လှသန်းအတွက်သာမန်ကဗျာရိုးရိုးတစ်ပုဒ်
သူလာတယ်
မိုက်ကြွေးတင်အထပ်ထပ်တင်ဖို့
မှန်ဘီလူးလိုလောကကိုဇောက်ထိုးကြည့်ပြီး
ပုံရိပ်အတည့်ပြန်ဖော်ဖို့
နေ့ကိုညလုပ်ပြီး ညကိုနေ့လုပ်ဖို့
ပင်လယ်လောက်ဒုက္ခကြီးတွေကိုထမ်းပိုးဖို့
သူလာတယ်
ခါချဉ်ကောင်လိုမသန်တဲ့ခါးနဲ့
ပီဆာမျှော်စင်ကြီးစောင်းနေတာပြန်တည့်ဖို့
တံထွေးတပျစ်ပျစ်ထွေးလိုက်
နတ်စကားပြောလိုက်လုပ်ဖို့
ကိုယ့်ရုပ်မှကိုယ်အားမနာ
ရေသူမတွေနဲ့ရည်းစားထားဖို့
သူလာတယ်
စုန်းလိုတောက်တဲ့မျက်လုံးနဲ့
အချိုးမတည့်တာတွေစုပ်ယူပြီး
သူ့ကိုယ်ပိုင်မာကျောစတိုင်လ်နဲ့ရောမွှေကာ
လူတာရဲ့မျက်မုန်းကျိုးမှုကိုခံယူဖို့
သူလာတယ်
မြစ်ရဲ့အောက်ခြေမှာ
တီကောင်မပါတဲ့ငါးမျှားချိတ်နဲ့
ရွှေဒင်္ဂါးပြားတွေကိုမျှားဖို့
အသက်မပါခြောက်ကပ်ကပ်ရယ်သံနဲ့
ကလင်တန်ကိုဟားဖို့
သူလာတယ်
“ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…” လို့
ကဗျာဆရာဆိုတဲ့လူတွေကိုတပ်လှန့်ဖို့
နိုဘယ်ဆုရတယ်လို့
အိပ်မက်လိုလို တကယ်လိုလို
ပါးစပ်အရသာခံဖို့
မအေပေး
ကဗျာတော့ တော်တော်အရေးကောင်းတဲ့ကောင်။ ။
ခင်အောင်အေး
၂၆-၁၁-၉၉
အချင်းချင်းဖတ်ဖို့
ကဗျာဆရာ လှသန်း ကျန်းမာရေးအခြေအနေဆိုးဝါးနေသဖြင့် ဆေးရုံတင်ထားရသည်ဟု ကြားသိရသည့်အတွက် Burmesepoetryfoundation Group မှများစွာစိုးရိမ်ပူပင် စိတ်မကောင်းဖြစ်ရပါသည်။ ကဗျာဆရာ လှသန်းနှင့် နီးကပ်စွာ နေထိုင်ခဲ့ဖူးသည့် ကဗျာဆရာ နေနွယ်၏ ကဗျာတပုဒ်ကို တင်ဆက်လိုက်ပါသည်။
Burmesepoetryfoundation Group
အချင်းချင်းဖတ်ဖို့
ဒုန်းစိုင်းသည်
နတ်ဝင်သည်
မှော်ဝင်သည်
ဆံပင်ရှည်တရမ်းရမ်း
ပါးစပ်အုံ တရမ်းရမ်း
လက်မရွံ့ တရမ်းရမ်း
သင်သည်ကား လှသန်း
အစားထိုးခွဲစိတ်လို့မရတဲ့ကြည်မောင်သန်း
ဇမ္ဗူဒိတ် နိမိတ်ထွန်း သန်း။
မောင်သီးသန့်ရေ
ရန်မခ ပါစေနဲ့
သိုက်သိုက်ဝန်းဝန်းစံရပါစေ
လိပ်ပြာသန့် သန့်ပါစေ။
နေနွယ်
မတ်လ ၂၀၁၁
ကဗျာနေ့အတွက် Burmesepoetryfoundation ရဲ့ နှုတ်ဆက်စကား
