ပရူးဖရော့က်ရဲ့ အချစ်သီချင်းကိုမှီး၍

ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်
ဟိုလူရဲ့နာမည်။
ထူထဲတဲ့ စကြ၀ဠာမှာ ခါးထောက်
သူဟာ အလုပ်များခဲ့တယ်
မဖြစ်နိုင်တဲ့အလုပ်ကို
ကျွန်တော့်လို တစ်သက်လုံးလုပ်ခဲ့တယ်။
‘ခါးထောက်မထားရင်
လက်ကို ဘယ်မှာထားရမလဲကွ’ လို့ ..
ကျွန်တော့်ကို ဂွ တိုက်ပြောတယ်။
သူကိုယ်တိုင်ပင်လျင် အဲသလိုပဲ သဘောရပါတယ်
ဒါပေမယ့် သူ အဲဒါကိုပဲ ပြောချင်တယ်။
ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်
ဟိုလူရဲ့ နာမည်။

သူ့အသက် ထက်ဝက်ကျော်လောက်မှာ
မိန်းမ ကောက်ယူတယ်။
ကောင်မလေးက သနားစရာပါ။
ထမင်းစား ကျွန်ခံပဲ။
ကိုယ့်လူက ပါရမီရင့်သန်သူ မဟုတ်မှန်း သူ့ဖာသူ သိလျက်နဲ့
ပါရမီဖြည့်ဖက်လေး ဘာလေးနဲ့
ရူးဆေး ကျွေးထားတယ်။
ကောင်မလေးက ယုံဟန်ရှိတယ်။
အဆင်တော့ ပြေနေတာပဲလေ။
ကောင်မလေးက သနားစရာပါ။
ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်
ဟိုလူရဲ့ နာမည်။

ဒါနဲ့ သားသမီး နှစ်ယောက်ပွားတော့
အမည်လှလှ အဘိဓမ္မာဆန်ဆန်မှည့်တယ်
အဲဒါတော့
သူ ကျေပွန်ပါတယ်။
လူ့ဘ၀ ဆိုတာဟာ
နှာစေးချောင်းဆိုး ဖြစ်တတ်တယ်
ဗိုက်နာတတ်တယ်
ခေါင်းကိုက်တတ်တယ်
လူရယ်စရာ ဖြစ်တတ်တယ်
နေရင်းထိုင်ရင်း ဆင်းရဲတတ်တယ်
အဲဒါလဲ သူ ပြည့်စုံခဲ့ပါတယ်။
ကျွန်တော် ပါးစပ်ဖျားတင်မေ့နေတယ်
ဟိုလူရဲ့ နာမည်။

သူဟာ ကြယ်ပွင့်တစ်ပွင့်ဖြစ်တယ်
ကောင်းကင်မှာ ကြယ်တွေ ရေတွက်မကုန်အောင်ရှိတယ်မဟုတ်လား။
ဘယ်လောက် အသုံးမကျတဲ့ကောင်ပဲဖြစ်ဖြစ်
ကြယ်ပွင့် တစ်ပွင့်တော့ဖြစ်နိုင်တာပဲ။
သူဟာ ကြယ်ပွင့်တစ်ပွင့်ဖြစ်တယ်။
ကျွန်တော် ပါးစပ်ဖျားတင်မေ့နေတယ်
ဟိုလူရဲ့ နာမည်။

ခုတော့ နှစ်တွေ ကြာပေါ့
သူ ဘာလုပ်ကိုင်စားသောက်အသက်ရှင်နေထိုင်တယ် မသိဘူး
သူရှိသေးတယ် ကြားတယ်။
ဒီလိုပဲ၊ ခလုတ်တိုက်ရင်း
ကြောက်လာရင် ဘုရားတရားကို သတိရရင်း
နေမှာပေါ့။
ကျွန်တော်တွေ့ချင်ပါတယ်
ရှိရင် သူဟာ ကျွန်တော့်အသက်အရွယ်လောက်ပါပဲ။
သမ္မတ ‘ဂျော့ဒဗလျူဘွတ်ရ’ှ် ‘ နဲ့ ရွယ်တူပဲ။
သူဟာ ထူးဆန်းစွာ
အသက်မွေးဝမ်းကျောင်းပညာ တစိမှ မတတ်ဘူး
ဘယ်လို ရေကူးလဲ မသိဘူး
ဒုက္ခပဲ။
ကျွန်တော်တွေ့ချင်ပါတယ်။
ကျွန်တော် ပါးစပ်ဖျားတင်မေ့နေတယ်
ဟိုလူရဲ့ နာမည်။ ။

အောင်ချိမ့်
(ကဗျာ ၁၂ ပုဒ် အမှတ် ၃ မှ ကူးယူဖော်ပြသည်)

No comments:

Post a Comment