်တည်း


ရှင်ဘယ်သူလဲ
မသိချင်ပါဘူး
ကျွန်မ မျက်လုံးတွေ မှိတ်ထားမယ်
နေ့ခင်းနေ့လယ်က ညရဲ့ ကြယ်တွေကို မမြင်ရသလိုပေါ့
သုံးမရတဲ့ သစ်သားတုံးကို သွန်သင်ဖို့
သင်ပေးမနေပါနဲ့
ကျွန်မမှာ သိုးတစ်ကောင်ရဲ့  မျက်ရည်မရှိဘူး
ယောက်ျားတစ်ယောက် ကျေနပ်အောင်
ဖြတ်တောက်ဖြည့်စွက်ထားတဲ့ သီအိုရီသင်္ကေတ
နိမိတ်ပုံတွေ
ကျွန်မမှာ မရှိ
ရှင့်သဘောင်္ကိုယ်ထည်ကြီးကို ပုတ်ချဖို့
မယ်တော်တစ်ပါးရဲ့  လက်ပေါင်းရာထောင်လှိုင်းတွေ မရှိ
နောက်တစ်နေ့လိုက်ရှာဖို့ ရွေ့မနေပါနဲ့တော့ရှင်
ဒီ နေ့နဲ့ညကိုပဲ အဆင်းအတက်လုပ်ကြပါစို့
ဘဝဆိုတာ အဆင်းအတက်တစ်ခုပဲ
တောမီးထဲမှာ တောကြောင်တွေ ကျွန်မကြုံခဲ့
တောပရိယာယ် တောရဲ့ အဝယ်ကိုလည်း ကျွန်မခံခဲ့ဖူး
စစ်ဒဏ်ကြောင့် ပြေးလွှားလှုပ်ရှားနေရသူတွေထဲက
တစ်ယောက်လေ
တစ်ယောက်မှာ ကပ်နေတဲ့ ၂ယောက် ၃ယောက်တွေပေါ့
ရှင့်ဆီမှာ
ကျွန်မလို မလိမ္မာတဲ့ ညီမလေးတစ်ယောက်များ မရှိဘူးလား
အလို . . မေးကြောတွေ သွေးကြောတွေ ကျွတ်ထွက်လို့
နာများနာ ကျင်များကျင်သွားသလားမသိဘူး
ကျွန်မတို့ လေကိုမှီဝဲနေကြတယ်လေ လေဟာ တန်ဖိုးကြီး
လေကိုရဖို့ လေထဲလွင့်ကြတယ်
လေထဲမှာ ဘာမဆိုရှိနေတော့ ဘာမဆိုရှိမနေအောင်
လေကို လုပ်ကြံနိုင်ရင် ပြီးပြီပေါ့
ဘဝကို မျက်ခြည်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူး
မအောင်မြင်တဲ့ အဖူးတွေသာ တစ်ဖူးပြီးတစ်ဖူး
ဖူးပွင့်ပြီးအာ ပွင့်လာနေကြတာ
လူ့ဘဝဆိုတာက ဘယ်လိုနေနေ
လုစားစရာကောင်းလောက်အောင် မွှေးအီချိုမြနေတာမျိုး
မစိုးရိမ်ပါနဲ့ ဆိုးတာက
မိန်းမတစ်ယောက်ကို အိမ်ထဲမှာကြည့်လည်း ဒီပုံ
လမ်းမပေါ်မှာကြည့်တော့လည်း ဒီပုံ
ဂြိုဟ်တုက လှမ်းကြည့်လည်း ဒီပုံပဲတွေ့တယ်ဆိုတော့
မလွန်လွန်းဘူးလား
မီးဖိုချောင်ထဲက မီးခိုးထွက်တတ်တဲ့စက်ရုံ
စကားပြောရင်သုံးဖို့ ပါးပြင်နားကပ်ထားရတဲ့
တယ်လီဖုန်းစကားပြောခွက်တစ်ခုလို ထင်နေတုန်းပဲလား
ဇိမ်ခံပစ္စည်းတစ်ခုဆိုလား
မူးလည်းပြောတယ် မမူးလည်းပြောတယ် စိတ်ကုန်စရာပဲ
စိတ်ရှုပ်စရာပဲ
အိမ်မြှောင်လို နံရံကပ်နေရသူအချင်းချင်း
မနက်ခင်းအလင်းကို ရှင်ရောကျွန်မ
ရှင်းရှင်းမြင်နေရတာချင်းအတူတူ
ရှင်က ကြယ်တစ်ပွင့် ပန်းတစ်ခက် အရက်တစ်လုံး
ပိုသောက်သုံးချင်ရတာလဲ
စစ်အေးတိုက်ပွဲတဲ့ နည်းပညာတိုက်ပွဲတဲ့
ဘာသာရေးတိုက်ပွဲတဲ့
တိုက်ပွဲတွေက များလိုက်တာ
ဒါတောင် ရှင်တို့က တဆိတ်ရှိ
ဒီလက်ကလေးကိုင်ဖို့လောက်
ဒီကုတ်(Code)နံပါတ်လေး ဖွင့်ဖို့လောက်ပဲ စဉ်းစားနေ
ဆည်ထဲမှာ ငါးတွေမရှိတော့ဘူးရှင့်
ရှင့်ကိုယ်ရှင် ရှင်နေမှန်းရော သိရဲ့လား
အိမ်ပြန်ပါ
ရှင့်မိန်းမနဲ့ရှင် ပြန်ပူးပေါင်းပြီး
ရှင် ရှင်နေတယ်ဆိုတဲ့အကြောင်း အကြောင်းပြန်ပါ
သားသတ်သမားဟာ သူမွေးထားတဲ့သား
သူပြန်သတ်နေတာ သိရဲ့လား
ကမ္ဘာကြီး သေပြီလားရှင်
ရှင်တို့ကျွန်မတို့ကြောင့် သူသေသွားပြီလား
ရှင်နဲ့ကျွန်မ ကမ္ဘာကြီးကို ပူးပေါင်းကယ်တင်ကြရင် မကောင်းဘူးလား
အဖိုအမ ဆက်ဆံရေးနဲ့
ကမ္ဘာကြီးကို ညကြီးထဲက ဆွဲထုတ်ကြရင်မကောင်းဘူးလား
စူးခနဲ အော်သံဟစ်သံကြောင့်
ပုခက်အတွင်းက အနာဂတ်ကလေး လန့်မနိုးပါစေနဲ့လားရှင်
ကျွန်မလည်း ရှင့်နောက်လိုက်ရတာ မောပေါ့
သြော် ဒီမိန်းမ ဒီယောက်ျား ဒီ ၂မျိုး ၂ယောက်တည်းနဲ့
ကမ္ဘာကြီးပျက်စီးရမယ်ဆို အံ့သြစရာ။    ။

ခရမ်းပြာထက်လူ