လောက
ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
-
မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက
ကခြေသည်မတစ်ယောက်က ပြောတယ်။
တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက်
ဒက္ခခံခဲ့ရသမို့
-
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက
တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။
နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင်
-
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက
ကဗျာဆရာတစ်ယောက်က ပြောတယ်။
လူလိုမနေရတာ
ကြာတော့
လူစိတ်ကလဲ
ပျောက်လုလု
-
မင်းတစ်ယောက်တည်းမဟုတ်ဘူး
အာဖရိကက
စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။
ကောင်းပြီ၊
ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး
တစ်ခုလုံးပါတယ်
ခေတ်ကြီး
တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း
စိတ်ညစ်စရာ ကောင်းမှာပေါ့
ကဲ..
ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်
ဂျာကာတာက
ဖင်ရှင် ကဖေးမှာလား
ဟိုချီမင်း
စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက
ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက
ဟာ့ဒ်ရော့ခ် ကဖေးမှာလား
ရေငုပ်သင်္ဘောလို
နေလို့မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို
နေမှဖြစ်တော့မယ်… တဲ့
ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့
သိုးတစ်ကောင်က ထ အော်တယ်
-
မင်းတစ်ယောက်တည်း မဟုတ်ဘူး
နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့
လမ်းမ က ထ အော်တယ်
-
မင်းတစ်ယောက်တည်း မဟုတ်ဘူး
သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက
ထ အော်တယ်
-
မင်းတစ်ယောက်တည်း မဟုတ်ဘူး
မဝေးတော့တဲ့
နွေဦးအတွက်
စုဘူးကို
ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း
မဟုတ်ဘူး။ ။
လှသန်း
(ကြည်မောင်သန်း
အမည်ဖြင့် ရနံ့သစ် မေ ၁၉၉၇)
-
No comments:
Post a Comment