ကမ္ဘာ့ CD အချပ်အပြားပေါ်က DJ

ဝယ်လက်ရှိတယ်
ခြေကိုကား လက်ကိုကား ပခုံးကျယ်ကျယ်ဖွင့်
မျက်လုံးကို မီးဖွင့်မောင်း
၁၅၊ ၂၀ ဆိုတာ အရောင်းအဝယ်လိုက်တဲ့ အရွယ်
ဆိုနေရင်း မီးလင်းလာတော့ ဆက်ဆိုပေါ့ ဘာဖြစ်လဲ
ကြီးကျယ်မှု မှန်သမျှ
ကြီးမားကျယ်ပြန့် လေကောင်းလေသန့်တွေ ထွန်းကားတဲ့
ကျေးလက်က လာတာ
ကြယ်တွေရဲ့ ဆူးတောင်နဲ့ ဆောင်းဥတုရဲ့ အလယ်မှာ
ဓါးကိုချ ကြွက်သားကို လျှော့ထား
စတီဖင်ဟော့ကင်းလည်း
အရက်တွေ ဖိသောက် ဝဂ္ဂနာရဲ့ ဆင်ဖိုနီတွေ နားထောင်ပြီး အကြောလျှော့ခဲ့တာပဲ
ဆရာဝန်ကပြောတယ် သူ့ကို ၂ နှစ်ပဲတဲ့
ဒါနဲ့တောင် ဖိနပ်သဲကြိုး မချည်နိုင်တော့တာတောင်
စကြာဝဠာကို ချည်ပြီးတုတ်ပြီးသားဖြစ်အောင် လုပ်ခဲ့တယ်
ဒါ ဒါပဲပေါ့
အျတ်တွေ နိမိတ်တွေ ခေါက်ထား
ခေါင်းစားလို့ မင်းမဖြစ်
မင်းဖြစ်အောင် မင်းခေါင်းမင်းစား ဥာဏ်ပညာ
ကော်ပတ် အချိန်ကာလနဲ့ ကျန်းမာရေး
အိုက်ဆက်နယူတန်ရဲ့ ခေါင်းပေါ်မှာ အိုင်းစတိုင်း
အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ခေါင်းပေါ်မှာ ဟော့ကင်းရဲ့ ခေါင်းကို တင်လိုက်တော့
စကြာဝဠာရဲ့ အစအဆုံးကို ရရှိ
ဒီလိုပဲ ဒီမှာ ဒါ မင်းမဟုတ်လား
ကမ္ဘာ့ CD အချပ်အပြားပေါ်က DJ ဖွင့်ပေးထား
စုပ်ကြပစေ လှူလိုက်စမ်း
မျောက်တစ်ကောင်နဲ့ ဦးခေါင်းကို ရှပ်လှီးဖွင့်ပေးထားသလို
ကမ်းခြေမှ အမိုးဖွင့်ပေးထားတဲ့ အုန်းသီးစိမ်းတစ်လုံးရဲ့ ဟာလာဟင်းလင်းလို
ရပ်နေ စုပ်ကြစမ်း နောက်မဆုတ်နဲ့
စုပ်ကြစမ်း ရှိသမျှဆဲလ်တွေ တူးမြောင်းတွေ
အင်းအိုင် မြစ်ချောင်းနဲ့ ဆည်မြောင်းတွေ
စုပ်ကြပစေ နောက်မဆုတ်နဲ့ မီးသီးတွေ အခါခါလင်း
လည်ချောင်းထဲ ခိုအောင်းနေတဲ့ သလိပ်အရှုပ်အထွေးရှင်းထုတ်သလို
ရိသဲ့သဲ့စကားလုံးတွေ ရှင်းထုတ်
ကမ္ဘာကြီးအစောင်းမှာ လူတွေ စောင်းနေမြောင်းနေ ဘာအရေးလဲ
လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစို ကြွယ်ကြွယ်ဝဝ
ကြိုက်သလောက်စား ကျသလောက်ရှင်း
ရှိသမျှနဲ့ အကုန်ဆင်းပေးလိုက် သွေးကျဲရောဂါမရှိ
မြေပုံ သံလိုက်အိမ်မြောင်နဲ့ C, Am, F, G ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ရေဒါထဲမှာ ရေဒီယိုလေးတစ်လုံးနဲ့
နှစ်တိုင်း အော်စကာထူးချွန်ဆုပေးပွဲ ဆန်ကာတင်မှာ အမြဲပါတယ်
လူငယ်လေးပါ
အပြင်က လမ်းတွေ လာလာ စောင့်နေလို့
သူ့အမေ တစ်ညလုံး အိပ်ရေးတွေပျက်နေရတယ် အများပဲ။ ။