ကမ္ဘာ့ကဗျာနေ့တဲ။့ ဗမာပြည်မှာတော့ စလုပ်ဖြစ်တာ ဆယ်စု တစ်စုနီးပါးလောက်တော့ ရှိရော့မယ်။ ဒီနှစ်ပိုင်းတွေ အတွင်းမှာ ကဗျာနဲ့ပတ်သက်လို့အတော်လေး တက်ကြွလန်းဆန်းတဲ့ လှုပ်ရှားမှုတွေ တွေ့လာရတယ်။ကောင်းတဲ့ လက္ခဏာပါပဲ။ ကဗျာမျိုးဆက် တခုမှ တခု စီးဆင်းနေတဲ့ အလျဉ်ကိုလဲ မြင်နေရတယ်။ ကဗျာတွေ ပိုမို တောက်ပလင်းလက်လာမယ့် အရိပ်အယောင်တွေလည်း မြင်နေရတယ်။ ခေတ်ပေါ်ကဗျာကနေ တဆင့် ခုန်ထွက်ပြီး ပို့စ်မော်ဒန်ဆီ ချဉ်းကပ်လာတဲ့ ကဗျာတွေ ဝေဝေဆာဆာ တွေ့မြင်လာရတယ်။ အထူးသဖြင့် အွန်လိုင်းနဲ့ ပုံနှိပ် ကဗျာလောက ၂ ခု ပိုမို နီးကပ်ယှက်နွှယ်လာတာ တွေ့ရတယ်။ ကြာရင်တော့ တသားတည်းနီးပါး ဖြစ်လာမှာပါ။ တထပ်တည်းတော့ မတူညီနိုင်ဘူး၊ ဒါပေမယ့် ကွာဟချက် ကျဉ်းမြောင်းလာမယ်။ ကူးလူးဆက်ဆံမှု ပိုမို ကျစ်လစ် လာမယ်။ Burmesepoetryfoundation Group က ဒီလိုပဲ သုံးသပ် မိပါတယ်။
နိုင်သလောက်ဝန်ကလေး ထမ်းရင်းနဲ့ Burmesepoetryfoundation ဆိုတဲ့ ဘလော့ကလေးလဲ အခါလည် ကျော်ခဲ့ပါပြီ။ အားရ ကျေနပ်စရာတော့ မကောင်းသေးဘူး။ ဒီထက်ပိုမိုကျယ်ပြန့်ထိရောက် အားကောင်းတဲ့ တင်ဆက်မှုတွေ လုပ်ချင်သေးတယ်ပူးပေါင်း ပါဝင် ဆောင်ရွက်မှု ပြုလိုသူ တွေကိုလည်း လက်ကမ်း ကြိုဆိုပါတယ်လို့ ဟောဒီကဗျာနေ့မှာ တခုတ်တရ ဖိတ်ခေါ်လိုက်ပါတယ်။
ဗမာကဗျာမြစ်ကြီး အားကောင်းမောင်းသန်စွာ စီးဆင်းနိုင်ပါစေ
Burmesepoetryfoundation Group
burmesepoetryfoundationgroup@gmail.com
ငါ့အမေကို ဘာလုပ်တာလဲ
ငါ့အမေကို ဘာလုပ်တာလဲ၊ ကလေးတစ်ယောက် မေးတယ်။ သူ့ခါးကိုထောက်လို့ ငါ့အမေကို ဘာလုပ်
တာလဲ။ ဟေ့..ဒီမှာ မေးနေတယ်ကွ။ မင်းပဲဖြေလိုက်ကွာ။ ငါမသိဘူး။ ငါမသိတာတွေ အများကြီးကွ။
မင်းအမေက မင်းတို့အိမ်ထဲမှာ အိပ်ပျော်နေမှာပေါ့ကွာ။ ထပ်မေးတယ် ကလေးက ငါ့အမေကို ဘာလုပ်
တာလဲ။ အေး..ငါတို့လဲ အဲဒါကိုပဲ သိချင်နေကြတာ။ မင်းသိရင်ပြောလေ၊ မင်းကို သရဲသကြားလုံးကြွေးမယ်။
ဟေ့ကောင်.. ငါတို့ဆီမှာ သရဲသကြားလုံးမရှိဘူး။ သိပ်ခါးတဲ့ ဆေးပြားတွေပဲ ရှိတယ်။ ဟိတ်..ချာတိတ်
မင်းသောက်မလား။ ငါ့ အမေကိုဘာလုပ်တာလဲ။ ကလေးဟာ သူ့မေးခွန်းကို ဆက်လက်မေးမြန်းတယ်။
သူ့ခါးကို ထောက်မြဲ။ မှောင်တော့မယ် ကလေး၊ မင်း အိမ်ပြန်တော့ မင်းအမေက မင်းကို စောင့်နေလိမ့်မယ်။
