မလှမ်းမကမ်း

မြို့တစ်မြို့တည်းမှာ ချောင်းကြည့်ပေါက်တွေ သလောက်အများကြီး
ဝရန်တာတွေ ပြတင်းပေါက်တွေ ဆီကနေ ချောင်းကြည့်ပေါက်တွေဆီ ကျဉ်းသွားတယ်
ချောင်းကြည့်ပေါက်ပိုကျဉ်းလာတာနဲ့ သံသယက ပိုကြီးလာတာလေ
ဆိုပါတော့ ခင်ဗျားက ကိုးကွယ်မှုတစ်ခု
ခင်ဗျားက အသားအရောင်တစ်ခု
ခင်ဗျားက တစ်စုံတစ်ခုဆိုပါတော့
ဖန်ပြားပေါ်တင်ပြီး ချောင်းကြည့်ပေါက်နဲ့ချဲ့မယ်
လမ်းမပေါ်က ချောင်းကြည့်ပေါက်တွေက
ခင်ဗျားအတွင်းအင်္ကျီကို ဆွဲဆုတ်ပစ်လိမ့်မယ်
နောက်ကွယ်က ကင်မရာတစ်လုံးဟာ ရိုင်းရိုင်းစိုင်းစိုင်း ချောင်းကြည့်ပေါက်
မှောင်ပြီး ကျဉ်းမြောင်းတဲ့ လှေကားထိပ်မှာ
ပန်းတစ်စီးနဲ့ လူတစ်ယောက် ချောင်းကြည့်ပေါက်ရှေ့မှာ ရပ်လို့
ပန်းတွေကတော့ နွမ်းသွားပြီ
ချောင်းကြည့်ပေါက် ပိုများလာလေလေ လူတွေက ပိုစိမ်းလာလေလေ
လူစိမ်းတွေကလည်း ခင်ဗျားဘေး ပိုများလာကြမယ်
ပူနွေးနေတဲ့ ပေါင်မုန့်တွေလည်း အေးတောင့်သွားရော့မယ်
အိမ်အပြင်ထွက်ကြတော့
မျက်လုံးတွေရဲ့ရှေ့မှာ ချောင်းကြည့်ပေါက်တွေ ကပ်ပါသွားရော
ခင်ဗျား နောက်စေ့ တည့်တည့်မှာ
ခင်ဗျားရဲ့ နာကျင်နေတဲ့ တစ်နေရာရာမှာ
ဆိုကြပါစို့ ကျုပ်အတွေးတွေရဲ့ ပြောင်းတည့်တည့်မှာ
မြို့တစ်မြို့တည်းမှာ ချောင်းကြည့်ပေါက်တွေ အများကြီး ဘယ်သူထည့်ထားတာလဲ။ ။

ဇော်လူစိမ်း
မြန်မာသစ်မဂ္ဂဇင်း
နိုဝင်ဘာ၊ ၂၀၀၈

၁၉၇၆တုန်းက ကဗျာတစ်ပုဒ်

ခုန သူပြောတာ
အရင်က ကျွန်တော် မပြောဖြစ်တာတစ်ခုပေါ့။

တို့တွေ ကံကောင်းခဲ့ကြတယ်
(ထင်တာဘဲ)
နှစ်များ ခေတ်များဟာ
လူ့မျက်နှာများကို အသက်ကြီးလာစေတယ်
တို့နှစ်ယောက် ဆုံတဲ့အခါ
ပိုင်ရှင်ရှိခွေးတစ်ကောင်ဟာ
မကိုက်တတ်တော့ဘူး။

မုသာဝါဒဟာ
သခင်အရေးမပြုတော့လို့မို့
စက္ကူစုတ်ခြင်းတောင်းထဲ လုံးထွေးလို့။

“ဒီမှာ….
ဒါယူမလား
ပေးမလို့”တဲ့။

ကမ္ဘာ့မြေပုံတစ်ခုမှာ
စစ်ဖြစ်နေတာပဲလေ
“အင်းလေ၊ ယူမှာပေါ့။”

