ကဗျာရေးသူအကြိုက်အစီအစဉ် (သစ်ကောင်းအိမ်)

Burmesepoetryfoundation မှာ ၀င်ရောက်လည်ပတ်သူ ၉၀၀၀ ပြည့်တဲ့နေ့မှာ အစီအစဉ်ကလေး တခု
လုပ်ချင်စိတ်ပေါက်လာတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့လဲ မရိုးနိုင်တဲ့ ဆင်ခြေပဲ ပေးရရင်
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ထင်သလို ထင်သလောက် ထူးခြားတဲ့အစီအစဉ်
တင်ဆက်နိုင်ခြင်း မရှိကြောင်းကို ၀န်ခံလိုပါတယ်။ ခုတော့ အထူးအစီအစဉ်လဲ မဟုတ် ထူးမခြားနားလဲ
မဟုတ်တဲ့ ကဗျာဆရာကိုယ်တိုင် အကြိုက်ရွေးချယ်ပြီး သူ့ကဗျာအပေါ် မှတ်ချက်တခုခု ပေးတာကို ဖော်ပြတဲ့
ကဗျာရေးသူအကြိုက်အစီအစဉ်ကို တင်ဆက်ဖြစ်ပါပြီ။ ဆက်လက်ပြီး အခြား ကဗျာဆရာများရဲ့ ကဗျာရေးသူ
အကြိုက် များကိုလဲ တင်ဆက်နိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်း ပြောကြားလိုပါတယ်။

Burmesepoetryfoundation group


"ကဗျာဆရာ သစ်ကောင်းအိမ်"
ကဗျာရေးသူအကြိုက်အစီအစဉ်

အမေမရှိတော့တဲ့အမိမြေမှ
တိုင်းစွန့်ပြည့်ခွာခြေဦးတည့်ရာသွားလာရင်း
နောက်ဆုတ်စရာဆိုလည်းဟုတ်
ရှေ့တိုးစရာဆိုလည်းဟုတ်တဲ့
ခုန်ချစရာဆိုလို့အတ္တလန်တိတ်သမုဒ္ဒရာကြီးတခုသာကျန်တော့သူ
ခြေသလုံးအိမ်တိုင်လူလေလူလွင့်တယောက်ရဲ့
အိမ်လွမ်းဆောင်းအိပ်မက်အပြတ်အစများနဲ့ယက်ဖောက်ထားတဲ့
အကောင်းမြင်ဝါဒဓားခြစ်ပန်းချီပုံကြမ်းတချပ်မျှ......

(သစ်ကောင်းအိမ်)


ရေခဲဖုတ်ကောင်


ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကိုပြန်ရေ

ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ

ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင်တောင့်ခဲ
နေရောင်မလာအောင်ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ်မကောင်းမြင်ဝါဒီစကားဝါကိုင်း

ကျနော်
အကောင်းမြင်ပါတယ်
အကောင်းပြည်ကြီးကိုပြန်သွားတယ်
အကောင်းပြည်ကြီးကပြန်လာတယ်

လှလှ
ဒုက္ခနဲ့တွေ့မှပိုလှမယ့်
ကျမနာမည်လှလှ။

သစ်ကောင်းအိမ်

(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)

No comments:

Post a Comment