အောက်ဆီဂျင်ကောင်းကင် (မြေချစ်သူ)

၁။
ဖြစ်ပျက်မှုအစဉ်ကြားမှာ
ခင်ဗျား..
ဘာရုပ်ရှင်ကား ကြည့်နေသလဲ။
အီလက်ထရောနစ်တစ
ဘ၀ရဲ့ပြကွက်တခု
လူမှုဗေဒ ရောင်စုံ
ရင်ခုန်သံ ဆေးသား
ရထားတစ်စီး ခုတ်မောင်းသွားဆဲပေါ့။
၂။
သေချာမှုတစ်ခု
ကုသိုလ်ကံမှန်သား
ရွေးချယ်မှုများကြား
ဘာများနမ်းရှုံ့ဦးမှာလဲ။
“နားလည်မှုကိုစောင့်စား
ဒီထက်ကြီးမားတဲ့အမှား
ဘာများကော ရှိအုန်းမှာလဲ…ကွယ်”
ချစ်ဖို့ကောင်းသူရဲ့
(တစ်ဝက်ချစ်ခဲ့သူရဲ့) အဲသလို
ဖြူစင်မှုနာရီသံများ
အလျားလိုက်ပွင့်ဝေနေဆဲ
တချို့လည်း ရွှန်းစိုရင့်မှည့်ပြီးပြီ။
၃။
မြို့ပြရဲ့မြစ်ထဲမှာစိမ်
လူ့ဘ၀ အလေးချိန်မဲ့
သင့်ရဲ့အိမ်မှာ ချိုမြိန်ပါရဲ့လား။
၎။
ဘာပဲဖြစ်စေ
တွေဝေမဲ့ကင်း
ပြတင်းတံခါးကို နှင်းများနှင့်ဖွင့်ပါ။
သင်နဲ့အတူမောင်းနှင်
အောက်ဆီဂျင်လောကဓါတ်လွင်ပြင်ရဲ့
မြင့်မြတ်မှုတာဝေးသစ်မှာ
နွေးထွေးသော ကောင်းကင်တစ်ခု
ယခုပင် ဖြစ်ထွန်းခဲ့တော့၏။ ။