သူ့ဆံပင်တွေက ကွေးကွေးကောက်ကောက်နဲ့
ရှုပ်ပွလို့
ကျွန်တော့်ဆံပင်တွေလိုပဲ။

ကျန်းမာရေးကလည်းညံ့
ချူချာ
ဘဝကိုငေးလို့။

ပုလင်းနဲ့ပုလင်းအဖုံးလို
တစ်ယောက်ကိုယ်တစ်ယောက် မုချလိုအပ်သူတွေရှိတယ်
သတိရကြ။ ။

အောင်ချိမ့်
(အေးမြကမ္ဘာမဂ္ဂဇင်း၊ ဇွန် ၁၉၉၄)
ကဗျာ ၁၂ပုဒ် (၃) စာအုပ်၊ (ပ-ကြိမ်၊ ၂၀၁၀နိုဝင်ဘာ ဇင်ရတနာစော စာပေ) မှ ကူးယူဖော်ပြပါသည်။

အသည်းကွဲပြီးနောက် သတင်းစကားသို့ စိတ်ကြေကွဲရ၀မ်းနည်းရမှု သတင်းစကား

လှသန်းရေ..

မင်းအသားအရည်မှာ အနွေးဓါတ်တွေ ဆုတ်သွားပြီး
မင့်ခန္ဓာ အတ္တဘောကြီး ချုပ်ငြိမ်းသွားပြီလို့ ပြောလောက်ဆိုလောက်တဲ့အချိန်ရဲ့နောက်
နာရီပိုင်းအတွင်းမှာ အဲ့ဒီသတင်းဟာ ကမ္ဘာ့အနောက်ခြမ်းကို မျက်စေ့လည်လမ်းမှားရောက်နေတဲ့
ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။
ကိုယ် အာစေးထည့်ထားခံရသူလို ဟန်ဆောင်လိုက်ရမလား
မန့်ခ်ျ ရဲ့ scream ပန်းချီကားထဲကလို အာခေါင်ခြစ် ဟစ်အော်လိုက်ရမလား။

ကျီးထိုးလောက်ကိုက် ကဗျာဆရာတွေကြားထဲ
မင်း ကဗျာတွေထိုးတက်လာခဲ့တဲ့ နေ့တွေအကြောင်း ချေးခြောက်ရေနှူးရမှာလား
မင်း ပါးစပ်ကြီးတလုံးနဲ့ မောက်မာပုံတွေကိုပဲ လိုတာထက် ဇာချဲ့ပြီး ပြောရမလား
ဗမာ့နိုင်ငံရေး ဇာတ်ခုံပေါ် မင်း ဇာတ်ခုံနောက်ကျောကနေ ၀င်ထွက်သွားလာနေခဲ့တာကိုပဲ ဇမ်းတင်ပြရမလား။

ကိုယ် ကဗျာမျက်နှာတခုကိုပဲ ကြည့်ပြီးပြောပါ့မယ်
ဘယ်တော့မှ ကဗျာကိစ္စဆို တာဝန်မယူချင်ပဲ ရှောင်လွှဲခဲ့တဲ့ ကိုယ့်ရဲ့ သူရဲဘောကြောင်စိတ်ကိုခုန်ကျော်ပြီးတော့ပေါ့
(မင့် လက်မရွံ့ကဗျာဆရာ စာအုပ်မှာ မင်း လက်မတွန့်စတမ်း ရေးခဲ့တဲ့ ကဗျာတွေ ကိုလဲ ထည့်ရေတွက်ရပေမပေါ့.. )
လှသန်းဟာ ဗမာပြည်ရဲ့ ကဗျာဆရာ..
လှသန်းဟာ ကဗျာဆရာ ကြီးငယ်ရွယ်လတ်အားလုံးအတွက် ကြီးကျယ်တဲ့ ကဗျာဆရာ
လှသန်းဟာ နောင်တ ဘယ်တော့မှ မရတတ်တဲ့ ရှေ့ထွက်မိုင်းလို ကဗျာဆရာ
လှသန်းဟာ ကိုယ့်ထက် ငယ်ပေမယ့် လှမ်းပြီး ရိုသေရတဲ့ ကဗျာဆရာ

မိချောရေ..
အကိုက ဒိထက်ပိုပြီး ဘာပြောနိုင်အုန်းမှာတဲ့လဲ..

