ဒေလီယာပန်းတွေပွင့်ပြီ
အချစ်ရေ
မေတ္တာတရားကိုဖွင့်ဆိုဖို့ 
မိုးနဲ့ မြေလွှာကြားမှာ
ဒေလီယာပန်းတွေပွင့်ပြီ ။
မိုးနဲ့ မြေကိုမျှော်ကြည့်ရင်း
အသည်းကွဲသီချင်းကိုဆိုဖြစ်တယ် ။
တိုက်ပွဲထဲစစ်သားတွေ
တစ်ယောက်ကိုတစ်ယောက်ချစ်တာထက်
ငါတို့ ပိုချစ်ကြရအောင် ။
ကိုယ်နံ့ ကလေးကအစ
ရသမြောက်ရမယ်
အထိအတွေ့ တွေမငြီးငွေ့စေရဘူး
ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ်
ငါတို့ နေ့ စဉ်နမ်းရှိုက်ကြမယ်ကွယ် ။
ညပေါင်းများစွာ
ငါ့အသည်းနှလုံးဟာရေငတ်ခဲ့ပါတယ်
စမ်းရေလေးတစ်ပေါက်အတွက်
ရတက်မအေးခဲ့သူပါ
ပန်းခြောက်ကလေးတွေကောက်ခဲ့သလို
ငါ့ဘ၀ကိုကောက်ခဲ့ရ
ရေစိုထင်းကလေးတွေနဲ့ မီးမွေးသလို
ငါ့အသက်ကိုမွေးခဲ့ရ
ဒါပေမဲ့ပေါ့အချစ်ရယ်
မင်းကောာက်နှံတွေကိုတော့
ဘယ်ကျေးငှက်တိရစ္ဆန်ကမှ  မထိုးဆိတ်စေရဘူး ။
မင်းအသွေးအသားတွေကိုလည်း
ဘယ်သားရဲသတ္တ၀ါမှ  မကိုက်ခဲစေရဘူး ။
မင်းရေချိုးပြီးတိုင်း  ရင်လျားဖို့ 
ငါ့အရေပြားကို ဆေးကြောထားပါရဲ့ ။
ဒါဟာ နည်းပညာခေတ်ကြီးတဲ့လား
ဒါဟာ  နည်းပညာခေတ်ကြီးပဲဖြစ်မှာပါ
AK-47  သေနတ်သံဟာ
ဝါရှင်တန်ကို တုန်ခါစေခဲ့တယ်
မီးသတ်သမားတွေက
ကမ္ဘာကြီးထဲအလုပ်များနေကြတယ်
အနံ့ ခံခွေးတွေက
ပါလက်စတိုင်းဟာ
အခုထိနာလန်မထူသေးဘူး
အာဖရိကအတွက်
ကွန်ဒုံး ၁၀  သန်း လှူဒါန်းပြီးပါပြီ
ကမ္ဘာကြီးအတွက်
ကွန်ဒုံး သန်းတစ်ထောင်  ထပ်မံထုတ်လုပ်ရဦးမယ် ။
ဒီ ဗရုတ်ဗရက် ကမ္ဘာကြီးမှာပဲ
မဆုံနိုင်တဲ့လမ်းတွေက
မင်းကိုသယ်ဆောင်သွားတဲ့အခါ
ပင်လယ်ကိုအော်ဆဲပြီး
ကောင်းကင်ကို ဓားနဲ့ ပေါက်မိတယ်
ပင်လယ်ကသွေးပျက်လို့ 
ကောင်းကင်ကသွေးထွက်လို့  ။
သားသတ်ရုံထဲက
ငါ့ရင်ဟာ လှိုင်းထန်ခဲ့ရပြီ ။
မင်းမပါဘဲ  မမွေ့လျော်ချင်တော့ဘူး ။
ဘာလို့ များ
မင်းပွင့်ဖတ်တွေဟာ
ငါ့ ပွတ်သပ်မှုနဲ့  ဝေးခဲ့ရပါလိမ့် ။
ဘာလို့ များ
ငါ့ဝတ်ဆံတွေဟာ
မင်းစွတ်စိုမှုနဲ့  လွဲခဲ့ရပါလိမ့် ။
ဘာလို့ များ
ငါ့  ညည တွေဟာ
အမှောင်ထဲ  အလံတစ်ဝက်လွှင့်ထူထားပါလိမ့် ။
မင်းကပဲမှားသလား
ငါကပဲမှားသလား
ငါတို့ ခံယူကျင့်သုံး ဆောက်တည်ပုံတွေကပဲ  မှားသလား ။
အိပ်မက်ကို
လက်နဲ့ လိုက်စမ်းနေမိတဲ့ငါဟာ
ရေကူးဘောင်းဘီတစ်ထည်တည်းနဲ့ 
ရေခဲမြစ်ကို  ဆန်တက်ခဲ့သူပါ
ရေခဲပျော်ချိန်ကို မမြင်နိုင်သေးဘူး ။
မင်းရဲ့ ငါးရံ့ကိုယ်လုံးကလေးကို
ဆုံးရှုံးပြီးကတည်းက
ငါ့ စတြော်ဘယ်ရီရောင်နှလုံးသားဟာ