မြေချစ်သူ
၁၇၊ ၁၀၊ ၁၉၈၇

မြန်မာသစ် ရသစုံမဂ္ဂဇင်း အမှတ်(၂၃) ဇွန်လ၊ ၂၀၁၁

လာဆင်ရဲ့ ဒိန်ခဲ

တရွေ့ရွေ့သွားလူအုပ်ကြီးကဲ့သို့ ၀န်းရံလိုက်ပါလျက်ရှိခဲ့သော်လည်း အရေပြားကနားမလည်တော့ တောင့်တခြင်း
နေ့စဉ်ရက်ဆက်တ၀က်လက်လွတ် ကောင်းကင်ပြာပြာသာယာရေချိုးခန်းထဲ စိတ်ဖြစ်ပေါင်းစပ်မိလေသည့်အခါ
အဦးဆုံးလုပ်နေကျ အစာရေစာနှင့်မိတ်လိုက်ရခြင်းပြတ်လပ်သွား၍ မည်သူမဆိုဖြစ်ဖြစ် သာမန်အတိုင်း ဖြတ်သန်း
လိုက်ပေါ့။ ငုတ်တုတ်ကြီးဖြစ်နေတာ ဘယ်မှာစာရင်းဖွင့်ထားလဲဆိုတာလည်း အရိုင်းဆန်တဲ့ ဖြစ်ရပ်တစ်ခုလို
သိမ်မွေ့စွာ သဘောကျမိပါတယ်။ ခံစားမှုဆိုလို့ ဟိုဟိုဒီဒီ မြင်ရ တွေ့ရသမျှတွေ ရိုးသားကြိုးစားခြင်းပဲနားလည်
ထားပြီး ဘယ်သူမှ မဖွင့်တဲ့တံခါးမှာ တစ်ဖက်က ၀ံပုလွေလာဆင်ရဲ့ ဘုရားသခင် တုံ့ပြန်သံလိုလို ကြားလိုက်
သလား? ယခင် ရှိမှန်းမသိ၊ မရှိမှန်းမသိ ယခုဖုတ်လေသည့်ငပိ ရှိမထင် အနုပညာဖန်တီးနိုင်မှုစွမ်းရည်ကို ဒီနေ့လည်းဒီနေ့အလျောက် မနက်ဖြန်လည်းမနက်ဖြန်အလျောက် ဘာကျန်ခဲ့သလဲဆိုတာမျိုးစဉ်းစားရင်း ကုတ်ဖဲ့ရင်း ဆရာဝန်ပြဖို့လိုနေတယ်။ အပေါက်အဟသေးသေးကလေးကတစ်ဆင့် တဖြည်းဖြည်း ရင့်ရင့်လာ ရင်းရင်းလာ
သွေးထွက်လာ ဒီလိုမှမဟုတ်သေးရင်တော့ တံဆိပ်ချင်းအတူတူနယူးယောက်တိုင်းမ်ကတော့ ကောင်မလေး
ရာက်သွားတဲ့နေရာဟာ ကောင်းကင်ဘုံရဲ့ အစပ်နားလို့ဆိုတယ်။ လော့အိန်ဂျလိစ်တိုင်းမ်ရဲ့ဝေဖန်မှုထဲမှာတော့ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံအကြားက အပြာရောင်မိုးကုတ်စက်ဝိုင်းတစ်နေရာလို့ ဆိုခဲ့ပါတယ်။ မဆန်းပါဘူး။
ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေကြောင့် အဲဒီလမ်းတွေသွားတာ ဒါပေမယ့် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဘူး။ အထူး
သဖြင့်တော့ ဘယ်နှစ်ချက်ချုပ်ရမလဲဆိုတာ ဘယ်လိုအကြောင်းချင်းရာဆိုတာကို ဆိုကြပါစို့ ဖြည့်စွက်လျှောက်
ထားရမှာ အားနာတယ်၊ ရိုင်းသလိုလည်း ဖြစ်နေမယ်။ လွယ်မလိုနဲ့ နက်နဲခက်ခဲမှုတစ်ခုကို ဆွဲကိုင်လိုက်တာ
လည်းဖြစ်ပါတယ်။ သူ့အိုးနဲ့သူ့ဆန် မဟုတ်ရင် ဆယ်လမွန်ငါးလေးတွေကို နှစ်သက်ခဲ့တာမို့ နှုတ်ခမ်းပဲ့ချင်း
ဆာလောင်မှုမျိုး။ ခန္ဓာကိုယ်ကလည်း မီးတွေစွဲလို့။တော်သလောက် လှေနံနှစ်ဖက်နဲ့ တန်သလောက် မျောက်
သစ်ကိုင်းလွတ်ခြင်းများ ဖြစ်ပွားခဲ့ရသလို သိတော့သိကြတယ်။ ဒါပေမယ့် အခုဟာက အဲဒီ လက်တစ်ဖ၀ါးစာ
အကျင့်စာရိတ္တကောင်းမွန်ကြောင်းက ဒီလိုညတွင်းချင်း မရဘူးတဲ့။ ဘယ်သူမှလည်း နားမလည်ကြပါလားတဲ့။
ဝလုံးလေးတွေဝိုင်းအောင်ရေးပြီး အရေးအသားတစ်ခုလို သတ္တိရှိရှိ ကုန်လွန်မှာဖြစ်တဲ့အတွက် ရှေ့မျက်နှာ
ရှေ့မှာပဲထားပြီး အရေပြားယားယံမှုအနည်းငယ်နဲ့ အိမ်ယာထူထောင်လိုက်ဖို့ ပြီးခဲ့တာတွေနဲ့ အပေါင်းအသင်း
မလုပ်တော့ပါ။

သိုးထိန်း (အန္တိမ)

http://thoehtane.wordpress.com/2011/02/
မှကူးယူ ဖော်ပြပါသည်။ BPF ၏ စာမျက်နှာအနေအထားအရ
လိုင်းဖြတ်တောက်မှုများ မူရင်းအတိုင်းမဟုတ်ပဲ အဆင်ပြေအောင်
ပို့စ်လုပ်ထားပါသည်။ (အယ်ဒီတာ)

အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ

ဧည့်စာရင်းမတိုင်တဲ့ ကဗျာ

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။
ဘယ်နေ့သွားမယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ
ဘယ်ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။

ဒီမြေက ငါ့မြေ။
ဒီလူတွေက ငါ့လူတွေ။
ဒီရေက ငါ့ရေ။
ဒီသစ်ပင်က ငါ့သစ်ပင်။
ဒီကျွဲက ငါ့ကျွဲ။

ကဲ…
ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ
ဒီမြေပေါ်မှာ ပျော်ပျော်ပဲ
သေပွဲဆင်ခဲ့ကြရဲ့။

