burmesepoetryfoundation editor choice poem

" burmesepoetryfoundation အယ်ဒီတာ့အကြိုက် ကဗျာတင်ဆက်မှု"


မိုးမခရွာမှလူတစ်ယောက်ပျောက်ဆုံးခြင်း

သို့ မေမေ...

တကယ့်အဖြစ်အပျက်ကို ကြေကြေကွဲကွဲပြောဆိုခွင့်
သူတို့ လက်မခံကြတဲ့အခါ...
နေတစ်ခြမ်းလတစ်ခြမ်း သာခဲ့ဖူးတဲ့အရပ်ကနေ
ကျွန်တော် ရွှေ့ထိုင်ပေးခဲ့ပါပြီ...

လူရယ်လို့ဖြစ်လာခဲ့ရတာ .. ဒါမျိုးလား

ဘဝမှာချစ်တတ်လွန်းလို့ အချစ်တွေငတ်ရတယ်..
စဉ်းစားခဲ့လွန်းလို့ စဉ်းစားဖို့နေရာမဲ့ရတယ်..
အဖြူထည်ဆန်မိလို့ အရောင်တွေစွန်းရတယ်..
လုပ်ချင်တာတွေလုပ်ပြဖို့ မလုပ်ချင်တာတွေလုပ်ပြခဲ့ရတယ်..

ဒါတွေဟာ ကိုယ့်ဖန်တီးချက်၅၀သား .. ကံကြမ္မာ၅၀သား နဲ့
ထွန်ကြောင်းတစ်ခုထဲခုန်ချခဲ့ခြင်းပေါ့ မေမေ....

ခေါင်မိုးနီနီလေးတွေမသေမသပ်မိုးထားတဲ့ မြို့ကလေး..၏
အရေးခင်းကာလ နို့မှုန့်ရှားတဲ့ဒေသမှာ
အမေကထားခဲ့တဲ့ သားတစ်ယောက်...
ထင်းရှူးသေတ္တာကြီးထဲမှာ လောကကြီးကို ရသမျှပူစာဖို့ကြံနေတဲ့
ကလေးတစ်ယောက်ရဲ့နောက်ဆက်တွဲတွေပေါ့ မေမေ..
ဗိုလ်အုန်းသီးကားလေးမောင်းတတ်တဲ့အရွယ်မှာ
မြေဖြူတစ်ချောင်းနဲ့သံမံတလင်းကြီးဟာ ကျွန်တော့်ဘဝဟောင်းပေါ့..

အခြေအနေတွေ အဆင့်အတန်းတွေ မီးလောင်ပြာကျခဲ့ပေမယ့်..
လောကကို ထုတ်ချင်းပေါက် ပွင့်ပစ်နိုင်တဲ့
မေမေ.. ဆိုတဲ့ပန်းနှစ်ပွင့်ရဲ့အရိပ်အောက်မှာ
ကျွန်တော် အေးအေးလူလူ အိပ်စက်ခဲ့ရသေး...

အခု .. အိပ်မရတာကြာပြီမေမေ...

မညာချင်ပေမယ့် အဆင်ပြေပါတယ်လို့ ညာညာနေရတယ်...
နေ့လားညလားမသိတဲ့ဘဝမှာ...
ဟာလာဟင်းလင်း ခေါင်းခွံကြီးနဲ့ အတင်းပြုံးပြုံးနေရတယ်..
ခံယူချက်နဲ့ခံစားချက်.. ဆိုတာ အဲဒီလောက်ဒုက္ခပေးတတ်မှန်းမသိခဲ့တော့..
ဟိုး.. တစ်ဘက်ကမ်းမှာလေ နှင်းဆီတစ်ခင်းလုံး တဟုန်းဟုန်းနဲ့ပွင့်နေပြီမေမေ

ကျွန်တော်ချန်ထားခဲ့တဲ့အရာများ..
ကျွန်တော်ပျောက်ဆုံးခဲ့တဲ့အရာများ..
ဘာတတ်နိုင်ဦးမလဲ..
ကျွန်တော်ချည်ခဲ့တဲ့ကြိုးတွေဟာ ဆက်ထုံးလည်းမမြဲလေတော့....

