အမှတ်တရ ဂုဏ်ပြုကဗျာ ကဏ္ဍ၊ မောင်ချောနွယ် 'ဆတ်သွား'




ကွယ်လွန်သွားပြီဖြစ်တဲ့ ခေတ်ပေါ်ကဗျာ တပ်ဦးကဗျာဆရာ မောင်ချောနွယ် ရဲ့
အကြောင်းကတော့ ဗမာကဗျာလောကမှာ အထူးတလည် ဖွဲ့နွဲ့ညွှန်းဆိုနေစရာ
မလိုလောက်အောင် ဂုဏ်သတင်းကြီးမား အစဉ်အလာကောင်းခဲ့ပြီးဖြစ်ပါတယ်။
သူ့ရဲ့ ဒေါင်ဒေါင်မြည်ကဗျာတွေထဲက Master Piece ဆိုလောက်တဲ့ 'ဆတ်သွား' 
ကဗျာကို ပြန်လည်အောင့်မေ့ခြင်းအနေနဲ့ကော Burmesepoetryfoundation 
စာမျက်နှာပေါ်မှာ  မှတ်တမ်းမှတ်ရာ အနေနဲ့ တင် ကျစ်ရစ်အောင် အတွက်ပါ 
ရည်ရွယ်ပြီး အမှတ်တရ ဂုဏ်ပြုကဗျာကဏ္ဍ အနေနဲ့ တင်ဆက်လိုက်ပါတယ်။

Burmesepoetryfoundation အယ်ဒီတာအဖွဲ့



ဆတ်သွား


ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့
အသားနီနီ ယာတောများက
မီးခိုးလုံး
တောစိမ်း
ချောင်းနက်နဲ့
မှော်သားပြည့်သိပ် လေတွေ
သူ့အဆုတ်ကြီးထဲ
ရှုသွင်းပစ်လိုက်တဲ့
ဒီ မြင့်ချည်နိမ့်ချည် အသက်ရှုမြင်ကွင်းထဲ
လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို
ရထားဝင်လာပြီ
ဒါ ဆတ်သွားပေါ့။

နီပြေပြေ ၀ါကျံကျံ မန်ကျည်းပွင့်
သေးညှက်ညှက်ကလေးတွေ
အုတ်ကန် အအိုအမင်းကြီးထဲ
တစိမ့်စိမ့် တလိမ့်လိမ့် အနှေး
အရာအားလုံး
ထွားကျိုင်း
ဝဖီး
ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တမျိုး
ထွန်းကားတဲ့ ဒီအရပ်မှာ
ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ
ဒါဟာ ဆတ်သွားပေါ့။

တခါကပေါ့
ကျေးတောသားတယောက်ဟာ
မြို့ကနေပြီး မြို့အဆန်ဆုံး ကိုင်းတကိုင်း ယူလာ
သူ့ယာခင်းထဲ
ကြဲချလိုက်တဲ့အခါ
မြို့ကိုင်းဆိုတဲ့ ရွာကြီးတရွာ ဖြစ်လာခဲ့
ဒီ အရပ်မှာ။

ဒီမလေ
မူလက
ဒါဟာ ဆတ်တကောင်ရဲ့ သွားပေါ့။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ
မမှန်မကန် လင်းတတ်တဲ့နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေးကားလမ်းမ
ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။

သင်တို့မြင်ဖူးစ
သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်
ခန္ဓာကိုယ်ပေါ်က ကွာကျ
သစ်ညိုလုံးထွားထွားကြီးတွေအပေါ်
ထွားလို့ ထွားလို့
ထွားသွားနေမှာ
ဒါ ဆတ်သွားပေါ့။

မြေအကျောတမျိုးဓာတ်နဲ့ ဖွံ့ထွား
မှော်သားအထည်တမျိုးနဲ့ အဆင်အသွေးကျ
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ်ပစ်လိုက်နိုင်တဲ့
အင်ဖက်ကားကားကြီးတွေ
သားပေါက်ရာအရပ်
သစ်ညိုလုံးထွားထွားကြီးတွေ
အိပ်မွေ့ကျရာအရပ်
မြွေပွေး၀၀တုတ်တုတ် ဖီးဖီးကြီးတွေ
စည်ကားရာအရပ်
အလင်းရောင် ဖောဖောသီသီရတဲ့
ဒီအရပ်မှာ
မှော်သားလေတွေ
လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့
ဒီအရပ်မှာ
အာကာသဓာတ်တွေ အရေရွှန်းလှတဲ့
ဒီအရပ်မှာ
ခုတ်သားတုံးကြီးတတုံးက
ရွာအဖြစ် အသက်ရှင်နေတဲ့
ဒီအရပ်မှာ
ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ
မိတ်လိုက်နေတတ်တဲ့
ဒီအရပ်မှာ
ပိသာစီး ငါးတန်ကြီးတွေ
အသံထွက် ပွက်ကျနေတဲ့
ဒီအရပ်မှာ
လောကဓံတရားထက်ပြင်းတဲ့ အရက်ကို
မချစ်က ချက်တဲ့
ဒီအရပ်မှာ
ဒီဆတ်သွားတချောင်းပေါ်မှာ
အသားနီနီ တောကင်းကြီးတွေဟာ
ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်
တောကင်းကြီးတွေဟာ
သူတို့အသားပြင်ကို ပက်ကြားအက်စေတဲ့
စူးရှရှ လေပူပူကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့
အသားမြည်သံကို ပိုင်ဆိုင်တဲ့
ဆူးပင်တွေကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သူတို့ခန္ဓာကိုယ်ထည်တွေကို
ရှားနှစ်လို စူးနေအောင် ချွန်ကြ
သူတို့က ယာခင်းလို့ခေါ်တဲ့
သူတို့ဘ၀တွေကို
သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ
ဒါကြောင့်ပဲ
သူတို့ဘ၀ ယာခင်းတွေဟာ
နီရဲနေကြတာပေါ့။

တောကင်းကြီးတွေဟာ
သူတို့ရယ်သံတွေကို
ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း
နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။
တောကင်းကြီးတွေဟာ
သူတို့ကိုယ်ကြီးက
ချွေးသီးချွေးပေါက်တွေကို
မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်
စိုက်ကြတယ်
တောကင်းကြီးတွေဟာ
သူတို့ခြေလက်တွေကို ဖြတ်တောက်
မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ
အချိုရည် ရွှန်းလဲ့လဲ့
ကြံခင်းကြီးတွေ ဖြစ်လာတယ်။

ခါသားချက်
တောဝက်သားဟင်း
လောကဓံတရားထက်ပြင်းတဲ့
မချစ်ရဲ့ အရက်
တောကင်းကြီးတွေဟာ
အဲဒီကန္တာရရင်အုံကြီးကို စို့ကာ
ပျော်ကြ
ဘာမဆို မှော်ထနေလွန်း
ဆတ်သွားတချောင်းပေါ်က
ဒီအရပ်
ဒီဆတ်သွားဆိုတဲ့ အရပ်ဟာ
အကြေကို စုန်သလိုလိုနဲ့
အညာကို ဆန်ဆန်သွားတတ်တဲ့
ခရီးသွား ပိုးဇာခင်း မြေသားတခုပေါ့။ ။

မောင်ချောနွယ်

No comments:

Post a Comment