အဖိုးသေတယ်လေ
အမေတို့ အမတို့
ရိုးရာမပျက်
ကျွက်ကျွက်ညံ ငိုကြရဲ့
အဖေနဲ့ ဘကြီး ဦးစံသိန်းတို့က ချက်အရက်တွေသောက်
တယောက်တပေါက် ငြင်းခုန်။
ငါ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ်။
တညလုံး …။

ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း၊
ငါ့ ခွေး တီလုံးခမြာ နေရာမရ။
အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။
အားရပါးရ ရှိလှရဲ့..။

အေး …
ဒို့ ဘယ်သူမှ ဧည့်စရင်း မတိုင်ကြဘူး။

ငါဟာ လူသား၊
လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ်။
လင်ယုန်တကောင်လို တိမ်လွာကိုခွဲပြီး
ဤခရီးကို သွားမယ်။

မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့ ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
အစစ်ဆေးခံနေစရာ ငါ့မှာ အကြောင်းမရှိ ။

မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။

ငါဟာ လွတ်လပ်တဲ့ လူသား။
ပညတ်တော်ဆယ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦးတင်စရာမလို။
ဧည့်စရင်း တိုင်စရာလည်းမလိုဘူး။

မိန်းမ ရေ..
အထုပ်အပိုးတွေပြင်
မယ်ဒလင် ယူခဲ့။
လာ.. ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ရွက်လွှင့်မယ်။

မိုးသီးဇွန်

(နေ့သစ် ဘလော့ မှ ကူးယူဖော်ပြသည်)

ကြည်အေးရဲ့ Masterpiece ကဗျာတစ်ပုဒ်

“ကျမက စကားလုံးအပိုမသုံးချင်။ ပြီးတော့ အိပ်ငိုက်နေသူကို လှုပ်ရမ်းလိုက်သလို
ကာရန် ကစားချင်စိတ်လဲရှိတော့ ကျမ ကြိုက်သလို ရေးခဲ့တာ သိကြတဲ့အတိုင်းပဲ..”

“ကျမ ငယ်စဉ်က ရေးခဲ့တဲ့ ကဗျာတချို့ကို ကျမ ပြန်မဖတ်ချင်ဘူး။ မကြီးရင့်တဲ့ လက်
တည့်စမ်းတဲ့ သဘောတွေပါရုံမက ပြန်လည်ပုံနှိပ်ဖို့တောင် တန်ဖိုးမရှိဘူးထင်ပါတယ်။
ဒါပေမယ့်လဲ ကဗျာဆရာ တစ်ယောက်ငယ်ရာကကြီးလာတာကို study လုပ်ဖို့တော့
အသုံးကျနိုင်ပါတယ်။ ကျမကိုယ်တိုင် ရွေးချယ်ပြီး ပုံနှိပ်ချင်တဲ့ ကဗျာတွေကို မှတ်သား
ထားပါတယ်..”

“ ကဗျာဟာ ကျမရဲ့ ဘာသာစကားရပ် တစ်ခု (Language) ဖြစ်တာမို့ မရည်ရွယ်လှ
သော်လည်း ကဗျာစပ်နေမိတာ မကြာခဏပါပဲ။ စာဖတ်သူများ ကျမရဲ့ ကဗျာများကို
ဖတ်ပြီး စိတ်ကျေနပ်မှု ရတယ်ဆိုရင် ကျမ ၀မ်းသာတာပါပဲ..”

ကြည်အေး
၁၆-၉-၉၁
(အားမာန်သစ် စာပေတိုက်ထုတ် ကြည်အေး၏ကဗျာများ စာအုပ်မှ)


အင်းလျားကန်၌မြှုပ်နှံခြင်း

အချစ်ဦးကို
ယစ်မူးတမ်းတ၊ တွေ့ရလို၍
မြူခိုသီဝေ၊ လေပြင်းပြေးလွှား
စကားမွှေးပွင့်၊ နေခြည်လင့်သော
နှင်းသင့်နံနက်၊ နတ်တော်ရက်မှာ
သိုးယက်ပတ်ထွေး၊ လက်ဖျားအေးစက်
အတွေးနုံ့နုံ့၊ ခေါင်းစိုက်ငုံ့၍
ချစ်တုံ့မတင်၊ မကြင်သာသည်
ခွဲခွာခဲ့သူ၊ သူတစ်ယောက်တည်း
လမ်းလျှောက်လေသော၊ ဆည်းပြာတော၌
စိတ်စောရင်ခုန်၊ တွေ့ကြုံတတ်ငြား
အင်းလျားနဖူး၊ ကန်ဘောင်ဦးသို့
ကိုယ်ထူးလွင့်ပါးခဲ့၏။