ကိုပြည့် ကိုယ့်ကိုchatting box မှာ စာရိုက်ပြီး ပြောတယ် “ တကယ် မသေမယ့်လူက နားမလည်နိုင်ဘူး။
မနေ့ ညက မိချော ကိုယ့်ဆီဖုံးဆက်တယ်။သူ ညနေဖက်သွားတော့(ငါ့အမေ နဲ့ အဖေပြီးရင် မင်းကို
ကျေးဇူးအတင်ဆုံး ပဲ)လို့ ပြော လိုက်လို့ ဖုံးထဲမှာ ငိုလိုက်တာ။
(အိုင်လည်းအကောင်းဆုံးပြုစုပါတယ်ပြည့်ပြည့်ရယ်) တဲ့။ ကိုယ်မခံစားနိင်ဘူး။” ဆိုတာ..

ယုတ်မာရိုင်းစိုင်းသူတွေရဲ့ အမူအကျင့်မျိုးရှိသူတွေ ကြီးစိုးတဲ့ ခေတ်ကြီးထဲမှာ
ယုတ်မာရိုင်းစိုင်းတဲ့ ကံကြမ္မာကလဲ မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သဘာဝသတ္တိကိုပြခဲ့လို့
ငါ့ကောင်တွေထဲက တစ်ယောက် မင်း “လှသန်း” ၊ အဲ့ဒီလို ကြည့်ပျော်ရှုပျော်တောင်မရှိတဲ့ လူ့လောကကို
ထိုက်ထိုက်တန်တန် ဘက်ကန်ပြီး ထွက်သွားခဲ့တဲ့ ဒီခရီးဟာ မြင့်မြတ်တဲ့ ခရီးပါကွာ..
မင့်ကဗျာနဲ့ မထိုက်တန်တဲ့ကောင်တွေ
မင့် ကဗျာကို မဖတ်မိကြပါစေနဲ့လို့
မင့်ကဗျာကို အရသာ မခံစားတတ်ကြပါစေနဲ့လို့ ယုတ်မာရိုင်းစိုင်းစွာ
ငါ..
ကျိန်စာ တိုက်လိုက်ပါရဲ့။ ။

ခင်အောင်အေး
၂၃၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ် လန်ဒန် ၀၀း၃၈ နာရီ

စနေနေ့၌မိုးခိုခြင်း

ကောင်းကင်က…
ပင်လယ်တစ်ခု မှောက်ကျလာသမျိုး
မိုးဟာ…
နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့
အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့
အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့။

ငါကတော့…
ချောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ
မိုးခိုမိပေါ့။

ဟိုမှာ…
တံစိတ်မြိတ်အောက်က ခိုတစ်ကောင်
အသုံးမကျတဲ့ အတောင်နဲ့၊
မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်
(မိုးသံကလွဲလို့ပေါ့လေ)။

ဒီလိုနဲ့…
မိုးကလွဲလို့
အားလုံးနဲ့ လွဲခဲ့ပေါ့။

သစ္စာနီ

FB တွင် Kyaw Oo တင်ထားသော ပို့စ်မှ ကူးယူ၍ဖော်ပြခြင်းဖြစ်ပါသည်။

အနီရောင်ဂြိုဟ်သား

ရေခဲမြစ်လို
သူက ငါတို့ ကိုယ်တွေထဲမှာ လမ်းလျှောက်ခဲ့တယ်
ငါတို့ နားရွက်တွေထဲမှာ သူရှိခဲ့တယ်
ငါတို့ စကားလုံးတွေထဲမှာလည်း သူရှိခဲ့တယ်
ငါတို့ အသံတွေထဲမှာလည်း သူရှိခဲ့တယ်
ငါတို့ မေ့လျော့ခြင်းတွေထဲမှာလည်း သူရှိခဲ့တယ်
"အိုစမာ ဘင်လာဒင်" ဟာ ခေါင်းကို ပစ်ချခံလိုက်ရတယ်
ခေါင်းထဲမှာ ဘာမှမရှိပဲ
ခေါင်းကို ကျည်ဆန်လာမှန်တာနဲ့ သေရောတဲ့
သူ့"ဒီအန်အေ"ကို သူ့နောက်မှ သေမယ့်
"ကဒါဖီ"ဆီကနေ ရတယ်
တိမ်တိုက်ဆိုတာ တစ်နေရာကို သွားစရာရှိလို့
ရွေ့လျားနေတာမဟုတ်

