ကိုယ်ပိုင် ဟယ်လီကောန်


မိုက်ကယ်လောင်လီဖို့


ကလေးဘဝက ကျုပ်ကို ပုံးနဲ့ စက်သီးနဲ့ ရေတွင်းတွေ
ရေစုပ်စက်ဟောင်းတွေက နှင်လို့ မရကြဘူး၊
မည်းမှောင် ချောက်၊ လှောင်ပိတ်မိ ကောင်းကင်၊
ရေပေါင်းပင်၊ မှို၊ စိုထိုင်းထိုင်းမှော်တို့ရဲ့ ရနံ့ကို ကျုပ်နှစ်သက်ခဲ့။

တစ်တွင်းက၊ အုတ်သမံတလင်းမှာ သစ်ဆွေး အဖုံးနဲ့၊
ကြိုးတစ်စရဲ့ အဖျားက ရေပုံး ထိုးဆင်းအသွား
ကြွယ်ဝတဲ့ ဝုန်းဒိုင်းအသံ ကျုပ်အရသာ ခံမိ၊
နက်လွန်းသမို့ ဘာအရိပ်ကမှ မမြင်ရ။

ကျောက်တုံး မြောင်းခြောက်အောက်က ရေတွင်းတိမ်တိမ်
ငါးပြတိုက်နှယ် အပင် ထူထူထဲထဲ။
ဒိုက်သရောပျော့ထဲက အမြစ်ရှည်တွေ ဆွဲထုတ်လိုက်တော့
မျက်နှာဖြူဖြူတစ်ခု အောက်ခြေထက် ပျံဝဲ။

တချို့တွင်းတွေက ပဲ့တင်သံနဲ့၊ ကိုယ့်အသံကိုပဲ
သန့်ပြန့်သစ်လွင်ဂီတနဲ့ ပြန်ပေးရဲ့၊ တစ်တွင်းကတော့
လန့်စရာ၊ ဖန်းပင်၊ မြေခွေးလက်အိတ်ပင်ရှည်တွေထဲကနေ
ကျုပ်ပုံရိပ်ပေါ် ကြွက် ဒုန်းစိုင်းပြေးပေါ့။

ခုတော့ သစ်မြစ်တွေထဲ ချောင်းကြည့်၊ ရွှံ့စေးကို စမ်းကြည့်၊
နာဆီယာ့စ်မျက်လုံးပြူး၊ စမ်းချောင်းထဲ ပြူးကြည့်ဖို့ဟာ
လူကြီး ဂုဏ်သိက္ခာနဲ့ မတန်ချေပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ဖို့၊
အမှောင်ထု ပဲ့တင်ဟည်းစေဖို့၊ ကျုပ် ကာရန်သီတော့တယ်။ ။

ရှေးမာ့စ် ဟေနီ
(ဘာသာပြန် မောင်သာနိုး၊ တောမှော်ရုံလမ်း စာအုပ်မှ-)

No comments:

Post a Comment