မနက်ဖန် လူပြိန်းဖတ်မဲ့ ကဗျာ

အကြောင်းအရာ အဟောင်းတွေနဲ့
မနက်ဖန်ဖတ်မဲ့ ကဗျာအသစ်
ခုပဲ မင်းဆီ ပို့လိုက်တယ်။

ဧရာဝတီမြစ်အကြောင်း ပါချင်မှပါမယ်
အန်တီစုအကြောင်း ပါချင်မှပါမယ်

ကဗျာထဲမှာ..
လူဦးရေသန်းခုနှစ်ထောင်အကြောင်း ပါမယ်
ခရမ်းရောင်မြစ်တစ်စင်းပါမယ်
ညဥ့်ငှက်မလေးတွေရဲ့တေးသံပါမယ်
အဲသလိုပေါ့
ငါ့မှာ အိုဘားမားအကြောင်းရေးမရဘူး
ရွာကို ကမ္ဘာလိုပဲ
မနက်ဖန်ဖတ်မဲ့ ကဗျာထဲမှာ
တို့နိုင်ငံရဲ့ အနားသတ်မျဉ်း တိမ်နဲ့ထိသွားမှာထက်
စိမ်းစိုတဲ့ ကစားကွင်း ဘိလပ်မြေ ခင်းခံရမှာကြောက်တယ်
လမ်းမကြီးတွေ ပိုဖြောင့်ဖို့ထက်
ကျောက်ဆောင်တွေ ဖဲ့ပေးလိုက်ရမှာ ကြောက်တယ်
ပေါင်မုန့်ကို သစ်ပင်တွေနဲ့ လဲမစားချင်ဘူး

မိုးစရာထီး မရှိရင်ရတယ်၊ ခိုစရာ အရိပ်မရှိရင်မရဘူး
ငါက အဲသလို တွေးတယ်

မနက်ဖန်သေလည်း ဒီနေ့ အပင်စိုက်သွားချင်တယ်
ဘာရယ်မဟုတ်ဘူး
နေပူရင် ငါဖတ်မိတဲ့ ကဗျာတစ်ပုဒ်
ခု ရေးဖြစ်နေတာပါ။

လင်းထွဋ်သင်

( လင်းထွဋ် သင် ၏ FB စာမျက်နှာမှ ကူးယူ ဖော်ပြသည်)

No comments:

Post a Comment