ရည်ရွယ်ချက်မထားလေ
ဘ၀ဟာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလေ...။

မောင်ဖီလာ
(မြန်မာသစ် ရသစုံမဂ္ဂဇင်း ဇူလိုင် ၂၀၁၁ မှ ကူးယူဖော်ပြသည်)

တရားထိုင်ခြင်ထောင်ထဲ ၀ဲနေတဲ့ခြင်တစ်ကောင်

………….. ခြင်ပုန်းတောမှာ မနေသာ ဆိုတဲ့အတိုင်း ထွက်လာတာ၊ အပုန်းလား
အပွင့်လား အဖုံးလား အပိတ်လား တကယ်တော့ အသေအချာ မသိနိုင်ဘူး၊
တရားထိုင်ပုဂ္ဂိုလ်ဘေး ထောင့်ကလေးမှာ ငြိမ်ငြိမ်ကလေးနား ရှု- မှတ်- ပွား
လိမ္မာယဉ်ပါးနေတဲ့ ခြင်ဟာ ပုထုဇဉ်ပဲပေါ့ - ချင်တွေတော့ သိပ်များနေသေးတယ်
သူ့မှာ၊ ခြင့်ခမျာ လာချင် သွားချင် နားချင် စားချင် အဆိုးဆုံးကတော့
ချစ်-ချင်-နေသေးသတဲ့ ၊ ချဉ်ခြင်းတွေတပ်လို့ အ၀ိဇ္ဇာ အ၀ါစိတ်တွေနဲ့
အပြာစိတ်တွေလည်းပါမယ် ၀ိုင်းစုခိုင်သိန်း ရဲ့ ပေါင်တွင်းသားလေးကိုမှ
ထိုးဖောက်သွေးစုတ်ချင်တဲ့ စိတ်မျိုး ငါ့ဝမ်းပူဆာ မနေသာတဲ့ ခြင်ပါ-
သို့သော် တံငါနားနီးတံငါ ရိပ်သာနားနီးတရား ပညတ်ကိုခွာ ပရမတ်ကိုမှတ်
လူရဲ့အသားပေါ် နားရင် နားတယ်လို့ မှတ်လိုက်သတဲ့ နှုတ်သီးနဲ့ ဖောက်တယ်
ဖောက်တယ် လို့ မှတ် သွေးတွေကိုလည်း စုတ်တယ် စုတ်တယ်လို့မှတ်
မျိုချတယ်လို့မှတ် (အား..ကောင်းလိုက်တာ - ကောင်းတယ်လို့ ဆက်မှတ်)
ဝန်းကျင်ကောင်းမှာ လက်ဖ၀ါးကြမ်းကြမ်းတွေနဲ့ ဗြန်းဗြန်း ရိုက်တာမျိုး
သူ့မှာ မကြုံဖူးခဲ့ပါ၊ ဖူးခနဲ မှုတ်လိုက်တာဖြစ်ဖြစ် အသာလေး
ပုဝါနဲ့ယမ်းလိုက်တာဖြစ်ဖြစ် ဒီလောက်ပဲ- လောကဓံလေက ခပ်နုနုလေး သွေးနေတုန်း
နေ့လွဲညစာ(အဖတ်) မစားဘူး သေရည်သေရက် မလိုအပ်ဘူး အေးဆေးပဲ စောင့်ထိန်းနေ၊
သူဟာ အရည်အာဟာရ တစ်မျိုးတည်းကိုသာ ထာဝစဉ် မှီဝဲလျက် - ခြင်ထောင်
မကျခင်အထိ ခြင်ဟာ တစ်ကိုယ်တော် လွတ်လပ်စွာ လှုပ်ရှားခဲ့၊ ပိုလီဂမီစနစ်မှာ
ကာမေသုပုဒ်ဟာ အကျုံးမ၀င် မုသာဝါဒဟာလည်း တ၀ီဝီ စကားသံ တစ်မျိုးတည်းမှာ
အကျုံးမ၀င်၊ ခြင်ကိုက် (တိုက်ရိုက်) သတ်လိုက်တဲ့ မသာဆိုတာ မရှိတော့
