ပိတောက်ပန်း

နေရောင်မှာ
တစက်စက်ပျော်ဆင်းနေတဲ့ နှင်းတွေလား
အရိပ်က တံခါးကို ခေါက်ဆဲ
စွဲလန်းမှုနဲ့ ရုပ်နာမ်များ
နံရံက အညစ်အကြေးလို မေ့ဖို့လည်း မလွယ်ဘူး။

ကိုယ့်မှာ အိပ်မက်အထပ်ထပ်နဲ့
စုတ်ပြတ်နေတဲ့ နံနက်ခင်းတခု
အတွေး တပုံတပင်နဲ့
တုန်ယင်နေတဲ့ အိုမင်းမှုတခု
ယိုစိမ့်နေတဲ့ ဓါတ်ငွေ့ပဲ
အန္တရာယ်လဲ ရှိတယ်။

ဟိုပျံ့လွင့် ဒီပျံ့လွင့်
လိပ်ပြာလွင့်ရာနောက် မလိုက်ချင်တော့လို့
အစိပ်စိပ်အမွှာမွှာ
တသံသရာလုံး ကျကွဲနေတဲ့ ကိုယ့်ပန်းအိုးဟာ
ကြမ်းခင်းပေါ်
တလက်လက်တောက်ပနေတဲ့ ဓါးသွားများပမာ
စိန်ခေါ်လို့
အလံဆိုတဲ့ မြို့ကလေးထဲ နံနက်စောစော
သေတ္တတလုံးလို သော့ခတ် အိပ်မောကျ
ပိတောက်ပန်းလို နေတတ်အောင် နေခဲ့ပြီ။ .

ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

No comments:

Post a Comment