မှန်သားချပ်မျှ၊
ငြိမ်ဝပ်တိတ်ဆိတ်၊ ရေပြင်ရိပ်ထင်
သစ်မြိတ်မြဖူး၊ ချုံနွယ်ကူးယှက်
နှင်းလူးမြက်ပင်၊ ပုလဲဆင်သ
မျက်ရှင်စိန်စ၊ ကြယ်သေးရွသို့
နိုးထမည့်ဆဲ၊ ၀န်းကျင်မဲမှောင်
ဝမ်းနည်းစိတ်လျော့၊ တစ်ကျော့်အိပ်ပြန်ကြ
သစ်ရိပ်ကျယ်ပြန့်၊ ရေပေါ်ဖြန့်ခင်း
ကြွေဆင်းရွက်ဝါ၊ သာယာကျွန်းငူ
ဒိုက်တောထူသော၊ လူဝေးစွာ၌
ပြာဖန့်စိမ်းညို၊ မှော်ပွင့်ဆိုဆဲ
မဖို သားချင်း၊ အုပ်သင်းဖွဲ့မြူး
မြောက်စူးစူးမှ
မြားဦးသဏ္ဍာန်၊ လေကိုဆန်၍
တွန်မည်ညံစာ၊ ပြန်လာရစ်ဝဲ
တောဘဲအုပ်တို့
တစ်သုတ်နှစ်သုတ်၊ အတောင်ရုပ်သိမ်း
ဖြုတ်ချည်းဖြန့်ကျ၊ တရွရွနှင့်
ဝ ကွက်ဇာကျော့၊ လှိုင်းကော့ကော့၌
စီးဖော့ငြိမ့်ငြိမ့်၊
နိမ့်တုံမြင့်တုံ၊ လှိုင်းနှင့်ခုန်ကြွ
ပလုံတန်းစီ၊ မြီးဖျားသီခဲ့
လည်တံရကောက်၊ နဖူးမောက်နှင့်
ညိုပျောက်နှုတ်ခွေ၊ ၀မ်းပိုက်ရွှေနှင့်
ရေအောက်အသော့
ငုပ်ပျောက်လျော့ပါး၊ မြုပ်ကွယ်သွားကြ
ငါးဖမ်းဆန်းကျယ်၊ ငှက်တံငါနွယ်တို့
ရေစံပါယ် နှင်းငွေ့ကြား၌။

မြက်လဲ့လဲ့ခင်း
သလင်းသဲဖြူး၊ ဆောင်းရက်ဦး၌
ညွတ်နူးဘိခြင်း၊ ရွက်မွှေးသင်းသော
ပင်ရင်းကျောမီ၊ စိတ်တည်တံ့ခဲ့
မင်ပြန့်ခရမ်း၊ မှောင်စခန်းမှ
ရွှေလျှမ်းတိမ်လွှာ၊ ဖြူလင်းသာဆဲ
လာရောက်ခဲလှ၊ သူ့ကို တ သော
သမုဒယ၊ သက်သာရခဲ့
လမ်းပြပြမှ၊ သွားကြလာကြ
လုပ်ငန်းစသော၊ ဘ၀တစ်နေ့
ရွေ့လျားကြသူ၊ လူသံဗလံ
ဟွန်းဆူညံသော၊ ကားမှန်လက်လက်
တစ်ချက်တစ်ချက်၊ ဝေးမှပြက်ခဲ့
ငှက်ပျံလွှားတို့
ကွေ့သွားပြန်ခိုက်၊ ရေရှပ်တိုက်မျှ
ပြေးလိုက်ဖြတ်ကူး၊ လေ၌လူးခဲ့
နေခြည်ဦးလဲ
ကွန့်မြူးသွန်ကျ၊ နှင်းစစ၌
စိမ်းမြသစ်ရွက်၊ မှုန်မှုန်ပြက်မှ
သရက်ခက်ကြား၊ လျှိုတွားလွန့်လွန့်
အကန့်အကန့်၊ ရွှေသက်တန့်သို့
ဖြာကွန့်ရက်ဖောက်၊ မြေသို့ရောက်ပြီ
မေးထောက်ငေးမော၊
စောင့်စားသောသူ၊ လွမ်းအောင်မြှူခဲ့
နွေးပူကိုယ်တွင်း၊ လမ်းလျှောက်ခင်း၌
ကွေကွင်းဆယ်နှစ်၊ ချစ်ဦးသူမူ
လူမရောက်ပဲ၊ လမ်းရွေးလွဲရှင့်
ကြေကွဲသက်သက်၊ နှုတ်ဆက်နောက်ဆုံး
ပြုံးလဲ့လင်းထင်၊ သူ့ရုပ်သွင်ကို
မခင်ချင်တော့လည်း
မြင်ယောင်ဝိုးဝါး၊ စိတ်နွမ်းပါးမိ
စကားဖြည်ညှင်း၊ တစ်ယောက်ချင်းပင်
အင်းလျားရင်ခွင်၊ သူ့ရုပ်သွင်ကို
တွန်းနှင်စွန့်ပစ်၊ သူနေရစ်တော့
မွန်းနစ်စိမ်းကား၊ မြှုပ်နှံထားခဲ့
ပေါ့ပါးစိတ်သွက်၊ ထိုနံနက်မှာ
ရက်စက်အိမ်ပြန်ခဲ့သတည်း။ ။