ပါဏာတိလည်း ကင်းရဲ့၊ အနည်းဆုံး သီလခြောက်ပါးလောက်တော့ စင်နေတဲ့ခြင်
သူ့ကိုယ်သူ ခြောက်ပြစ်စင်လို့ သမုတ်လိုက်တယ်- နိဗ္ဗာန်ကို
တိုက်ရိုက်သွားရင် ကောင်းမလား လူ့ဘ၀ဆိုတာကို ခဏလောက် ထရန်စစ် ၀င်ရင်
ကောင်းမလား ခြင်ဦးနှောက်ကလေး ရှိသရွေ့ သူစဉ်းစားတယ်၊ လူအဖြစ်ဟာ
သိပ်သက်သာတယ် ဇိမ်လည်းကျတယ် အစားအသောက်မျိုးစုံ အရသာမျိုးစုံနဲ့၊
ပျင်းစရာ သွေးတစ်မျိုးတည်း သောက်သုံးနေရတာ မဟုတ်ဘူး၊ ဒါတောင်
တရားထိုင်ပုဂ္ဂိုလ်တချို့ နှစ်ချောင်းတည်း ရှိတဲ့ ခြေထောက်ကို ညောင်းတယ်
ကိုက်တယ် လုပ်ချင်သေး၊ လှည့်လိုက် ပြောင်းလိုက် ပြင်လိုက်သေး၊
ခြင်လိုများ ခြေထောက်တွေ အများကြီးနဲ့ ဆိုရင် သူတို့မှာ ခြေထောက်
တစ်ချောင်းပြီးတစ်ချောင်း ကိုက် ညောင်း ပြောင်းနေရတာနဲ့တင် အချိန်စေ့ပြီး
တရားရမှာ မဟုတ်တော့ဘူး စဉ်းစားတယ် ခြင်ဦးနှောက်ကလေးနဲ့ သူစဉ်းစားတယ်၊
ဆရာတော် တရားဟောတုန်းက လောက်လန်းသဖွယ် ၀ိညာဉ်တွယ် တဲ့၊ ခြင်ဟာ
မျက်လုံးတွေ ကျယ်လာခဲ့၊ ဒါကို သူကောင်းကောင်းသိတယ် ငယ်ငယ်က
လောက်လန်းကလေးတို့ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ခဲ့ပါတယ်၊ ခြင်ဟာ တရားဓမ္မနဲ့
သူ့ဘ၀ ထင်ဟပ်နားလည်လို့ အားတွေတက်လာခဲ့တယ်၊ ဒီလိုနဲ့ အချိန်စေ့တော့
တရားထိုင်ပုဂ္ဂိုလ်လည်း ထိုင်ရာက ထပြီ ခြင်ထောင်သိမ်းပြီ ဘေးကိုခါပြီ၊
ခြင်ထွက်လာတယ်၊ အသိုင်းအ၀ိုင်းရှိရာ ခြုံပုတ်ထဲက မ၀ံ့မရဲ ရိပ်သာနားကို
လာမ၀ဲတတ်တဲ့ ကောင်တွေဆီ ရင်ကော့ပြီး ပြန်/ပျံသွားတယ်၊ အလကား တရားနဲ့
ဝေးတဲ့ကောင်တွေ- အမှောင်မိုက်ထဲက ခြင်မိုက်တွေဟာ ဓမ္မာရုံထဲက
ထွက်လာတဲ့ခြင်ကို အတွေ့အကြုံ အကျိုးအကြောင်း မေးမြန်းဖို့ ၀ိုင်းလာကြတယ်၊
ခြင်ဟာ (စောစောကစုပ်လာတဲ့) သွေး နားထင်ရောက် နားထင်ကိုကျော်
အန်တီနာအထိရောက် “ငါ့ခြင်တို့….” အစပြုပြီး ခြင်တင်းစာ ရှင်းလင်းပွဲမှာ
မိန့်ခွန်းခြွေတော့တယ်။

