၃၅ ကြိမ်မြောက် မှော်ဆရာ

‘ စံပယ်တွေ…
  စံပယ်တွေ…’
မသေသေးချင်အောင် တဖျင်းဖျင်းအဆိပ်တက်
မနက်ခင်း ခန်းလုံးပြည့် ထောင့်တိုင်းနှံ့
မကြားဝံ့ ငါမခေါ်
သြော်၊ သူရဲကောင်းကြီး ဘုန်းဘုန်းလဲကျခဲ့ပြီ။

မထိုက်တန်သူ
ဘာနဲ့မှ မထိုက်တန်သူ
တစ်ကိုယ်ကောင်းစိတ်များများ
ဆားများများ
အမှားများများ
တစ်ဘဝလုံး ပေးဝယ်ထားပြီး ဝှက်ချန်ထားတဲ့ ဖဲချပ်
အံ့သြလောက်အောင် ယပ်ခပ်ခဲ့ပြန်ပြီ။

ငါဟာ ဖော်ဝေးပါ
ငါဟာ ဒီလန်တောမတ်စ်ပါ
ငါဟာ အောင်မြင်သွားတဲ့ မာယာကော့ဖ်စကီးပါ
ငါဟာ ငါသိပ်မသိတဲ့ အိလိယော့ပါ
အဲသလို ဒူးတဆတ်ဆတ်တုန်နေပုံဟာ
ကင်းပတ်စ တစ်စ
မြို့တစ်မြို့
လည်ချောင်းကို ဆို့တက်လာတဲ့ အဆုတ်မှလေများ
ကြွားလုံးကြီးကြီးနဲ့ စုပ်ယူ
ရူပဗေဒရဲ့ စကြာဝဠာနဲ့ ခပ်ဆင်ဆင်တူသပေါ့။

ခုလို
ယိုစီးနေတဲ့ အချိန်ကျမှ
လောကကြီးကို ပိုချစ်လာသလို
မဖျားယောင်းလိုပါ။

နေ့ရက်တွေကို ရေတွက်ဖို့သက်သက်
ကွဲအက်ခြင်း
မျိုချခြင်း
မတော်တဆဖြစ်ခြင်း
အလင်းရောင်တလျှောက် စုပြုံတင်ထားရုံမျှ
ပါးလျားခဲ့ရတယ်။

အိပ်ယာဝင်ကားနီး
မီးခလုပ်ပိတ်ပြီး လှဲမချခင်
ယန္တရားစက်ကြီးတစ်စင်း လှုပ်ရွ
ကြမ်းပိုးရှာသလို
အနာဂတ်ကို နက်နက် တူးကြည့်ဖြစ်သွားသတဲ့။

ရင်ဘတ်ကို
ပင်အပ်ဖြင့် ထုတ်ချင်းဖောက်ခတ်ကာ
‘ ငါ့ကို ဆူးခြစ်မိတာပါ ’
အဲဒီ့စကားဟာ မသမာပါဘူး။      ။

အောင်ချိမ့်

(ကဗျာ ၁၂ ပုဒ် စုစည်းမှု-၂ ကဗျာစာအုပ်မှ)

မှတ်ချက်။  ။ မူရင်းတွင် 'ဒီလန်တောမတ်စ်' 'မာယာကော့ဖ်စကီး' 'အဲလိယတ်' တို့အတွက် ခရေပွင့်အမှတ်အသားဖြင့်
အောက်ခြေမှတ်စု ဖော်ပြထားသော်လည်း ယနေ့ခေတ်အခါမျိုးတွင် အမှန်တကယ် ကဗျာလိုက်စားသူများအတွက်
မလိုအပ်တော့ဟု ယူဆပါသဖြင့် ဖြုတ်ပယ်ထားခဲ့ပါသည်။

burmese poetry foundation group

No comments:

Post a Comment