ဝင်းမြင့်ရဲ့ ကဗျာသုံးပုဒ်
            လက်ရှိကျွန်တော်တို့နဲ့ ရေးဖြစ်နေကြတဲ့ ခေတ်ပြိုင်ရော၊ ခေတ်မပြိုင်တွေပါမကျန်
အချိန်ကာလနဲ့ ကိုယ့်ပါရမီကသာ  ကဗျာသမိုင်းကို သတ်မှတ်ပေးကြမှာပါ။  ကျွန်တော်တို့
လျှောက်ရတဲ့လမ်းကဝေးပြီး အကျိုးကျေးဇူး အရိပ်အာဝါသကလည်း အလွန်နည်းပါးလှပါတယ်။
ပျောက်ဆုံးသူ၊ မအီမလည်သမား၊ လက်တစ်ဖက်ပြတ်၊ ငေါထွက်လာသူ၊ ပုံမှန်လမ်းနဲ့ဆရာကြီး
များကို တွေ့ကြုံခဲ့ရပေါင်း များလှပါပြီ။ မည်သို့ဖြစ်စေ…အခက်အခဲများကြားကပဲ ရေးဖြစ်နေကြ
တာ ကျေးဇူးတင်လှပါတယ်။
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ် ထဲက ၀င်းမြင့်ရဲ့အမှာစာမှ ကောက်နှုတ်သည်)
ပေါ့ပါးသောနေ့
အိပ်မယ်၊ စားမယ်
ဝက်တစ်ကောင်လို ငြီးငွေ့ပျက်စီးမယ်။
အလင်္ကာတွေ
အဖွဲ့အနွဲ့တွေနဲ့
ဦးထုပ်က အမှတ်အသားလို
စိတ်ဝင်စားအောင် သွေးဆောင်ကြဦးမယ်။
ဖွဲစည်းမှုတွေ
အိမ်ခေါ်မလာနဲ့တော့
မှားသွားလည်း
နောင်တမရတဲ့ လူငယ်ဘ၀လို ဟာသနဲ့နေတယ်။  
အပျက်အစီးတွေရဲ့ကြား
အသားအရေတွေ ခမ်းခြောက်စ
အနှစ် ၃၀ ကျော်မှ
ငါ့အပေါ် ဇောက်ထိုးဆင်းလာတဲ့ ကြယ်က
ရေသောက်မြစ်တစ်ခု ရှာမလို့တဲ့။
သေကွဲတွေ
ရှင်ကွဲတွေ
လက်မလည်အောင် လွဲခဲ့ပြီပဲ။
တစ်ယောက်တည်း စကားတွေ
နှစ်ယောက်တည်း ကြိတ်မှိတ်နေရတာတွေ
ဘယ်သူသိ
မသိအောင်လည်း ရေးခြစ်မိတဲ့ နံရံများ။
ငါ့ကို မြို့ဟောင်းတစ်ခုလို တူးဖော်တော့
ပုံပျက်ပန်းပျက် ပြတ်ကျနေတဲ့ကြယ်ကို တွေ့တယ်
ဒါဟာ မိန်းမတစ်ယောက်
နှုတ်ခမ်းတွေ ရွဲ့စောင်းလို့
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့။     
နေ့စား
အထင်သေးပြိးရင် ငါ့ကို
ငှက်တစ်ကောင်လို့ နားလည်ပေး
စိတ်ထဲမှာ ရှိတဲ့ငှက်
ဘယ်ငှက်ဖြစ်ဖြစ်
ခံယူမယ်။
မင်းရှေ့မှာ သေးကြုံ့လို့
ငါ ဖြစ်နေပုံ
အရိုးဖားဖားနဲ့ ငါ့ အသားအရေ
မပျံသန်းနိုင်တဲ့ ဇီးကွက်လို
အတောင်သေလို့
စာအိတ်တစ်အိတ်လို အပြီးပိတ်
အဝေးပို့ပစ်ဖို့ ဖြစ်ဖြစ်
ဘယ်လိပ်စာကို ရောက်ရောက်
မတွေ့ရရင် ပြီးတယ် အထိ ခံယူမယ်။
ငါ့ မေတ္တာတရားဟာ
ဒီနေ့တော့
မင်းရဲ့ အလုပ်သမားတစ်ယောက်ပမာ
သေ၀ပ်ဖို့။      
(ကဗျာ သုံးပုဒ်စလုံးမှာ ၀င်းမြင့်၏ ‘လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ’ ကဗျာစာအုပ်မှ ဖြစ်ပါတယ်)
1 comment:
  1. Hi looks so impressive and interesting blogs, come and visit us back too:
    http://motors.com.mm/?
    utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
    ReplyDelete