ပန်ဒိုရာ
၉-၁၀.၁၀.၂၀၁၁

ငါတို့ လူငယ်ဘဝ

နှင်းတွေက အနှစ်တွေချည့်ပဲ
စကြ၀ဠာကြီး ခိုက်ခိုက်တုန်လို့
အမေ့ကို ထားခဲ့ပြီး
သူမနဲ့ကျွန်တော် ညထဲ ပြေးဆင်းခဲ့ကြ
ညရဲ့ညထဲမှာ ညကိုဖွင့်ကြည့်လိုက်တော့
သေနတ်တစ်လက်နဲ့ နှင်းဆီတစ်ပွင့်
စွင့်ကား ကြွတက် အန်ထွက်လာ
တ၀ုန်းဝုန်း
ချစ်ခြင်းမေတ္တာတွေ ပြိုကျလာတဲ့အထိ
ကျွန်တော်က သေနတ်နဲ့ပစ်လို့
နှင်းဆီပွင့်ကို
သူမက ခေါင်း၌ပန်လို့
အဲဒီလို ကျွန်တော်တို့
ဆည်းဆာကို ခါယမ်းပစ်လိုက်တဲ့လမ်းမှာ
ကြယ်တွေ တဂျွမ်းဂျွမ်းမြည်အောင် မီးလောင်လို့။ ။

ခရမ်းပြာထက်လူ
မြန်မာသစ် ရသစုံမဂ္ဂဇင်း ဇွန်၊ ၂၀၁၁

ငါးနှစ်ကောင်၊ မြင်းတစ်ကောင်

ကျွန်တော့်မှာ
ငါးနှစ်ကောင်နဲ့ မြင်းတစ်ကောင်ရှိတယ်၊
တစ်ခုသော မိန်ရာသီမှာ
ကျွန်တော့်အမေက ကျွန်တော့်ကိုမွေးပါတယ်၊

ပုရောဟိတ် ဆရာစံဇာဏီဘိုက
ကြာဿပတေးဂြိုဟ်မှာ ငါးတစ်ကောင်နေပြီး
ပင်လယ်ထဲမှာ ငါးတစ်ကောင်နေတယ်လို့ ဟောပြောပါတယ်၊
ကျွန်တော်ရေးတဲ့ ရေဆေးပန်းချီကားတချို့
လူကြိုက်များခဲ့တာ အဲ့ဒီ ငါးနှစ်ကောင်ကြောင့် ဖြစ်နိုင်ပါတယ်။

တရုပ်ဗေဒင်အရ
တစ်ခုသော မြင်းနှစ်မှာ ကျွန်တော့်ကိုမွေးပါတယ်။

စာရေးဆရာတစ်ယောက်က
မြင်းဆိုတာ "လဲပြီးရင်ပြန်ထနိုင်ရမယ်" လို့ ပြောပါတယ်။

တစ်ခုသော ဒီဇင်ဘာနံနက်ခင်း
ကျွန်တော်နေထိုင်တဲ့မြို့လေးရှိရာ
အမျိုးသမီးတစ်ဦးရောက်လာပြီး
အင်္ဂလိပ်ခေတ်က ဗီရိုမြင်းလှည်းတစ်စီးလာဝယ်စဉ်
အမှတ်မထင် ကျွန်တော်နဲ့ချစ်မိသွားကြတော့
သူမက.. 'မြင်းတစ်ကောင်ပါအဆစ်ရတယ်' လို့
ဖွဲ့နွဲ့ပါတယ်၊
အခု.. သူမနဲ့ကျွန်တော်
လမ်းခွဲခဲ့တာ ကြာပါပြီ
မနှစ်ကထပ်ပြီး ကျွန်တော်
လေတစ်ခြမ်းအဖြတ်ခံရတယ်။

အခု သူမကိုကျွန်တော်
ဆက်မချစ်နိုင်တော့ပေမယ့်
ပန်းချီကားနည်းနည်း၊ ကဗျာတချို့
ရေးလို့ရနေပါသေးတယ်။

