အယ်ဒီတာအကြိုက် ကဗျာကဏ္ဍ

Burmesepoetryfoundation Editor's Choice

ခြေရာလက်ရာ (၂)

ကဗျာဆိုရင် အဲဒီလိုလွင့်နေရမယ်
ပြိုင်ဘီးကလေးနဲ့ ညနေခင်းထဲ လွင့်နေသလို
‘ဂလိုက်ဒါ’ နဲ့ တောင်ကမ်းပါးစွန်းတစ်ခုပေါ်ကနေ
ခုန်ချလိုက်သလို
မီးတောက်မီးလျှံတွေက ရိုက်တင်လိုက်လို့
ပြာစကလေး လွင့်တက်သွားသလို
တစ်ခုခုဆီကို ဒါမှမဟုတ်
တစ်ခုခုလို ပေါ့လွင့်နေရမယ်
ကျဉ်းထဲကျပ်ထဲရောက်တော့
ချောင်ပိတ်ခံထားရတဲ့ ခွေးတစ်ကောင်စီက
မောင်းချဓားခလုတ် ဖွင့်သံလိုမျိုး ထွက်လာတယ်
အဲ့ဒီအသံက စီးနေတဲ့ လျှပ်စစ်ကို
ကိုက်ဖြတ်လိုက်တယ်
စားလက်စ ထမင်းပန်းကန်တွေကို
ဆွဲမှောက်ပစ်လိုက်တယ်
ပြတင်းပေါက်မှန်တွေကိုလည်း
ဆောင့်ခွဲပြိးဖွင့်လိုက်တယ်
ခင်ဗျားတို့အတွက် ချောင်းကြည့်ဖို့အပေါက်တစ်ပေါက်
အဲဒီအပေါက်ဟာ စာရွက်တစ်ရွက်လို
လေထဲက လွင့်လာတယ်
ဟော့ဒီမှာ ခင်ဗျားတို့အတွက်
စုတ်ပြဲနေတဲ့ကျီးကန်း
ဟော့ဒီမှာ ခင်ဗျားတို့အတွက်
အရည်ခွံလှန်ထားတဲ့ ပန်းခြံ…။

ဒီကနေ ငါ့မိတ်ဆွေတွေဆီ သွားဖို့
ဒီကနေ ပဲခူးမြို့ဆီကို ရောက်ဖို့
ငါ့မှာ ကဗျာအပုဒ် ငါးဆယ်စာလိုနေတယ်…။

ကြယ်တွေကလည်း ချလွင်ချလွင်နဲ့
‘ည’ ထဲ ပွတ်တိုက်သွားလာနေကြတယ်
ဒါပေမယ့် ငါ့အာရုံက အဲ့ဒီမှာ ‘ထ’ မပွက်ဘူး
ငါ့ ၀ိဥာဉ်က အဲဒီမှာ မလူးလွန့်ဘူး
ငါ ကြည့်နေတုန်း ကြယ်တံခွန်တစ်ခုဟာ
ထက်ပိုင်း ပြတ်ထွက်သွားပြီး
ငါ့ဆီကို ဓားကျိုးတစ်ချောင်းလို လွင့်လာတယ်
သူများဆီမှာ ရွှေ
ငါ့ဆီရောက်ရင် မီးသွေးခဲ ဖြစ်ြဖစ်နေတယ်
ငါ့ကို ညှော်ညှော်နေတဲ့
ငါ့ကို ခေါက်ချိုးနေတဲ့
ပူပူနွေးနွေး အသက်ရှိနေသေးတဲ့ မီးသွေးခဲပေါ့…။

‘အာဖရိက’ မှာဆို မပြေးနဲ့
ရပ်ပြီးနားထောင်ပါ တဲ့
အန္တရယ်တစ်ခုခု ကျရောက်လာရင်
စာအုပ်ပုံတွေထဲ ငါထိုးဝင်နေလိုက်တယ်..။

ကျောက်ခဲကလေးတစ်လုံး လိမ့်ကျလာတာကအစ
သဲပွင့်ကလေးတွေ ကြွေကျလာတာအဆုံး
အားလုံးမှာ ခလုတ် တွေကို လှည့်ဖွင့်နိုင်တဲ့
သော့ချက်ကလေးတွေ ကိုယ်စီရှိတယ်
အဖြစ်အပျက်တွေက စုံလွန်းတော့
တစ်ယောက်နဲ့တစ်ယောက်လည်း လက္ခဏာလို
မတူညီကြဘူးပေါ့…။