အိမ်ခြေယာမဲ့
ဆောက်တည်ရာ မရခဲ့တာပေါ့ ။
သောကတွေကြောင့်
ယောဂလည်း ငါ မကျင့်နိုင်ခဲ့ပါ ။
ဘယ် အအေးဆိုင်ပဲဝင်ဝင်
ဘယ် ကဖေးဆိုင်ပဲသွားသွား
ငါ့အတွက်တော့  အလကားပဲလေ
မင်းကလွင့်ထွက်သွားပြီကိုး ။
အချစ်ရေ
ထက်ခြမ်းခွဲထားတဲ့
ပန်းသီးတစ်လုံးထဲမှာ
ငါတို့  အနမ်းတွေ ရှိလိမ့်မယ် ။
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
သွယ်တန်းထားတဲ့ တံတားအောက်မှာ
ငါတို့ ဘ၀တွေ ရှိလိမ့်မယ် ။
ငန်းရိုင်းတွေ အုပ်ဖွဲ့ ပျံနေတဲ့
အနောက်ဘက်မိုးကုပ်စက်ဝိုင်းမှာ
ငါတို့ အရိပ်တွေရှိလိမ့်မယ် ။
ကံကြမ္မာက
သံခွာနဲ့ကြိတ်နင်းသွားတဲ့
ပျော်စရာ ၀ိုင်ပုလင်းခွံထဲမှာ
ငါတို့ ရင်ခုန်သံတွေ ရှိလိမ့်မယ် ။
လင်းနို့ ဂူထဲက
ဟနေတဲ့ အက်ကွဲကြောင်းထဲမှာ
ငါတို့ မျိုးပွားကိရိယာတွေ ရှိလိမ့်မယ် ။
မြေပြင်ပေါ် မဆင်းသက်ခင်
ပေါက်ကွဲသွားတဲ့ လွန်းပျံယာဉ်တစ်စင်းလို
ငါတို့ ပုံပြင်တွေ ပျက်စီးခဲ့ရပြီ  ။
စွယ်တော်ရိပ်က
တယောသံကလေးလည်း ဒဏ်ရာရ
ဗံဒါရိပ်က
ဘာဂျာသံကလေးလည်း  ကြေမွခဲ့
နွေရေကန်နံဘေးက
ရွှေပလွေသံကလေးလည်း  မီးလောင်ခဲ့ပါပြီ ။
တော်လဲသလို
ပြိုသံတွေနဲ့ 
ငါတို့ ဧဒင်ဥယျာဉ်ဟာ
နဂါးစာဖြစ်ခဲ့ပြီ ။
ခြေကုန်လက်ပန်းကျနေတဲ့
ငါ့အလွမ်း ဝေဒနာတွေသာ
မင်းရှိရာ စီးဆင်းခဲ့ပါတယ် ။
ပိုးသားစကလေးလို နူးညံ့တဲ့
ငါ့အချစ်ကလေးရေ
ဖရောင်းတိုင်မီးတောက်ကလေးလို
ကောက်ကြောင်းတွေ အလွန်ပြေပြစ်တဲ့
ငါ့အချစ်ကလေးရေ
တို့ ဘ၀ကလေးက  တိုလွန်းတော့
တို့  စပျစ်သီးကလေးကချိုလွန်းတော့
ဒီဘ၀ကလေး  အငွေ့ ပျံမသွားခင်
ဒီ စပျစ်သီးကလေးကိုပဲ မက်မောရ
ငြိခဲ့တဲ့ အထိအတွေ့ကို
နောင်ဆယ်ဘ၀အထိ  မငြီးငွေ့မယ့်သူပါ ။
ဒီသံသရာ ဂယက်ဝဲက
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ
ကြုံရာ တက္ကစီ ငှားစီးပြီး
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ
မာနတွေ အကုန်ချွတ်ချပြီး
ငါ့ဆီ အမြန်ဆုံး ပြန်လာပါ ။
မင်း တွန်းဖွင့်ဖို့ 
ငါ့ရင်ခွင်ကို စေ့ထားရင်း
မင်း ရိတ်သိမ်းဖို့ 
ငါ့ မျိုးစေ့ကို ပျိုးထားရင်း
မင်း လူးလှိမ့်ရာ ဌာနေက
ငါ့ဆီ  ခုန်ပေါက်ပြေးဝင်လာခဲ့ပါ ။
ငရဲနဲ့နိဗ္ဗာန်ကြားမှာ
ဒေလီယာပန်းတွေ ပွင့်ပြီ။   ။
မိုဃ်းဇော်
ဟန်သစ်၊နိုဝင်ဘာ၊၂၀၀၃ ။
ကြေးစား၊ ကဗျာစာအုပ်၊ ၂၀၀၉။
1 comment:
  1. ကောင်းလိုက်တာ .....
    ထပ် ခံစားခဲ့ပါတယ်ဗျာ ။
    ReplyDelete