ငါတို့မှာ အချိန်မရှိဘူး၊ ပြီးတော့ ငါတို့မှာ အမေ မရှိဘူးကွာ။ ဘယ်သူပြောတာလဲ၊ လူအ၊ မင်းအမေက
နယူးယောက်မှာ၊ ငါ့အမေက ဂျိုဟာနစ္စဘတ်မှာ၊ ဒီကောင့် အမေက ဟေတီမှာ ငါ့အမေက ဟေတီမှာ
မဟုတ်ဘူး တရုတ်ပြည်မှာကွ။ ငါ့အမေက အားလုံးထဲမှာ အသက်အကြီးဆုံး။ ညညဆို မှန်အိမ်ကလေး
ထွန်းပြီးကျမ်းစာ အမြဲဖတ်တယ်။ ငါ့အမေက သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးကွ။ သူက နွားနို့ပူပူ
ကြိုက်တယ် ရေဒီယိုနားထောင်တယ်။ ငါ့အမေက မျက်စိသိပ်မှုန်တာ။ ဒါပေမယ့် ငါ့ကို ဘယ်တော့ဖြစ်ဖြစ်
မှတ်မိတယ် သူက အမှောင်ထဲမှာ ထိုင်ရင်း ငါ့ကို အမြဲစောင့်တာ။ မေရီမှာ သိုးကလေး တစ်ကောင်ရှိတယ်
ဆိုတဲ့ တေး မင်းတို့ နားထောင်ဖူးသလား။ ငါ့အမေကို ဘာလုပ်တာလဲ၊ ကလေးကမေးတယ်။နှစ်ကာလ
တွေက သူ့ကို သေသေချာချာကြည့်တော့ ကလေးဟာ အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။
သူက ဆက်မေးလေတယ်။ ငါ့အမေကို ဘာလုပ်တာလဲ။ မင်းပဲ ဖြေလိုက်ပါကွာ။
နေမျိုး
၁၆၊ ၃၊ ၂၀၁၀
(ချင်းတွင်းမဂ္ဂဇင်း အမှတ် ၅၃၊ သြဂုတ်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြသည်)
အသည်းစွဲ ကဗျာဆရာ ၃
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။
သွားတိုက်ရမယ်! ။
အဲဒီမှာ..
ငါ ဆတ်ကနဲ ကျင်စက်ထိသလို
ငါ ခုပဲ အဲ့ဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။
သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။
ပြီး။ သူမရဲ့ ဓါတ်ပုံ
သူမရဲ့ Kawabata Mamiko ဆိုတဲ့ အမည်
သူမရဲ့ ကောက်နှုတ်ချက်
ငါ ဖတ်ရတယ်။
I am not an artist
I am a ..worker တဲ့။
ဒီကဗျာကိုဖတ်မိတဲ့ မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။ ။
အောင်ချိမ့်
(အသည်းစွဲ ကဗျာဆရာ စာအုပ်မှ)
ဘာသာပြန်ဆိုသူ မောင်သာနိုး
Favourite Poet 3
This morning after listening to the world
I was about to jump into the world when
I must wash my face
And brush my teeth.
Brush my teeth!
Then and there,
as if electrocuted all of a sudden
as if I had to view the scence again – vividly
her acting of the way she brushed her teeth!