ခရမ်းပြာထက်လူ
အိုင်ဒီယာ မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၁၀

ငါ့ကို ဘယ်သူမှ ကိုယ်စားမပြုဘူး

ဘယ်မှရွေ့မသွားတဲ့ ခုံတန်းလျားမှာ မင်းနဲ့ငါ အတူထိုင်၊ နံရံတွေငေး
ပွဲခ တတ်နိုင်ရင် မလေးလား၊ ကိုးရီးယားလား၊ ဒူဘိုင်းလား၊ ဆော်ဒီလား
လုပ်စရာရှိတာ လုပ်ရမှာပဲ သွေးလည်ပတ်မှုဟာ ဖျော်ဖြေရေးမှ မဟုတ်တာ
ရေနွေးကြမ်းနဲ့ ရေခဲ့မုန့် ခြင်ဆေးခွေထဲမှာ မျက်လုံးတစ်လုံး မဲပေါက်သလို
ကိုယ့်ရေတွင်းလေး ကိုယ်တူးပြီး ကိုယ့်ထုံးရေ ကိုယ်ကြည့်ကြက်သောက်
အထုံပါလာတော့ အကွက်ချထားတဲ့မြို့သစ်မှာ အကွက်ကျကျဘဝနဲ့
မနက်ဆို နေထွက်သွားတယ် ညနေဆို နေဝင်လာတယ် သဘာဝဟာ
ပလပ်စတစ်စံတော်ချိန်နဲ့ ဘာသင်တန်းတက်ထားလဲ ဘာလက်မှတ်ရှိလဲ
လမ်းဘေး အမဲအူပြုတ်တစ်ခွက်နဲ့ တရုတ်လုပ် ‘မိတ်အင်ဂျပန်’ နာရီနဲ့
အာဖဂန်မှာ စစ်ဖြစ်နေတယ် အာဖဂန်မှာ ရွေးကောက်ပွဲကျင်းပ နေတယ်
ဆိုသူကဆိုတယ် တီးသူက တီးတယ် ကသူက က တယ် ငါ ပန်းရံသမားပါ
ငါ ဘာလုပ်ရမလဲ ငါ့ ခံစားချက် ငါထည့်ရေးရင် မဖွယ်မရာများ ဖြစ်မလား
မိသားစု ရေနံတွင်းကလေးဟာ နက်သထက် နက်လာတယ် အေးဆေးပါ
မြို့သစ်သား အချင်းချင်းပဲ သားကြီးရာ အသွားအပြန်ကားခလေးသာရှိရင်
မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ရတယ် မင်းလည်း ငယ်မှ မငယ်တော့တာ
ငါတို့ဟာ ကဗျာတွေပဲဖြစ်ရမယ် အသုံးချတန်ဘိုးမှ မရှိကြတာ
နှလုံးသွေးကြောတစ်ချောင်းပိတ်ပြီး လျှပ်စစ်ဓါတ်လည်း မထုတ်လုပ်နိုင်
ကိုယ်ကျင့်တရားရဲ့ ဂေဟ စံနစ်လည်း ပူနွေးလာပြီ သူငယ်ချင်း
ဆောက်လုပ်ရေးလား၊ အလောင်းဆေးလား၊ စင်္ကာပူလား၊ ဂျပန်လား
ကိုကာကိုလာအေးအေး တစ်ခွက် ငါဘယ်လို သောက်ရက်နိုင်ပါ့မလဲ
လေ့လာရမယ် ပညာရှာရမယ် ဗဟုသုတကြွယ်ရမယ်….ရမယ်….ရမယ်
ဟော၊ ဗျူးခန်းထဲက တစ်ယောက်ထွက်လာပြီ လက်ခါပြသွားတယ်
ငါကော လက်ဘက်ရည်ဖိုးတတ်နိုင်ပါ့မလား သူ့အိတ်ကပ်က ပိုဖောင်းသလား
ရိုကျိုးလွန်းတဲ့ လက်ချောင်းတွေကို ငါကြည့်တယ် အခြားမှ သူတို့ မတတ်နိုင်တာ
စင်း ဒေါ်လာလား၊ ရင်းဂစ်လား၊ ဘတ်လား၊ ယန်းလား၊ ကျပ်လား၊ ပြားလား
အများသုံးအိမ်သာမှာ သုံးပြီးသားလက်ကျန် တစ်ထောင်းထောင်းနဲ့
ဘဝဟာ အရသာရှိလိုက်တာလို့ ငါ့ နာမည်ခေါ်ဖို့ စောင့်နေတယ်
မင်းနဲ့ ငါဟာ ရထားပေါ်မှာ မျက်နှာချင်းဆိုင်
ပြင်ပ ရှုခင်းတွေကို အလှည့်ကျ ပြောင်းပေးရတယ်
လမ်းပေါ်ထွက်ဖို့ ငါ့တန်ဖိုးကို နှူးကြည့်တယ်
ဘယ်ရောက်ခဲ့လဲလို့ မိန်းမကမေးရင် ဘယ်မှ မရောက်ခဲ့ဘူးဆို ယုံမလား
ကမ္ဘာကြီးဟာ ပြားသွားပြီ ငါတို့တွေသာ ချိန်ကိုက်ပြီးသား အလုံးတွေ။ .

