“ငွေငါး”

(၃၆)ကောင် ကိုယ်တော်ကြီးပုံကားချပ်
ဘယ်ဖက်ဒူးပေါ်က ငွေငါး
ပျင်းရိဆွေးမြေ့ နှစ်ပိုင်းပြတ်ကျလာခဲ့၊
ငွေ၊ ငွေ… တဲ့
လောကမှာ ငွေဟာလေ
အပေါင်းအသင်းဖျက်တာငွေ
မကောင်းသတင်းထွက်တာ ငွေ၊ ငွေ
အထုပ်လိုက်၊ အထပ်လိုက်၊ အစည်းလိုက်
ငွေ ရေတွက်စက်တွေထဲ
မြေရေခွံအိတ်တွေထဲ
မီးခံသေတ္တာတွေထဲ ဖွေးဖွေးလှုပ်
ငါးဆယ်၊ ငါးထောင်
ငါးသိန်း၊ ငါးကုဋေ
ကုဋေငါးဆယ် ငါးတွေ
ချောင်းတွေထဲ၊ မြစ်တွေထဲ
ပင်လယ်၊ သမုဒ္ဒယာထဲ
မွေးမြူရေးကန်၊ အလှမွေးမှန်ပုံးထဲ
ညစာစားပွဲ ဘဲဥပန်းကန်ထဲ
ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ပေါင်းလို့
မွှေးလို့၊ ပျော်လို့နေပုံ။
ငွေပုံပေါ်စံသူတို့
ငါးဟင်းလျာကို နှစ်ခြိုက်စွာ သုံးဆောင်ကြ၊
မြိန်ယှက်ကြ၊
ငါးက တနင်္လာ၊ ငွေကလည်း တနင်္လာ ဆိုတော့ကာ
ကဲ တနှစ်လုံးမှာ နှစ်တစ်လုံး သုံးပေတော့
ပျော်ပျော်ပြုံးပြုံး ဖြုန်းပေတော့၊
ပေး၍မကုန်၊ လှူ၍မခန်း
ပဒုမ္မာရွှေကြာပန်းကဲ့သို့
ထာဝရလန်းကြ၊ ရွှင်ကြပေတော့။
ဘော်စင်ငွေသား မည်းနက်ငွေသား
နတ်ငါးတို့ ဆန်ရာလမ်းမှာ
ငွေသားတို့ ၀ဲရော့လေ။
နံရံကပ်ပိုစတာထဲ
ငါးသေးသေးလေးကို ငွေကမြို
ငွေကို ပိုကြီးတဲ့ငါးကမြို
ငွေအကြီးကြီးကို ငါးကြီးဧရာကမြို
နောက်ဆုံး အားလုံးကို အနန္တပါးစပ်ကြီးက မြိုချလိုက်ပြီ။

ငါးစု ငါးချေး အသင်းရဲ့
နှစ်ချုပ် ငါးစာရင်းရှင်းတမ်း ပြီးပြေခဲ့သမို့
ငါး စာရင်းစစ်တို့ ဖွယ်ဖွယ်ရာရာ တည်ခင်းကြ
ငွေခေါင်း တုံ့ယမ်ဟင်းချို
ငွေသားချိုချဉ်၊ ငွေကောင်လုံးကင်
ငွေ အဆာသွပ်ကော်ပြန့်တွေနဲ့
သေသေချာချာဝေဆာခဲ့။

ငါးလည်း ငါးအလျောက် လျှောကနဲ
ငွေလည်း ငွေအလျောက် လျှောကနဲ
ပွဲလည်တင့်ကြ၊ ၀င့်ကြ
အဆင့်မြင့် နာမ်လောကထဲထိ အရောက်
တိုးလျှိုပေါက် ဖောက်ဝင်ခဲ့။

