သူ့ လက်ညှိုးလေးထွက်လာတယ် ကျည်ဆံလေးကွေးသွားတယ်


ဒီရာသီအတွက် ပထမဆုံးသီးတဲ့အသီးကသူ့ကိုယ်သူပြန်ခွဲတယ်
လတ်လတ်ဆတ်ဆတ်ဓားတစ်ချောင်းရဲ့အသွားပေါ်က
အထက်ဆုံးနေရာမှာ အမြစ်ထွက်လာတယ်

ရွေးချယ်မှု ( ရွေးချယ်ပါ ) ပိုကြီးတာပိုကောင်းတယ်မလား
စုစည်းမှုကအမျှင်တန်းကြီးပဲ မှုတ်လိုက်တယ် ပြုံးလိုက်တယ်
ဩဘာပေးသံကြီး ဝါထိန်နေတာပဲ  ငါ့မျက်နှာကြီးကွဲသွားတော့
ငါ့မျက်နှာကြီးထွက်လာတယ်

သဘာဝပတ်ဝန်းကျင်ကြီးကိုချစ်ကြည့် လက်ကိုမြှောက်ကြည့်
အမှုန်အမွှားတွေလည်း အရသာမရှိတော့ဘူး
သူ့တို့ပြေးထွက်လာတဲ့ဘက်ကို ကိုယ်ပြေးတယ်
လှေကားလေးထောင်ပြီး တိတ်တိတ်လေးထွက်ပြေးပြန်ပြီ
ပါးစပ်ပိတ်ထားတဲ့ လက်ဖဝါးပေါ်မှာ စကားတစ်ခွန်း ထွက်လာတယ်

အဲ့ရှေ့က ခလုတ်ကိုဖွင့်လိုက်ရင် ခလုတ်နောက်ကမျက်လုံးပွင့်မယ်
သစ်ပင်ခြောက်ကြီးရယ် နင် ပွတ်သီးပွတ်သပ်မလုပ်ပါနဲ့
ကြည့်နေတဲ့မျက်လုံးကို ရေတစ်စက်အောက်ရွှေ့လိုက်တယ်
အနီရောင်သစ်ရွက်လေးထွက်လာတယ်

ရပ်နေတဲ့အရိပ်ပေါ်ကို တိမ်တိုက်ကြီးဆွဲလာတယ်
ဒါပေမယ့် သူလုပ်တာလေလို့ သူမငြင်းဘူး ( အရေးကြီးရင် ကူပြီးရယ်တယ် )
ခွဲကြောင်းကြီးတလျှောက် စိုက်ဝင်နေတဲ့စာကြောင်းတွေ
ကံကောင်းပါစေ
ခွဲရာကြီးထဲက အရောင်လှလှ ချုပ်ရိုးလေး ထွက်လာတယ်

အင်အားဖြည့်အချိုရည်ထဲမှာ တြိဂံတစ်တုံး လင်းနေ
ကျနော့်ဖိုင်တွဲရေ သူ့ ဒတ်စတော့ပ်ပေါ်ရောက်ပြီးပြီလား
သူ့အလင်းကို သူများပခုံးပေါ်တင်ချင်တဲ့နေရောင်ဟာ
နောက်ကျလည်း လှည့်လှည့်ကြည့်တယ်
မျက်နှာကျက်ပေါ်က တံတားကြီးမှာ ချိန်းထားပြီး
ခိုဆင်းလာတဲ့ ဓာတ်မတည့်မှုဟာ
အောက်ခြေကနေ ပွင့် ထွက်လာတယ်

ရောင်စုံဂျယ်လီလေးတွေ တင်ထားတဲ့နှုတ်ခမ်းပေါ်
အားနဲ့ဆွဲညှစ်ကြည့်ပြီး
လွင့်စင်သွားတဲ့ တောအုပ်လေးကို နမ်းပါကွယ်
မျက်ရည်တစ်စက်ရဲ့တုန်ခါမှုမှာ သွေးကြောစိမ်းစိမ်းလေးပေါက်ထွက်လာတယ်

နာရီတစ်ပြင်လုံးမှာ ပိုးမွှားတွေကျတဲ့နေ့
အားလပ်ချိန်တွေ နိုင်နိုင်ဖြန်းထားမှ
ပင်လယ်ထဲကနေ အရှိန်ပြင်းပြင်းထိုးကျတဲ့ရေတံခွန်ပေါ်
တောင်တန်းတွေဖြတ်ပျံသွား
ရေမှုန်ရေမွှားတွေ ကိုယ်လက်သန့်စင်ကြတယ်
ကိုယ် ဘရိတ်ကို ဆောင့် နင်းလိုက်မှ
အရောင်တွေစွန်းနေတဲ့ သက်တံအဖြူကြီး ငေါထွက်လာတယ်

ပန်းကန်ပြားထဲက သူများဖဲ့ထားတဲ့သေနတ်တစ်လက်ကို
စိတ်မပါသလို ခက်ရင်းနဲ့ထိုးကြည့်ရင်း
သူ့ အသံကိုကြားတယ်
အခွံချွတ်ထားတယ် အချောကိုင်ထားတယ်
လက်တံအတိုလေး ကိုယ့်ဆီရောက်လာတော့
ကျည်ဆံထဲက ငှက်တစ်ကောင်ထွက်လာတယ်

ဘယ်နှစ်နာရီလဲဆိုတာ မပြောသွားဘူး ။         

တေးခက်

No comments:

Post a Comment