How she
brushed her teeth
then gurgled
and the gurgle
she swallowed
Then her photograph
her name Kawabata Mamiko
a quote from her
I read:
“I am not an artist
I am a…worker”
My friend, who reads this poem
Have you brushed your teeth?
Aung Cheimpt
September 2005
Translated by Maung Tha Noe
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား
(၁)
၁၉၆၄ ခုနှစ်လောက်ကပါ...။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့ တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်ရေးတပ်တွေက မြို့ တော် ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။
မနက်ခင်း လဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့် ပြီး ကျနော်တို့ က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစုမှတ်သားနေခဲ့ကြပါတယ်။ ကျရှုံးသွားတဲ့ တောင်ဗီယက်နမ်မြို့ တွေ တမြို့ ပြီးတမြို့ ကို ကျနော်တို့ လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ်မှတ်သားလိုက်ကြပါတယ်။
ကျနော်တို့ ဟာ အဲဒီတုန်းက ဗီယက်နမ်မျိုးချစ်တပ်တွေဘက်ကရပ်တည်ပြီး နေ့စဉ် လဘက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့  စစ်ပွဲကြီးတပွဲကို စေါင့်ကြည့်နေကြတဲ့အချိန်။
မှတ်မိပါသေးတယ်။ ကိုခါး( ငခါး-ကွမ်းခြံကုန်းမဟုတ်ပါ)က ဆံပင် ကြောထောက်နဲ့ ။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့ ။ ကိုစန်းမောင်( ယခု ပဲခူးမြို့ က ရှေ့ နေကြီး ဦးစန်းမောင်) က လည်ကတုံးအကျီနဲ့ ။ ကျနော်ကတော့ ရင်ပတ်ကြယ်သီးဖြုတ်အကျီ ချက်ပြုတ်ပုဆိုးနဲ့ ။
ဒီတုန်းက ပဲခူးမြို့ က ကျနော်တို့ လူငယ်တသိုက်... မော်စီတုံးရဲ့ကဗျာတစ်ပုဒ်ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့  “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။
အခု...နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်...ကြာပြီးတဲ့နောက်။ ကြည်မောင်သန်းရဲ့  “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “ သူတို့ ” ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုဖတ်မိတဲ့အခါ ကျနော် မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျောလိုက်မိတယ်။
သူတို့ 
တပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့် ကျင်ကြ
သူတို့ 
အသံသစ်တွေနဲ့  ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်။
သူတို့ 
တပြိုင်နက် လဘက်ရည်ဆိုင်ထိုင် ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့ 
သံကန့် လန့် ကာကို ဆွဲဖွင့်ကြ
သူတို့ 
ကမ္ဘာကြီးကို လက်နဲ့ ဆွခဲ့ကြတယ်။
သူတို့ 
တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ
ဟစ်ဟော့သီချင်းတွေ နားထောင်ကြ
ကွန်ပျူတာနဲ့ ထိတွေ့ ကြ
ဂိမ်းစ်တွေ ကစားကြရင်း
အနိုင်ရတာကို အရသာတွေ့ ကြ
သူတို့ 
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား...။
(၂)
လွတ်လပ်မှုရဲ့ သင်္ကေတဟာ
ကမ်းခြေတစ်ခုလို့ ဆိုရင်
ဟိုမှာ
ကမ်းခြေတစ်ခု အဓွန့် ရှည်ဖို့ 
မာကျောကျောရုပ်ရည်နဲ့ 
အကာအကွယ်တွေ ပေးနေသူတွေ...။
                (ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ...)
