အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ

ဧည့်စာရင်းမတိုင်တဲ့ ကဗျာ

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။
ဘယ်နေ့သွားမယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ
ဘယ်ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။

ဒီမြေက ငါ့မြေ။
ဒီလူတွေက ငါ့လူတွေ။
ဒီရေက ငါ့ရေ။
ဒီသစ်ပင်က ငါ့သစ်ပင်။
ဒီကျွဲက ငါ့ကျွဲ။

ကဲ…
ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ
ဒီမြေပေါ်မှာ ပျော်ပျော်ပဲ
သေပွဲဆင်ခဲ့ကြရဲ့။

အဖိုးသေတယ်လေ
အမေတို့ အမတို့
ရိုးရာမပျက်
ကျွက်ကျွက်ညံ ငိုကြရဲ့
အဖေနဲ့ ဘကြီး ဦးစံသိန်းတို့က ချက်အရက်တွေသောက်
တယောက်တပေါက် ငြင်းခုန်။
ငါ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ်။
တညလုံး …။

ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း၊
ငါ့ ခွေး တီလုံးခမြာ နေရာမရ။
အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။
အားရပါးရ ရှိလှရဲ့..။

အေး …
ဒို့ ဘယ်သူမှ ဧည့်စရင်း မတိုင်ကြဘူး။

ငါဟာ လူသား၊
လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ်။
လင်ယုန်တကောင်လို တိမ်လွာကိုခွဲပြီး
ဤခရီးကို သွားမယ်။

မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့ ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
အစစ်ဆေးခံနေစရာ ငါ့မှာ အကြောင်းမရှိ ။

မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။

ငါဟာ လွတ်လပ်တဲ့ လူသား။
ပညတ်တော်ဆယ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦးတင်စရာမလို။
ဧည့်စရင်း တိုင်စရာလည်းမလိုဘူး။

မိန်းမ ရေ..
အထုပ်အပိုးတွေပြင်
မယ်ဒလင် ယူခဲ့။
လာ.. ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ရွက်လွှင့်မယ်။

မိုးသီးဇွန်

(နေ့သစ် ဘလော့ မှ ကူးယူဖော်ပြသည်)

1 comment:

  1. ကိုမိုးသီးရဲ့ ကဗျာလေးခံစားလို့ရခဲ့တယ်

    ReplyDelete