အကိုင်းအခက်လည်းဝေခဲ့တယ်
တစ်ပင်လုံးစာမကလည်းကြွေခဲ့တယ်
အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်.. ရာဇဝင်ရိုင်းရိုင်းနဲ့သစ်ပင်..
မေမေရေ ..ကျွန်တော်မြေလှန်ပြီးသေချင်နေပြီ
အမြစ်တွေကုပ်ထားတဲ့ မြေဆီမြေသားတွေဟာ
တစ်ခါက လူတောသူတောတိုးခဲ့ဖူးတဲ့
ပျိုးပင်လေးကိုမမှတ်မိကြတော့ဘူး...
ရွာနေကျမိုးတွေကလည်းရွှဲစိုခွင့်မပေးကြတော့ဘူး...
အောက်စီဂျင်တောင်မပေးနိုင်တဲ့သစ်ပင်..
ဒီလိုသစ်ပင်တဲ့...
အရိပ်တောင်မနင်းချင်ကြလေတော့ မေမေရယ်...

စောစောစီးစီး ထွန်းညှိမိတဲ့
ပြောဖို့လိုသွားတဲ့စကားများ..
ပြောပြီးမှပိုသွားတဲ့စကားများ..
စိန်စီထိုက်သောနားများအတွက်ဆွံ့အသွားတာ
မဆန်းပါဘူး မေမေ...
ခွဲစိတ်ကုသခဲ့ရတဲ့မျက်ရည်... ဘယ်လိုပဲငိုပါစေ
ဘာခံစားချက်မှမပေသင့်တော့ဘူးလေ

ကျွန်တော်ဟာလူပျင်းတစ်ယောက်ပါမေမေ..
စိတ်မပါတဲ့အလုပ်နဲ့ ဘဝကိုသေပစ်ရမှာ ..ပျင်းတယ်...
စိတ်ပါတဲ့အလုပ်အတွက် အထောက်အပံ့တွေ
သေလုမြောပါး ထပ်တလဲလဲ ရှင်းပြတောင်းဆိုရမှာ.. ပျင်းတယ်...
နားလည်မှုအပေးနိုင်ဆုံးလို့ လူတွေသတ်မှတ်ထားတဲ့
လူသားတွေ ကျွန်တော့်ကိုနားလည်ပေးလာဖို့ စောင့်ရမှာ ...ပျင်းတယ်...
သနပ်ခါး ခြေဆုံးခေါင်းဆုံးလေးနဲ့ ပျောက်ဆုံးသွားတဲ့
ကျွန်တော့်ရဲ့ စံပယ်တစ်ကုံးကို
မြတ်နိုးတယ်ဆိုတဲ့အပြုအမူ... ချစ်တယ်ဆိုတဲ့စကားထက်..
ပိုခြယ်သထားတဲ့ ဆေးရောင်တွေစပ်ပြရမှာ... ပျင်းတယ်...

ဒါကြောင့် ..ကျွန်တော်ဟာ လူညံ့တစ်ယောက်လည်းဖြစ်တယ် မေမေ..

အစစအရာရာနောက်ကျနေပြီဆိုတဲ့ဘဝမှာ
အဆင်သင့်မဖြစ်မှုနဲ့အခွင့်အရေးက ခဏခဏ ဘေးချင်းယှဉ်ကျတယ်...
ကျွန်တော်ဘယ်နှုန်းနဲ့ပြေးရမလဲ..
ဘယ်လမ်းကပတ်ပြေးရမလဲ...
ဘယ်အိမ်မှာဝင်နားရမလဲ... မေမေ

ဒါတွေဟာ .. ဒီအဖြစ်ဒီအပျက်တွေဟာ...
ဘာမှကိုမဟုတ်ဘူး ဆိုတဲ့အသိနဲ့
ဘာမှမဟုတ်တာတွေကို အရူးအမူးလုပ်ပြရဦးမယ်ဆိုတဲ့
ဦးနှောက်နဲ့ နှလုံးသားကြားမှာ..
လွန်မဆွဲရဘဲ ချွေးတွေရွှဲနေပြီ...
ဒီရက်ပိုင်း .. အလိုလိုနေရင်းကိုမောနေတယ် မေမေ..