ကျနော်တို့ ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓါတ်ရုပ်ရည်နဲ့ ပါပဲ။ ကျွန်း အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ ပါပဲ။ အနှစ်နှစ်ဆယ်ကို ရေးသွားတဲ့ ဗိုလ်မှူးချစ်ကောင်းဆိုတာလည်း မာကျောကျောရုပ်ရည်နဲ့ ပါပဲ။
ကျနော်တို့ဟာ ကျနော်တို့ခေတ်မှာ လေးစားရမယ့်သူကို တလေးတစားရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ်ဆိုပါတော့။
အဲဒီ မာကျောကျောရုပ်ရည်နဲ့ လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ ကကော ကျနော်တို့ ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့ ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေခဲ့ကြပါရဲ့လား။
နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့ 
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ ရေ
တို့ နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့  ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
          (ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပျင်းပြေဖတ်ဖို့  ကဗျာ..မှ)
ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့် အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာတိုက်မောင်းကို သတိရတယ်။ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိရတယ်။
တချိန်ကတော့ ဟုတ်ပါတယ်...။ ကြည်မောင်သန်းရဲ့ ကဗျာတစ်ပုဒ်ထဲကလို ကျနော်တို့ ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့  စံနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ကြပေမယ့် ကျနော်တို့  ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့  ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ ထောင်တွေ ရဲဘက်စခန်းတွေ ပိုက်လုံးကြီးတွေ ရထားသံလမ်းတွေ ဘူတာရုံတွေ ပလက်ဖေါင်းတွေ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း...ကျနော်တို့ စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တစ်ပါတီစံနစ်ကို ထားခဲ့ကြတာပဲ မဟုတ်လား။
တချို့ က ကျေနပ် လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့ တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံး သွားပြီ ဆိုတာ မသိလိုက် ကြဘူးလေ။
မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှုင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွါးရေးဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။
ကျနော်တို့ က တစ်စက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမယ့် တာကျိုးတဲ့အသံကြီးကသာ ခေတ်ကြီးတစ်ခုလုံးကို လွှမ်းသွားခဲ့တယ်။
အ ကာလ
စိန်ပန်းတွေ မြေခ
ဆိတ်ဖလူးရနံ့ မွှေးမြ
အသံမဲ့ ကြယ်တွေ ကြွေကျ
အ ကာလ။
ကလေးရယ်
မင်းကို မွေးတဲ့အခါ
ကံဆိုးမိုးမှောင်ကျ
အ ကာလ။
ကလေးရယ်
မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ
မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ
အ ကာလ.
တကယ်တော့ ကလေးရယ်
သေသေချာချာ တွေးကြည့်တော့မှ
အ ကာလဆိုတာ
ညတညရဲ့ ဈာပန ဖြစ်နေရဲ့။ု
          တခါတရံမှာ ကျနော်တို့  ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ထောင်ချောက်တွေက ဥပဓိရုပ်မငြိမ်ဘူးလေ။ အရောင်စုံလွန်း ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့အားမြှင့်ဘို့ မလိုလောက်အောင်ကိုပဲ အနံ့ ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော်ဆုတောင်းတယ်လေ...။ လမ်းဆုံတနေရာမှာတော့  ထောင်ချောက်ထဲက လူတချို့  ပြန်ဆုံနိုင်ကောင်းရဲ့လို့ ပေါ့။  ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတစ်ခေတ်ရဲ့ ဈာပနကို အတူတူ လိုက်ပို့ လို့  ရစကောင်းရဲ့ပေါ့။
          ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တစ်အုပ် သေနတ်တစ်လက်နဲ့  လက်တင်အမေရိကတိုက်က လူငယ်တစ်ယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး  ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။
          ကဗျာဆရာတစ်ယောက်က ကဗျာစာအုပ်တစ်အုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့  လောကကြီးကို ကြိုးပစ်ပြီး ဖမ်းဖို့ ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။
(၃)
ကြည်မောင်သန်း ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစားကြည့်ခဲ့တာပါ။
ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင် ကဗျာ”၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ ရဲ့ ၁၉၉၄ တစ်နှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေး စာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ(၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တစ်နေရာ” ၊ ၂၀၀၆ ရွှေဘိုမြို့  ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတစ်နေ့ ” ကဗျာတွေကို ထည့်သွင်းဖေါ်ပြပါရှိတာတွေ့ ရလို့  ပိုမို စိတ်ဝင်စား ခံစားခဲ့ရ။
(၄)
“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော်ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။
ကျနော်တို့ ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့ တဲ့မြစ်ကို ဆန့် အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ် ကြိုးစားနေကြမယ်ဆိုတာကိုတော့ ယုံကြည်လျက်...။
ရာဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက်...။    ။
ငြိမ်းဝေ