၁၉၉၀ ကျော်နှစ်များက ပင်လယ် စာပေနှင့်အနုပညာမဂ္ဂဇင်းရဲ့ ကဗျာအပေါ်အားစိုက်တင်ဆက်မှုတွေဟာ
ဒီဘက်နှစ်များ၊ ဒီဘက်မဂ္ဂဇင်းများနဲ့ ဒီဘက် ကဗျာဆရာများ ကဗျာဖတ်သူများ ကဗျာအပေါ်လေးနက်သူ
များ အားလုံးတို့အပေါ်မှာ သက်ရောက်ရိုက်ခတ်နေဆဲလို့ burmese poetryfoundation group က
ယုံကြည်ပါတယ်။ ယခု ပင်လယ် မဂ္ဂဇင်း အမှတ် ၃ မှ ကဗျာအချို့ကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။
burmesepoetryfoundation အယ်ဒီတာ အဖွဲ့
အလင်း
သဘာဝတရားက
နူးညံ့ကြည်လင်မှုနဲ့
စီးမျောဆဲ။
တိမ်တွေ၊ တိမ်တွေ
အရုပ်ဆိုးလိုက်တာ
တစ်လောကလုံး မှောင်တော့မယ်။
‘ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ’
ပန်းချီဆရာ ညည်းညူ
သူ့ပစ္စည်းတွေ ခပ်မြန်မြန်ထုပ်ပိုး
ဆောင့်ဆောင့် အောင့်အောင့်နဲ့
အရက်ဆိုင်ကို ပြေးပြီ။
တို့တွေ
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိ
သဘာဝတရား မပီသတဲ့
အချစ်တွေနဲ့။ ။
ဇော်ထွန်းတင်
* * *
အလဲအလှယ်
ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။
ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။
မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလည်းခဲ့
ငါ့ကိုလည်း ပြောင်းလည်းခဲ့
ပြောင်းလည်းသမျှ ဦးညွှတ်ဖို့ ကျတော့
ငါ အခု
လရောင်ကို မော့်မကြည့်ရဲတာ ဆန်းသလား။
သူ့ကို ချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ၊
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။
ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကို ချစ်သလို သူ့ကိုလည်း ချစ်ကြပါ။
ထူထူပျစ်ပျစ် နံနက်ခင်းရောက်လာ
ငါလည်း
အမှားအကျိုး ဆောင်သူပါ။ ။
ပြေမြင့်
*
* *
မြေပုံတစ်ချပ်နှင့် မီးယပ်ခေါင်းကိုက်
သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့ အနာတခု
တယုတယ ဆွတ်ကြင်
ဆေးမထည့်ချင်တော့။
ပြေးရင်း လွှားရင်း
မေ့ဆေးအငွေ့အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏ ကြေကွဲ
ဟင်.. ဦးနှောက်ဆဲလ်တစ်ခု
ဖုထစ်နေပါရော့လား။
ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့
အဲဒါလဲ တချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှုကြောင့်တဲ့။ ။
မောင်သင်းမိုး
ပင်လယ် စာပေနှင့်အနုပညာ
မဂ္ဂဇင်း