ဇေယျာလင်း
၁၁၊ စက်တင်ဘာ၊ ၀၉

(ကဗျာဆိုတာပြုလုပ်ခြင်း ကဗျာစာအုပ်မှ)

ပိတောက်ပန်း

နေရောင်မှာ
တစက်စက်ပျော်ဆင်းနေတဲ့ နှင်းတွေလား
အရိပ်က တံခါးကို ခေါက်ဆဲ
စွဲလန်းမှုနဲ့ ရုပ်နာမ်များ
နံရံက အညစ်အကြေးလို မေ့ဖို့လည်း မလွယ်ဘူး။

ကိုယ့်မှာ အိပ်မက်အထပ်ထပ်နဲ့
စုတ်ပြတ်နေတဲ့ နံနက်ခင်းတခု
အတွေး တပုံတပင်နဲ့
တုန်ယင်နေတဲ့ အိုမင်းမှုတခု
ယိုစိမ့်နေတဲ့ ဓါတ်ငွေ့ပဲ
အန္တရာယ်လဲ ရှိတယ်။

ဟိုပျံ့လွင့် ဒီပျံ့လွင့်
လိပ်ပြာလွင့်ရာနောက် မလိုက်ချင်တော့လို့
အစိပ်စိပ်အမွှာမွှာ
တသံသရာလုံး ကျကွဲနေတဲ့ ကိုယ့်ပန်းအိုးဟာ
ကြမ်းခင်းပေါ်
တလက်လက်တောက်ပနေတဲ့ ဓါးသွားများပမာ
စိန်ခေါ်လို့
အလံဆိုတဲ့ မြို့ကလေးထဲ နံနက်စောစော
သေတ္တတလုံးလို သော့ခတ် အိပ်မောကျ
ပိတောက်ပန်းလို နေတတ်အောင် နေခဲ့ပြီ။ .

ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

ကာနီဗယ်

သွေးကြောတွေလိုလည်ပတ်ပြီး လွင့်နေတဲ့ ရဟတ်လမ်းတွေ
အာရုံအထိအစပ်ရဲ့ ဒီလမ်းတွေပေါ်မှာ လူတစ်ယောက်
ဖျတ်ကနဲ ပျောက်သွားနိုင်သလို တောသားမြို့ရောက် အူ
ကြောင်ကြောင်ဇာတ်လမ်းတွေထဲ ပါဝင်ဆင်နွှဲနေတာမျိုး
ဖြစ်နိုင်တဲ့ သုံးမိုင်ရှည်တဲ့ ဘွတ်ဖိနပ်ဟာ လေထဲက ကုက္ကို
အပင်တွေဆီ ပျံဝဲနေတဲ့ အမည်ဆိုင်းဘုတ်ရှိ လမ်းတွေနဲ့
အသစ်ထည့်သွင်းထားစ လမ်းတွေရဲ့ထိပ်မှာ ကျွန်တော့်ရဲ့
လက်ညှိုးလက်ခလယ် လက်သူကြွယ် လက်သန်းလက်မ။

တဲကမ္ဘာကြီးအတွင်း အမိုးတလုံးထဲ အောက်မှာ ကြာဇံတွေ
ကြာဇံတွေကြော်နေတဲ့ မွေးနေ့ရှင်လို၊ နေ့တိုင်းမွေးနေတဲ့
ကလေးတွေးကာနီဗယ်ဟာ ဟောဒီ ချိတ်ဆက်မှုမှာရစ်ဝဲ
ဆိုမဆဲသေးခင်ကာလအထိ၊ ညစ်တီးညစ်ပတ်တွေ စွန့်လုပ်
နေတဲ့ စွန်းစားလူရဲ့ကိတ်မုန့်ဟာ ဘွတ်ဖိနပ်ပုံသဏ္ဍာန် ဘွား
ကနဲ လမ်းထဲက တိမ်တွေဆီ ပြေးနေတဲ့ သုံးမိုင်ရှည် အနံ့တွေ
အသစ်တင်သွင်းလာစ စတီးရိုးရဲ့ထိပ်မှာ လက်ငါးမြွာဟာ
ကြာဇံတွေကြားထဲ ပြေးလွှားသလို ရဟတ်လမ်းတွေ။

ဆိုလိုခြင်းက ရဟတ်လမ်းတွေ၊ နိမ့်တုံမြင့်တုံမြင်ရတဲ့ အသေးစား
အစိတ်အပိုင်း အဆမတန်မှ နက်နေနတ်ကိုင်းလိုထိုးထွက်တဲ့
နဂိုနဂိုင်း အယဉ်ကလေး လရောင်ပွင့် “ဝါရွှေရည်လူး” လွန့်လွင့်လန်း
လမ်းတွေ။ ။

ဝင်းမြင့်
မဟေသီ မဂ္ဂဇင်း (လ မမှတ်မိ) မှ ကူးယူဖော်ပြသည်

ကာနီဗယ်= carnival