ခင်ဗျားပြောသလို
မြင်းဆိုတာ 'လဲပြီးရင်ပြန်ထနိုင်' ဖို့
လိုအပ်ပါလိမ့်မယ်။

သော်ဒီဝေ
30 APR 2008
ဗျူးတီးမဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

ဂစ်တာကို နောက်ပြန်တီး

အသက်ရှူသံကို စည်းချက်ထပ်မြှင့်လိုက်တယ်။
အိမ်ရှိပေမယ့် အိမ်ပြန်ချိန်က မရှိသေးဘူး။
ရုံပြည့်ရုံလျှံ သောကတွေနဲ့
ဂစ်တာကို အကွက်စိပ်စိပ် နောက်ပြန်တီးခတ်။
ဘီယာဘူးကို ဖောက်ပစ်လိုက်ဖို့
ဘဝက သိပ်လွယ်ကူလွန်းတယ်။
အိမ်တံခါးဝဆိုတာ ဘယ်တော့မှ မအေးစက်ဘူး မိတ်ဆွေ။
ပွင့်ထွက်လာတဲ့ အမြှုပ်တွေနဲ့
ဂစ်တာကို ဆူဆူဝေဝေ နောက်ပြန်တီးခတ်။
စီးကရက်မီးခိုးငွေ့တွေက မျက်နှာကျက်ကို တွန်းရွှေ့တယ်။
မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး။
ကျယ်လျား မှုန်ရီတဲ့ စင်မြင့်ပေါ်
ကြိမ်နှုန်းမြင့် ဆန္ဒကြိုးတစ်စုံစာနဲ့
ဂစ်တာကို ပင့်မြှောက် နောက်ပြန်တီး။ ။

