ကဗျာဆရာမတစ်ဦးသို့

ကဗျာဆရာမတစ်ဦးသို့

လ နာကျနေတယ်။
နယ်စပ်ကို ငါမဖြတ်ကျော်နိုင်ခဲ့ဘူး။
ဒီဘက်မှာပဲ ငါ့ခန္ဓာနဲ့ ငါဟာကျန်ခဲ့တယ်။
ငါ့ခြေရင်းက မြေကြီးထဲ ငါ့လက်နှစ်ဘက်ထိုးသွင်း
သီးပင်စားပင်အတွက် စိတ်ချင်းတလင်းနယ်နေတယ်။
ဒူးထောက်ခေါင်းငုံ့နေရာက ခေါင်းထောင်ကြည့်လိုက်တယ်
တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း . . . . အဲဒါနယ်စပ်ပဲ။
ဘာစည်းမှတားမထားဘူး ၊ ဘာစည်းရိုးမှမခြားဘူး။
ဒီကနဲ့ တစ်ဆက်တည်းပေမယ့် ဒီကရဲ့ အဲဒီဟာနယ်စပ်ပဲ။
လက်နဲ့မြေကြီးသွေးစည်းတဲ့အထိ ဆုပ်ကိုင်ချေနေရင်း
ငါငေးကြည့်နေမိတယ် ၊ ငါစိုက်ကြည့်နေမိတယ်။
တစ်ချိန်တည်းမှာပဲ လွတ်လပ်သွားပြီး တစ်ချိန်တည်းမှာပဲ စူးမြက်။
အလင်းသီတဲ့ကြိုး / အပူဒဏ်နဲ့ / ပြတ်ကျသွားခဲ့တယ်။
အသိနဲ့ပဲ လရောင်အရွေ့ကို မြေ့မြေ့ထိနေတယ်။
ကူးနေတဲ့ ငါးဟာ ရေပေါ်ယုံကြည်မှုထားသလိုပဲလို့ထင်တယ်။
ငါမသွားနိုင်လို့ နယ်စပ်ဟာ ငါ့ဆီရောက်လာတယ်
နယ်စပ်ဟာ င့ါငယ်ထိပ်ပေါ်တက်ရပ်တယ်
အလံဆိုတာ မျှော်မှန်းချက်လည်းတလူလူလွင့်တာပဲ။
ရုရှက မရီနာ ဆဗက်တာယဲဗားပြောခဲ့တယ်
ဗြိတိသျှက ရု(သ်)ဖေးန်ရိုက်တ် ထပ်ပြောတယ်
`ခရစ်ယာန်လောကထဲမှာ ငါဟာဂျူးတစ်ယောက်´
မဟာပုရိသ အလုံးစုံစိုးမိုးမှုမှာ ငါဟာမိန်းမ
ရှူသွင်းလိုက်တိုင်း အာဏာဆက်ဆံရေးမှာ
ငါဟာ ကဗျာဆရာမ။
ဒီအသိတွေဟာ ငါ့ကို ဒီနေရာမှာပဲအမြစ်တွယ်စေတယ်။
နယ်စပ်ဟာ ငါ့ထဲဝင်သွားပြီး ငါ့ရဲ့ ထာဝစဉ်
`အခြား´ အဖြစ်နေထိုင်သွားတော့မယ်ဆိုလား။
ဘယ်လိုအမည်တပ်တပ် ၊ အခုဒီမှာ ငါဒါကိုပဲထပ်ပြောမယ်
တစ်လောကလုံးထိန်ထိန်လင်းနေရင်တောင်
လ ကတော့ တစ်စင်းတည်းပါ။
ငါဟာလည်း လ ရောင်ငတ်တတ်သူတစ်ဦးပါ။
ငါ့ခန္ဓာအဖွဲ့အစည်းဟာ လ ရောင်ပွေ့ဖက်ဒဏ်တွေပါ ။

ဇေယျာလင်း
26 – Feb – 12

K0NT3MP03TRY မှ ကူးယူ ဖော်ပြပါသည်

No comments:

Post a Comment