“ဂါထာမန္တန်”
ဥုံ ဇမ္ဗူဒီပါ၊ ကျွန်းသာယာက၊ လာသည့်နတ်ကြီး၊ နတ်မင်းကြီး
မင်းဆရာ၊ အလျင်းလာ၏၊ ရတနာဆင်မြင်း၊ ဗိုလ်သင်းပင်း
နတ်မင်းမနေ၊ ငါ့နှုတ်ခမ်းတွင် နေနှင့်စေ၊
ဥုံ ဒေ၀ါ ဒေ၀ါ မှိုင်း ဆရာမှိုင်း
“အညွှန်း”
အလိုရှိရာကို ပြောဆိုက ပြောဆိုတိုင်း အောင်မြင်၏။
သူခပ်သိမ်းတို့ ချစ်ခင်မြတ်နိုးကြကုန်၏။
ဆရာညို
(ဗားမဲ့ - ဗားတမော့)
လက်တွေ့အစီအရင်ကျမ်း
တတိယတွဲ
ပဉ္စလက်ဆရာကြီး စက္ကောမ လို
ငွေစက္ကူတစ်ရွက်ကို ၀ိဇ္ဇာဓိုရ်ဦးထုပ်ထဲထည့်
ပြန်ထုတ်လိုက်တော့ ငါးတစ်ကောင်ဖြစ်သွား
ငါးကို ဦးထုပ်ထဲပြန်ထည့်
အပ်ချလောင်း ငွေစက္ကူတစ်ရွက် ပြန်ထွက်လာ
ငွေငါးဟာ အဖုံဖုံ အဖန်ဖန်
ဂမ္ဘီရ ဆန်ဆန် အသုံးတော်ခံခဲ့။

ပြီးခဲ့သောကိစ္စ အ၀၀တွင်
ငွေငါးတို့က ဖြုတ်ခ တပ်ခ လုံးဝမယူ
သူ့လူနှင့်သူ စားရိတ်ငြိမ်း
ပွဲသိမ်းသည်အထိ ဆောင်ရွက်ခဲ့ကြလေသည်။

ငွေများ အမျိုးမျိုး
ငါးများ အမျိုးမျိုး
သူတို့ဘ၀၊ သူတို့ဟာသ၊ သူတို့ဇာတ်လမ်း
အထွေထွေ အခန်းခန်း
အဆန်းတကျယ် လှည့်လည် မွှေနှောက်နေခဲ့ရာ၊
တစ်ယောက်နဲ့တစ်ယောက် အကြာကြီးမေ့ပျောက်ခဲ့ကြ၊
ရုတ်တရက် ပြန်လည်တွေ့ခိုက်မှာ
ဝမ်းပန်းတသာ အော်ဟစ်ကြ၊
“နိုး မန်းနီး၊ နိုး ဟန်းနီး”
နိုး ၀ါးတား၊ နိုး ငါး” တဲ့၊
ခြေတစ်ဖက်စီသာရှိတဲ့ သူငယ်ချင်း နှစ်ယောက်လို
နှစ်ယောက်အပြေးပွေ့ဖက်ကြ၊
တစ်ယောက်ကိုယ်ထဲ တစ်ယောက်ပေါင်းဝင်သွားကြ
ဝိညာဉ်နှစ်ခု၊ တစ်ခုတည်းရောနှောသွားကြပေါ့။

အို - အို - ကြည့်စမ်းပါ့
ပွဲကြည့်စင်ပေါ် စိတ်လွတ်ကိုယ်လွတ် ပျော်နေသူ ငွေငါး
သောက်ရေသန့်ဘူးကြီးတွေရှစ်ထပ်အထိ ထမ်းပို့ရသူ ငွေငါး
အကူးစတက်ရှိုးပွဲထဲ သံပြိုင်အပိုဒ်၊ လိုက်လိုက်အော်သူ ငွေငါး
သူများပျော်လို့ မပျော်နိုင်၊ ဂျူတီကျလို့မှိုင်သူ ငွေငါး
ရောင်းလို့ရသမျှ အကုန်ကောက်သူ၊ ကောက်လို့ရသမျှ အကုန်ရောင်းသူ ငွေငါး
မုဆိုးလည်းသားကောင်၊ သားကောင်လည်းမုဆိုး သီဆိုသူ ငွေငါး
အရှင်နှစ်ပါးထံမှောက်၊ အဖူးမြော်ရောက်သူ ငွေငါး
ခွေးခြေပုကလေးပေါ်ကပင် လိမ့်ကျချင်တတ်သူ ငွေငါး
ရေးသူ အမည်မသိ၊ ရေးသူ ပိုင်းလော့၊ ရေးသူ လူဆန်း၊ ရေးသူ ငွေငါး
ဒိုင်အလှည့်အပြောင်းမှာ ဒိုင်ဗင်ကွက်ချောင်းသူ ငွေငါး
“ဒီတစ်ခါတော့ တကယ့်ကို နောက်ဆုံးပဲ” ဆုံးဖြတ်ချက်ချပြန်သူ ငွေငါး
ငွေငါး၊ စက္ကူငါး၊ ကျောနံပါတ်ငါး၊ စာမျက်နှာ ငါး၊ ငါး ဒဿမ ငါး ငါး
သတိထားကြည့်နေရာက၊ “၀ှစ်“ ကနဲ ပျောက်သွား။ ။

မောင်ပြည့်မင်း

No comments:

Post a Comment