ရီနေးဆန်းအလွန်/ဘာလင်တံတိုင်းအလွန်/ကမ္ဘာပြားအလွန်
ခင်ဗျား
ဆင်ဖိုနီတေးသွားတွေ
ဖန်တီးနိုင်တာ ခင်ဗျားလိုလို
လပေါ်လူရောက်တာ ခင်ဗျားလိုလို
အင်တာနက်ဆင်သေကြီးထက်မှာ
ခင်ဗျားဟာ ခေတ်မီစွာ မျောပါလို့
မျောက်နဲ့အမျိုးတော်တဲ့အထဲမှာတော့
ခင်ဗျားမပါဘူးလို့ ငြင်းလို့
ခင်ဗျားရဲ့နေ့စဉ်ဘ၀မှာ
နပိုလီယန်နဲ့ ၅၀၀
တန်တစ်ချပ်နဲ့၊ ဒေးလ်ကာနဂျီမပါ လင်္ကာမချောရတာနဲ့
ယန်ပေါဆာ့တ်နဲ့ဆတ္တာသည်နဲ့
ဘီလ်ဂိတ်နဲ့ ရပ်ကွက်ထဲက ချာတိတ်မနဲ့
ပဋိစ္စသမုပ္ပါဒ်နဲ့
လာဘ်ရွှင်ဂါထာနဲ့
ဟုတ်တာပေါ့ အဲ့ဒါ
ခင်ဗျားကို စောင်းပြောနေတာ
ခင်ဗျားရဲ့ ဘ၀စံချိန်ဝင်
အဆောက်အအုံကြီးတွေဟာ
ဆူနာမီ ငလျင်ကျောက်လွှာနဲ့
တစ်ကြောတည်း
ခင်ဗျားနေ့စဉ်အသွားအလာမှာ
အသေခံဗုံးဖောက်ခွဲသမားပါလာတဲ့ ဘတ်စ်ကားနဲ့တေ့လွဲလွဲ
အရှေ့အလယ်ပိုင်းမှာ
ခင်ဗျားတစ်ပိုင်းပိုင်းတော့ ၀င်စွက်ဖက်နေမှာပဲ
အီရတ်မှာ ခင်ဗျားတပ်ဖွဲ့
အကျအဆုံး??? မြောက်ကိုးရီးယားနဲ့
အီရန်ကိစ္စမှာ
ခင်ဗျား ဘယ်လိုကိုင်တွယ်မလဲ
တကမ္ဘာလုံးက စောင့်ကြည့်နေတယ်
ခင်ဗျား စောင့်ကြည့်နေတဲ့
ဇီဒန်းကျတော့ ခင်ဗျားရင်ဝကို ပြေးဆောင့်သွားတယ်မဟုတ်လား
ခင်ဗျားမှာ/ကြောင့် စားနပ်ရိက္ခာနဲ့ အစာရေစာ ပြဿနာ
ကမ္ဘာ့လူဦးရေပေါက်ကွဲမှုဟာ
ခင်ဗျားမှာ/ကြောင့် စနစ်(တံ) ဘယ်နှခု
ဂေဟ စံနစ်ကို ဖျက်နေတဲ့အထဲမှာ
ခင်ဗျားမှာ/ကြောင့် ကာဗွန်အမှိုက်ပုံ ဘယ်နှပုံ
ဒါတွေနဲ့ ခင်ဗျားဟာ
သံသရာလည် ကြက်ဥနဲ့ခင်ဗျား ဘယ်ဟာအရင်လဲ
သဘာဝတရားနဲ့ခင်ဗျား
ခင်ဗျားနဲ့ သဘာဝတရား
သဘာဝဟာ ခင်ဗျားအတွက်
တရားရဲ့လား
ခင်ဗျားရဲ့သဘာဝကကော
ဘယ်လိုကျသလဲ သဘာဝနဲ့ သဘာဝကျရဲ့လား
မနေ့ကနဲ့ မနက်ဖန်က
ကျားကန်ပေးထားရတဲ့ ဒီနေ့ခင်ဗျား
ခင်ဗျားတစ်ယောက်တည်းမှာ
အတ္တပေါင်း သန်းခြောက်ထောင်ကျော် ဘ၀အဖွဲ့အစည်း
ခင်ဗျားကို ခင်ဗျားကျတော့
ရှာမတွေ့ ဘယ်ရောက်နေသလဲ ခင်ဗျား
ခင်ဗျားကို ဘာနဲ့ဘယ်လိုမှ
အစာသွပ်လို့မရ
ခေတ်ပေါ်ကဗျာကို လုံးဝလက်မခံတဲ့ခင်ဗျားနဲ့
ခေတ်ပေါ်ကဗျာကို လက်ခံပြီး
အခြားခေတ်ပေါ်ကဗျာကို
လုံးဝ လက်မခံတဲ့ခင်ဗျားတို့
ခင်ဗျားတို့အားလုံးအတူတူ
ဒီခင်ဗျားပုတ်ထဲက
ဒီခင်ဗျားတွေပဲ
ဘ၀ဆိုတာ ရှိရှိသမျှ
ခင်ဗျားအမှုန်တွေ လှိုင်းတွေ
စုစည်းထားတဲ့ ဒြဗ်ဝတ္ထုကြီးတစ်ခုလား
‘ခင်ဗျားကရော’ မေးလာရင် ဘယ်လိုဖြေမလဲဆိုတာ…။ ။
မောင်ယုပိုင်