ကြည်အေး
ရှုမ၀၊ ၁၉၇၁၊ ဖေဖော်ဝါရီ

မှတ်ချက်
ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြစဉ်က အင်းလျားကန်၌ မြှုပ်နှံခြင်း ခေါင်းစဉ်
ဖြင့်ဖြစ်ပါသည်။ ၈၈ အရေးအခင်းနောက်ပိုင်း အင်းလျားနှင့်ပတ်သက်
သောသီချင်းစာသား ကဗျာများအပေါ် စိစစ်မှုများ ဖြုတ်ပယ်မှုများကြောင့်
ကဗျာအမည်ပြောင်းလိုက်ရသည်ဟု ယူဆရပါသည်။

အယ်ဒီတာ
burmesepoetryfoundation

ကဗျာ

ငါ့ထက်မြက်မှုက သူ့အံသွားပေါ်ရောက်နေတယ်
အသွေးအသားတွေဖြန်းဖြန်း ခမ်းခြောက်သွားအောင်
ငါ့ စာကြည့်စားပွဲက စန္ဒယားတစ်လုံးလို အသံထွက်နေတယ်
ရေညှိပင်ရဲ့အမြစ် ကျောက်သားထဲ ထိုးခွဲဝင်သွားပုံ
လဲမှို့ကလေးလေထုကို ခွမ်းကနဲ ခွဲထွက်မြောက်တက်သွားပုံ
ငါ့မွေးညှင်းတွေထဲ အိမ်ဆောက်ပစ္စည်းတွေ
တဒိုင်းဒိုင်း ထုနှက်ရိုက်ခတ်နေပုံ
ရေတွင်းကလေးဟာ ဘီးပေါက်ပြီး
ချောက်ကမ်းပါးရဲ့ အစွန်အဖျားမှာ သွားတင်နေတယ်
ပြတင်းပေါက်တွေကို အကုန်လွှင့်ပစ်လိုက်ပြီး ငါလှမ်းခေါ်တယ်
ညနေခင်းထဲက ထိုးကလော်ထုတ်လိုက်တဲ့ လေညင်း
အကျော်ကြားဆုံးသတင်းဟာ အမှိုက်ခြင်းထဲမှာ
ငါက လေချွန်သံထိပ်ဖျားမှာ
မီးခြစ်ဆံ အကျွမ်းတစ်ချောင်းနဲ့
စီးကရက်ဘူးခွံပေါ်
'မာယာကော့ဖ်စကီး' လို ၀ါကျတစ်ကြောင်း ရေးခြစ်ချင်မိ..

