ကြည်အေးရဲ့ Masterpiece ကဗျာတစ်ပုဒ်

“ကျမက စကားလုံးအပိုမသုံးချင်။ ပြီးတော့ အိပ်ငိုက်နေသူကို လှုပ်ရမ်းလိုက်သလို
ကာရန် ကစားချင်စိတ်လဲရှိတော့ ကျမ ကြိုက်သလို ရေးခဲ့တာ သိကြတဲ့အတိုင်းပဲ..”

“ကျမ ငယ်စဉ်က ရေးခဲ့တဲ့ ကဗျာတချို့ကို ကျမ ပြန်မဖတ်ချင်ဘူး။ မကြီးရင့်တဲ့ လက်
တည့်စမ်းတဲ့ သဘောတွေပါရုံမက ပြန်လည်ပုံနှိပ်ဖို့တောင် တန်ဖိုးမရှိဘူးထင်ပါတယ်။
ဒါပေမယ့်လဲ ကဗျာဆရာ တစ်ယောက်ငယ်ရာကကြီးလာတာကို study လုပ်ဖို့တော့
အသုံးကျနိုင်ပါတယ်။ ကျမကိုယ်တိုင် ရွေးချယ်ပြီး ပုံနှိပ်ချင်တဲ့ ကဗျာတွေကို မှတ်သား
ထားပါတယ်..”

“ ကဗျာဟာ ကျမရဲ့ ဘာသာစကားရပ် တစ်ခု (Language) ဖြစ်တာမို့ မရည်ရွယ်လှ
သော်လည်း ကဗျာစပ်နေမိတာ မကြာခဏပါပဲ။ စာဖတ်သူများ ကျမရဲ့ ကဗျာများကို
ဖတ်ပြီး စိတ်ကျေနပ်မှု ရတယ်ဆိုရင် ကျမ ၀မ်းသာတာပါပဲ..”

ကြည်အေး
၁၆-၉-၉၁
(အားမာန်သစ် စာပေတိုက်ထုတ် ကြည်အေး၏ကဗျာများ စာအုပ်မှ)


အင်းလျားကန်၌မြှုပ်နှံခြင်း

အချစ်ဦးကို
ယစ်မူးတမ်းတ၊ တွေ့ရလို၍
မြူခိုသီဝေ၊ လေပြင်းပြေးလွှား
စကားမွှေးပွင့်၊ နေခြည်လင့်သော
နှင်းသင့်နံနက်၊ နတ်တော်ရက်မှာ
သိုးယက်ပတ်ထွေး၊ လက်ဖျားအေးစက်
အတွေးနုံ့နုံ့၊ ခေါင်းစိုက်ငုံ့၍
ချစ်တုံ့မတင်၊ မကြင်သာသည်
ခွဲခွာခဲ့သူ၊ သူတစ်ယောက်တည်း
လမ်းလျှောက်လေသော၊ ဆည်းပြာတော၌
စိတ်စောရင်ခုန်၊ တွေ့ကြုံတတ်ငြား
အင်းလျားနဖူး၊ ကန်ဘောင်ဦးသို့
ကိုယ်ထူးလွင့်ပါးခဲ့၏။

မှန်သားချပ်မျှ၊
ငြိမ်ဝပ်တိတ်ဆိတ်၊ ရေပြင်ရိပ်ထင်
သစ်မြိတ်မြဖူး၊ ချုံနွယ်ကူးယှက်
နှင်းလူးမြက်ပင်၊ ပုလဲဆင်သ
မျက်ရှင်စိန်စ၊ ကြယ်သေးရွသို့
နိုးထမည့်ဆဲ၊ ၀န်းကျင်မဲမှောင်
ဝမ်းနည်းစိတ်လျော့၊ တစ်ကျော့်အိပ်ပြန်ကြ
သစ်ရိပ်ကျယ်ပြန့်၊ ရေပေါ်ဖြန့်ခင်း
ကြွေဆင်းရွက်ဝါ၊ သာယာကျွန်းငူ
ဒိုက်တောထူသော၊ လူဝေးစွာ၌
ပြာဖန့်စိမ်းညို၊ မှော်ပွင့်ဆိုဆဲ
မဖို သားချင်း၊ အုပ်သင်းဖွဲ့မြူး
မြောက်စူးစူးမှ
မြားဦးသဏ္ဍာန်၊ လေကိုဆန်၍
တွန်မည်ညံစာ၊ ပြန်လာရစ်ဝဲ
တောဘဲအုပ်တို့
တစ်သုတ်နှစ်သုတ်၊ အတောင်ရုပ်သိမ်း
ဖြုတ်ချည်းဖြန့်ကျ၊ တရွရွနှင့်
ဝ ကွက်ဇာကျော့၊ လှိုင်းကော့ကော့၌
စီးဖော့ငြိမ့်ငြိမ့်၊
နိမ့်တုံမြင့်တုံ၊ လှိုင်းနှင့်ခုန်ကြွ
ပလုံတန်းစီ၊ မြီးဖျားသီခဲ့
လည်တံရကောက်၊ နဖူးမောက်နှင့်
ညိုပျောက်နှုတ်ခွေ၊ ၀မ်းပိုက်ရွှေနှင့်
ရေအောက်အသော့
ငုပ်ပျောက်လျော့ပါး၊ မြုပ်ကွယ်သွားကြ
ငါးဖမ်းဆန်းကျယ်၊ ငှက်တံငါနွယ်တို့
ရေစံပါယ် နှင်းငွေ့ကြား၌။