မောလွန်းလှပြီ.......
အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်
အကြွင်းတွေအားလုံးကကျွန်တော့်ကို အဖြေပြန်ထုတ်တယ်..
ကြက်ခြေခတ်တဝက်တပျက်နဲ့ ရင်တည့်တည့်ကို
မသေမသပ် တွဲချုပ်သွားတယ်...
မိုးမဟုတ်တဲ့မိုးတွေရွာလာပြီ မေမေ..
အိမ်ခေါင်မိုးကျိုးပျက်အက်ကွဲ တစ်သက်စာ အိပ်မက်တွေ စိုရွှဲကုန်ပြီ...
အလေ့ကျမဟုတ်တဲ့ ဘာသာဗေဒတွေ အားနည်းမှုအောက်မှာ
ကျွန်တော်နဲ့ကျွန်တော့်ဘဝ...
လှလှပပနဲ့ပင်လယ်ကြီးတစ်ခုမက 'ဟ' သွားခဲ့ဖူးပြီ မေမေရေ..

ကျွန်တော်ထပ်ပြောရင် မေမေပဲမောရော့မယ်....
သားဆိုးသားမိုက်ဆိုတဲ့ ဂုဏ်တစ်ခုထက် ကျွန်တော်ပိုမပေးနိုင်ခဲ့ရင်လည်း
မေမေဟာကျွန်တော့်အတွက်ငြိမ်းချမ်းနေမြဲဆိုတာ သိပါတယ် မေမေ
ကျွန်တော်ဟာ မေမေဆိုတဲ့ရွာကလေးအတွက်
အလည်လွန်နေတဲ့မြူခိုးဝေဝေ တောင်တန်းတစ်ခုလို့
မှတ်ယူပေးပါဦး မေမေရေ....

အခု.. ဆောင်းအတုအတွက် နွေကတည်းက
မြူနှင်းတွေပိုစုရတော့မယ်....
အခု.. မိုးမခကိုလည်း ပိုလွမ်းနေတယ် မေမေ..
ကျွန်တော်ပြန်လာဖြစ်တဲ့နေ့ရှိရင်တော့
မေမေ ရှင်းထားတဲ့ သံမံတလင်းအတွက်
မြေဖြူတစ်ခဲတော့ စုဆောင်းခဲ့ပါ့မယ် .....
ငယ်ငယ်တုန်းကလို မေမေနှင့်ကျွန်တော်
မိုးမခကို ရီရင်းမောရင်း ပုံဖော်ကြမယ်နော်..
တစ်နေ့နေ့ပေါ့မေမေရယ် .....တစ်နေ့နေ့ပေါ့
ကျွန်တော့်ရဲ့ အဘိဓာန်မှာ အဲဒီတစ်နေ့နေ့
မေမေ့အတွက် ကျွန်တော်ရှာဖွေတွေ့ရှိလိမ့်မယ်

သွေးအေးအေးနဲ့စိုက်ပျိုးခဲ့တဲ့အခမ်းအနားကြီး
အောင်မြင်စွာနဲ့ပျောက်ဆုံးခဲ့ပြီးပြီ မေမေရေ...

ကဲ.. ကျွန်တော်ဘာတွေ ခုတ်ထွင်ရှင်းလင်းနိုင်ဦးမလဲ

ပိတ်ထားတဲ့တံခါးချပ်တွေပေါ်က
ချိတ်ထားတဲ့စာရွက်အလွတ်တွေ...
လိုချင်နေကြတဲ့ အဖြေတွေရေးပေးနိုင်ဖို့လေ....
ကျွန်တော် ...ခဏတော့ပျောက်ဆုံးရဦးမယ် မေမေ

ပြာရီလင်းဝေတဲ့ မိုးမခရေ....
ဆုတ်ခွာခဲ့ရတဲ့ ကမ်းခြေတွေမှာ
မိုး တွေ ဖွဲ တုန်း ........... ။ ။

တေးခက်

No comments:

Post a Comment