မောင်ဖီလာ
ဂေါ်ဂင်ရဲ့သစ်သီးကို အရည်ရွှမ်းအောင်ရေးနည်း ကဗျာစာအုပ်မှ-

ကဗျာဆရာမတစ်ဦးသို့

ကဗျာဆရာမတစ်ဦးသို့

လ နာကျနေတယ်။
နယ်စပ်ကို ငါမဖြတ်ကျော်နိုင်ခဲ့ဘူး။
ဒီဘက်မှာပဲ ငါ့ခန္ဓာနဲ့ ငါဟာကျန်ခဲ့တယ်။
ငါ့ခြေရင်းက မြေကြီးထဲ ငါ့လက်နှစ်ဘက်ထိုးသွင်း
သီးပင်စားပင်အတွက် စိတ်ချင်းတလင်းနယ်နေတယ်။
ဒူးထောက်ခေါင်းငုံ့နေရာက ခေါင်းထောင်ကြည့်လိုက်တယ်
တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း . . . . အဲဒါနယ်စပ်ပဲ။
ဘာစည်းမှတားမထားဘူး ၊ ဘာစည်းရိုးမှမခြားဘူး။
ဒီကနဲ့ တစ်ဆက်တည်းပေမယ့် ဒီကရဲ့ အဲဒီဟာနယ်စပ်ပဲ။
လက်နဲ့မြေကြီးသွေးစည်းတဲ့အထိ ဆုပ်ကိုင်ချေနေရင်း
ငါငေးကြည့်နေမိတယ် ၊ ငါစိုက်ကြည့်နေမိတယ်။
တစ်ချိန်တည်းမှာပဲ လွတ်လပ်သွားပြီး တစ်ချိန်တည်းမှာပဲ စူးမြက်။
အလင်းသီတဲ့ကြိုး / အပူဒဏ်နဲ့ / ပြတ်ကျသွားခဲ့တယ်။
အသိနဲ့ပဲ လရောင်အရွေ့ကို မြေ့မြေ့ထိနေတယ်။
ကူးနေတဲ့ ငါးဟာ ရေပေါ်ယုံကြည်မှုထားသလိုပဲလို့ထင်တယ်။
ငါမသွားနိုင်လို့ နယ်စပ်ဟာ ငါ့ဆီရောက်လာတယ်
နယ်စပ်ဟာ င့ါငယ်ထိပ်ပေါ်တက်ရပ်တယ်
အလံဆိုတာ မျှော်မှန်းချက်လည်းတလူလူလွင့်တာပဲ။
ရုရှက မရီနာ ဆဗက်တာယဲဗားပြောခဲ့တယ်
ဗြိတိသျှက ရု(သ်)ဖေးန်ရိုက်တ် ထပ်ပြောတယ်
`ခရစ်ယာန်လောကထဲမှာ ငါဟာဂျူးတစ်ယောက်´
မဟာပုရိသ အလုံးစုံစိုးမိုးမှုမှာ ငါဟာမိန်းမ
ရှူသွင်းလိုက်တိုင်း အာဏာဆက်ဆံရေးမှာ
ငါဟာ ကဗျာဆရာမ။
ဒီအသိတွေဟာ ငါ့ကို ဒီနေရာမှာပဲအမြစ်တွယ်စေတယ်။
နယ်စပ်ဟာ ငါ့ထဲဝင်သွားပြီး ငါ့ရဲ့ ထာဝစဉ်
`အခြား´ အဖြစ်နေထိုင်သွားတော့မယ်ဆိုလား။
ဘယ်လိုအမည်တပ်တပ် ၊ အခုဒီမှာ ငါဒါကိုပဲထပ်ပြောမယ်
တစ်လောကလုံးထိန်ထိန်လင်းနေရင်တောင်
လ ကတော့ တစ်စင်းတည်းပါ။
ငါဟာလည်း လ ရောင်ငတ်တတ်သူတစ်ဦးပါ။
ငါ့ခန္ဓာအဖွဲ့အစည်းဟာ လ ရောင်ပွေ့ဖက်ဒဏ်တွေပါ ။

ဇေယျာလင်း
26 – Feb – 12

K0NT3MP03TRY မှ ကူးယူ ဖော်ပြပါသည်

အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ (ခင်ဇော်မြင့်)

တံခါးရွက်နှစ်ခု


တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

သေတဲ့လူသေတယ်
ရူးတဲ့လူရူးတယ် ။

အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

မပြောသင့်သောစကားကိုပြောနေဆဲ
ပြောသင့်သောစကားကိုမေ့နေဆဲ
ငါ့အရိပ်လည်းသမံတလင်းမှာငြိနေဆဲ ။

စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံကမငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးကမငြိမ်ဘူး

ငါ့အနားမှာ
ဘ၀ကိုပြောင်းပြန်လွမ်းတဲ့လေချွန်သံ ။

တံခါးရွက်နှစ်ခုနဲ့ပက်သက်လို့တော့
ကျွန်တော့မှာမူရင်းမရှိဘူး ။ ။


ခင်ဇော်မြင့်

ဟန်သစ် အမှတ် ၉၉ မှ