မြက်လဲ့လဲ့ခင်း
သလင်းသဲဖြူး၊ ဆောင်းရက်ဦး၌
ညွတ်နူးဘိခြင်း၊ ရွက်မွှေးသင်းသော
ပင်ရင်းကျောမီ၊ စိတ်တည်တံ့ခဲ့
မင်ပြန့်ခရမ်း၊ မှောင်စခန်းမှ
ရွှေလျှမ်းတိမ်လွှာ၊ ဖြူလင်းသာဆဲ
လာရောက်ခဲလှ၊ သူ့ကို တ သော
သမုဒယ၊ သက်သာရခဲ့
လမ်းပြပြမှ၊ သွားကြလာကြ
လုပ်ငန်းစသော၊ ဘ၀တစ်နေ့
ရွေ့လျားကြသူ၊ လူသံဗလံ
ဟွန်းဆူညံသော၊ ကားမှန်လက်လက်
တစ်ချက်တစ်ချက်၊ ဝေးမှပြက်ခဲ့
ငှက်ပျံလွှားတို့
ကွေ့သွားပြန်ခိုက်၊ ရေရှပ်တိုက်မျှ
ပြေးလိုက်ဖြတ်ကူး၊ လေ၌လူးခဲ့
နေခြည်ဦးလဲ
ကွန့်မြူးသွန်ကျ၊ နှင်းစစ၌
စိမ်းမြသစ်ရွက်၊ မှုန်မှုန်ပြက်မှ
သရက်ခက်ကြား၊ လျှိုတွားလွန့်လွန့်
အကန့်အကန့်၊ ရွှေသက်တန့်သို့
ဖြာကွန့်ရက်ဖောက်၊ မြေသို့ရောက်ပြီ
မေးထောက်ငေးမော၊
စောင့်စားသောသူ၊ လွမ်းအောင်မြှူခဲ့
နွေးပူကိုယ်တွင်း၊ လမ်းလျှောက်ခင်း၌
ကွေကွင်းဆယ်နှစ်၊ ချစ်ဦးသူမူ
လူမရောက်ပဲ၊ လမ်းရွေးလွဲရှင့်
ကြေကွဲသက်သက်၊ နှုတ်ဆက်နောက်ဆုံး
ပြုံးလဲ့လင်းထင်၊ သူ့ရုပ်သွင်ကို
မခင်ချင်တော့လည်း
မြင်ယောင်ဝိုးဝါး၊ စိတ်နွမ်းပါးမိ
စကားဖြည်ညှင်း၊ တစ်ယောက်ချင်းပင်
အင်းလျားရင်ခွင်၊ သူ့ရုပ်သွင်ကို
တွန်းနှင်စွန့်ပစ်၊ သူနေရစ်တော့
မွန်းနစ်စိမ်းကား၊ မြှုပ်နှံထားခဲ့
ပေါ့ပါးစိတ်သွက်၊ ထိုနံနက်မှာ
ရက်စက်အိမ်ပြန်ခဲ့သတည်း။ ။

ကြည်အေး
ရှုမ၀၊ ၁၉၇၁၊ ဖေဖော်ဝါရီ

မှတ်ချက်
ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြစဉ်က အင်းလျားကန်၌ မြှုပ်နှံခြင်း ခေါင်းစဉ်
ဖြင့်ဖြစ်ပါသည်။ ၈၈ အရေးအခင်းနောက်ပိုင်း အင်းလျားနှင့်ပတ်သက်
သောသီချင်းစာသား ကဗျာများအပေါ် စိစစ်မှုများ ဖြုတ်ပယ်မှုများကြောင့်
ကဗျာအမည်ပြောင်းလိုက်ရသည်ဟု ယူဆရပါသည်။

အယ်ဒီတာ
burmesepoetryfoundation

No comments:

Post a Comment