နိုင်မွန်အောင်သွင်

Source: unknown

စာသားကဗျာ

၁။ အဲဒီနေ့အားလုံးဟာ အူလမ်းကြောင်းတစ်ခုလုံးကို ပြောင်းပြန်လန်အောင် ချောက်ချားတယ်
၂။ လူဆိုတာကို ငါက တိရစ္ဆာန်တွေလို့ မမြင်ဘူး မီးမြှိုက်ထားတဲ့ သူတို့စစ် အတွင်းထဲမှာ ဖုံးထား ဖိထားခဲ့ကြ
၃။ အား ရုပ်ပျက်ဆင်းပျက်ဖြစ်လိုက်တာ ဆိုးဝါးလွန်းတာ ယမ်းခါနေတဲ့ လူ့အဖြစ်
၎။ ညှော်နံ့ကို အဆုတ်ထဲက အဝေးရောက်အောင် တအားရှူထုတ်ပြီး အသက်ကို ဖိအောင့်ပစ်လိုက်တယ်
၅။ ဖင်ကျပ်ဂျင်းဘောင်းဘီကျောဘက်မှာ မည်သည့်ဓားမြှောင်ကိုမှ ငါသိုဝှက်မထား
၆။ မင်းဆီက တုပ်ကွေးတွေ ငါ့ဆီက ဗိုင်းရပ်စ် ဟိုကောင့်ဆီက တဏှာနှာချေမှုတွေနဲ့ ကူးစက်လိမ့်မယ်
၇။ ၀ိုးတ၀ါးသံသယတွေနဲ့ချည်းပါဗျာ စိုးရိမ်လွန်လိုက်တာကွာ အရိပ်ကို အပြင်မှာ ချန်ထားခဲ့ပြီး သူတံခါးခေါက်နေတာ
၈။ ငါထမဖွင့်တော့ဘူး ငါ့ကို ပြန်ဝါးမျိုသွားလိမ့်မယ် သားရဲလို ရိုင်းပျလိမ့်မယ် သတ်ပုံကျမ်းထဲက သတ်မှတ်ထားကြတဲ့
၉။ အမှန်ရေးထုံးတွေလို ဘ၀လမ်းကို ငါပြင်ရေးလို့ ရရင် အချစ်စိုပြည်ခြင်းတွေအပြည့်လို့ ငါရေးမယ်
၁၀။ ငါတောင့်ခံမထားနိုင်တာ ခံနိုင်ရည်မရှိဘူး ဗလောင်းဗလဲ အဆက်တွေ
၁၁။ ပေါ့ပ်ဂျာနယ်ကြီးတွေဆီက ဖော်ပြနေကြတဲ့ အဖော်ပုံ အညှီအဟောက်အသားပေး သတင်းတွေ အင်တာဗျူးတွေ
၁၂။ ဟိုသင်း ဟိုအ၀ှါတွေ ထိမ်ချန်ထားကြတဲ့ ရေစုန်မျော အနာဂတ်အဓိပ္ပာယ်တွေ သူတို့မြောနေကြတယ်ဟေ့
၁၃။ ရေ စွမ်းအင် လောင်စာ ပိတ်ဖြူအုပ်လိုက်ကြမလား ဘေးအဆိုးဆုံးရဲ့ အမြစ်တွယ်ဖွာထွက်ခိုင်မာလာတာတွေကို
၁၄။ လက်ပိုက်ငြိမ်သက်ကြည့်နေကြရက်သလား ငါဝမ်းနည်းပါတယ် မျက်ရည်အလောင်းတွေချည်းပဲ
၁၅။ ညတွေမှာ ကြယ်ကို ငေးသူ ငါပဲ ပပ်ကြားအက်တယ် အက်ကြောင်းတွေနဲ့ဟု
၁၆။ အခုနိစ္စဓူဝကို ပျက်ယွင်းနေတယ် ရောက်ချင်ပြီး မရောက်ဘဲ အဝေးဆုံးက နေရာမှာ ငါဆွေးဆွေးနေတယ်
၁၇။ ကော်ဖီခါးခါးမျှော်လင့်ချက်လေး ငါ့သွေးကြောထဲ စီးဝင်ပါဦး ငါ့ကို နားမလည်သေးဘူးလား
၁၈။ အဆိပ်အတောက်တွေ ငါကျော်ဖြတ်ရတာ အတိတ်အပြောက်တွေ ငါစွန်းထနေတာ
၁၉။ စိတ်ကို သေကျေစေတာတွေကို အသုံးမပြုနဲ့တော့
၂၀။ နောက်သြဇ၀တ်ဇ် နောက်နောက်သြဇ၀တ်ဇ် နောက်
၂၁။ အဖုထွက်လာနေတယ်ကွာ အစုလိုက်အပြုံလိုက်တွေကွာ
၂၂။ ငါတကယ်ကို လှီးထုတ်ပစ်လိုက်ချင်တယ်
၂၃။ မသတီတော့ဘူး ချွန်မြည့်နေတဲ့ အရာနဲ့ ဖြားယောင်းလာမှုတွေကို ဖိလှီးပစ်လိုက်မိမယ် အန္တရာယ်မိုင်း
၂၄။ အမြဲနေရာအနှံ့မှာ ပြည့်နှက်နေတာ
၂၅။ လှိမ့်မယ် ကျောက်တုံးတွေလို ကိုယ်လှိမ့်မယ် တစ်ယောက်က တစ်ယောက်ကို ချောင်းနေတာမျိုး
၂၆။ အမဲလိုက်တာမျိုး ညှဉ်းတာမျိုး ဝေးရာ ကိုယ်လှိမ့်သွားမယ် ဥစ္စာ ပါဝါ ဘာညာတွေကို သွေးလို မစုပ်ချင်ဘူး
၂၇။ ရက်စက်သူ ငါမဖြစ်ချင်ဘူး မင်းနဲ့ ငါ့အကြားကိစ္စတွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးချင်တယ်
၂၈။ စိတ္တဇနဲ့ ဆက်ဆံရေးတွေ ဟောက်ပက်နေတဲ့ မျက်တွင်းတွေ ဒီမကောင်းတာတွေကို ဒီအတိုင်းထားမလား
၂၉။ ရေ အမောပြေအောင် ကမ်းပါ ရေ ရေ
၃၀။ မစိုးရိမ်ပါနဲ့
၃၁။ မကောင်းဆိုးဝါးဟာ ဘယ်တော့မှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ပါဘူး


စိုးမင်းအောင်
6:50 PM 9/26/2011
(ကဗျာဆရာ၏ FB စာမျက်နှာမှ ကူးယူဖော်ပြသည်)