ဟိုအမျိုးသမီးက သစ်ပင်ဖျားပေါ်ကုတ်တက်နေလို့
လွတ်မြောက်သွားတယ်
ဟိုလူက မုန်တိုင်း ကုတ်ခြစ်သွားလို့
ကျောက အရည်ခွံတွေကွာထွက်ကုန်တယ်
ကလေးတွေနဲ့ အဖေအမေ
တကွဲတပြား ဘ၀တခြားကို ရောက်သွားကြတယ်
လေဟာ လယ်ကွင်းတွေကို ကိုင်မြှောက်လိုက်ပြီး
ရွာပြင်ကို သွယ်တစ်ချပ်လို လွှင့်ပစ်လိုက်တယ်
ချည်တိုင်မှာ ချည်ထားတဲ့နွားကို
ပင်လယ်က ‘စား’ သွားတယ်
ငါ နောက်ဆုံးမြင်လိုက်ရတာ
သွပ်တွေ ထုပ်တန်းတွေ ယက်မတွေနဲ့ သစ်ပင်ကြီးတွေပါ
စုပ်ယူသွားတဲ့ မုန်တိုင်းရဲ့ သွက်သွက်ခါလှုပ်ယမ်းနေတဲ့
လျှာပြတ်ကြီးကိုပဲ
ကောင်းကင်ဟာ နီရဲယောင်ကိုင်းနေတဲ့ အနာဖတ်ကြီးလို
ငါတို့ အားလုံးပေါ်ကို ပြုတ်ကျလာတယ်
‘ ဖေဖေ သားကို သူ့လည်ချောင်းထဲက မြန်မြန်ဆွဲထုတ်ပါ’
‘ သမီးတို့ရဲ့ အိမ်အသစ်ကလေးကို သူစားပစ်လိုက်ပြီ မေမေ’
ဆားငံရည်တွေ စိုရွှဲသွားတဲ့
ရွာကလေးတွေရဲ့ အရည်ပြားကို ဖောက်ပြီး
မုန်တိုင်းဟာ သက်ရှိသက်မဲ့တွေအားလုံးကို
ပင်လယ်ထဲထိ ဆွဲယူသွားခဲ့တယ်
သေခြင်းတရားဟာ အုန်းပင်ပေါ်မှာ
စပါးကျီထဲမှာ
ကန်သင်းရိုးပေါ်မှာ
နွားခြံထဲမှာ
ရွာလည်လမ်းမမှာ
ရေတွင်းပျက်ထဲမှာ
မီးကျီခဲရဲရဲပေါ်မှာ…။

အစာသွပ်ထားတဲ့ ပေါင်မုန့်လို
ခြေတွေလက်တွေ မိုးပေါ်ထောင်လို့
ကျွဲသေတစ်ကောင်ဟာ တစ္ဆေသင်္ဘောတစ်စီးလို
ငါတို့ဆီ မျှောာလာတယ်…။

‘ဒီရွာကို အကြီး ‘မ’လေးနဲ့ မိစန်းတို့များ ရောက်လာကြသေးသလား’
အသက်မရှိတော့တဲ့ ‘လ’ သားအရွယ် သားငယ်လေးကိုပိုက်လို့
တစ်ရွာဝင်တစ်ရွာထွက် လိုက်မေးနေတဲ့
စိတ်နောက်သွားရှာသူ အပူသည် ဖခင်တစ်ယောက်
ကျွန်တော်တို့ ဦးခေါင်းတွေကို ခြာခြာလည်သွားအောင်
ရိုက်နှက်ပစ်လိုက်တယ်…။

သွားနေကျ လမ်းဟာ ရုပ်ပျက်ဆင်းပျက်
လမ်းများမှားနေလေသလားလို့
ငါ တွေဝေငေးမောရပ်တန့်နေမိ
အသားစား မုန်တိုင်းကြီးရဲ့ တိုးဝှေ့တိုက်ခိုက်သွားရာ
နေရာတစ်လျှောက်ဟာ
ဖျက်ထားတဲ့ ကမ္ဘာကို လမ်းပေါ်သွန်ချထားသလို…။

မောင်ဖီလာ
Beauty မဂ္ဂဇင်းမှ

1 comment:

  1. သွားနေကျ လမ်းဟာ ရုပ်ပျက်ဆင်းပျက်
    လမ်းများမှားနေလေသလားလို့
    ငါ တွေဝေငေးမောရပ်တန့်နေမိ
    အသားစား မုန်တိုင်းကြီးရဲ့ တိုးဝှေ့တိုက်ခိုက်သွားရာ
    နေရာတစ်လျှောက်ဟာ
    ဖျက်ထားတဲ့ ကမ္ဘာကို လမ်းပေါ်သွန်ချထားသလို…။

    မိုက်တယ်ဗျာ

    ReplyDelete