ဘလော့ဂ် ကဗျာဆရာများရဲ့နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၆ (ခင်အောင်အေး၊ ဇေယျာလင်း၊ သိုးထိန်း၊ လွန်းဆက်နိုးမြတ်)

ဘလော့ဂ်ကဗျာဆရာများရဲ့ နှစ်သစ်ကူးကဗျာပွဲတော် အစီအစဉ် ၆


၂၀၁၀၊ ဗမာကဗျာ အဆက်အပေါက်၊ ဗမာ ကဗျာဗေဒနဲ့ မသိကိန်းတခု

လ ရောင်နဲ့ နာနတ်ယို တခြမ်းစီ သုတ်ထားတဲ့ ပေါင်မုန့် ဟုတ်ကဲ့ အရေပြားနာ မူရင်းကြယ်တွေရဲ့ အရိပ်
အယောင်မျှ ဘဏ်လုပ်ငန်းဆိုတာ ဒီလိုမြန်ပြီး ဒီလိုလွယ်ကူရမယ် သိပ်ပြောချင်ဆိုချင်စိတ်တွေ ယိုဖိတ်နေတုန်း
ပန်းပွင့်ဖတ်နုနုလေးတွေ အနှေး ကြွေကျလာ (ဖတ်ပါ) အကူအညီ ပြူတင်းပေါက် စားပွဲ တန်ဆာပလာ နာရီလက်
တန် ပြောင်းပြန်လည်ရင်း ထီးများ ခမောက်များ ဘိန်းအစားထိုး ပန်းဂျုံ “ဟယ် ခရုတွေ” မီးရောင်ဟာ အဲဒီနောက်
ကို ထပ်ချပ်မကွာလိုက်ရင်း “ ဒီဟာ ကော်မရှင်နာ ချူအင်-လိုင်း ပါ” ဟု ဟစ်ကြွေးသံများ သီချင်းထဲမှာ စက္ကူစုပ်
တွေ လမ်းများထဲသို့ လေညှင်းကလေးများ သုတ်ဖြူးလာသည် ပြုံးပြကာ “ခွပ်ခွပ် ခွပ်ခွပ်နဲ့ သွားနေတုန်းပါပဲဗျာ” ဟု ပြောတတ်သည် လက်တွေ့မှာလည်း လက်တွေ့အောင် (လက်နဲ့မတွေ့သေးလည်း မတွေ့တွေ့အောင်)လုပ်
တတ်သည် ဟော ပြောရင်းဆိုရင်း ပြေးဝင်လာပြီ ရိုက်ကွင်းထဲ ဇာတ်ညွှန်းထဲမပါပဲ ဇာတ်လိုက်ဟာ ဒါဏ်ရာရ လဲ
ကျ ရွှေဘောင်သွင်း ရွှေအဆင်း ရွှေရုပ်ပုံလွှာ ကြိမ်းမောင်း ချိန်းခြောက်ခဲ့ဖူးသည် “ခင်ဗျား မြင်သားပဲလေ”
ပြောဆဲအခိုက် ဖုံးကဒ်မှာ လည်မှာဆွဲထားတဲ့လက်ဖွဲ့အဆောင်အယောင်မှာ ခုတ်ထစ်ရတော့တယ် ဓါးသွားဟာ တမဟုတ်ချင်း ရင်မှကျော ထုတ်ချင်းခတ်သွား အာလူးကြော် တဖတ်ဝါးရင်း ဟုတ်ကဲ့ပါခင်ဗျာ ဓါးသွားပေါ် အပိုး
မကျိုးတာလား အကျိုးမပေးတာလား အလိုလို ကြက်သီးတွေ ဘာတွေ ထ ပြီး လက်အုပ်ချီ ထိုင်ကန်တော့တာ
မင်း မုတ်ဆိတ်ငုတ်တိုကိုပဲ မင်းဂရုစိုက် သံသရာတလျှောက်လုံး အမှန်တကယ် အသုံးဝင်မယ့် တခုတည်းသော
အဲဒီ ‘သတိ’ တစ်လုံး မျက်မှန်အိတ်မှာ ရေးထားတဲ့ ဒီစာ inmind ကနုတ်ဖော်ထားတဲ့ ကျွန်းသား ပါတေးရှင်း နား
နှစ်ဖက်ကို အုပ်ကာ သို့တည်းမဟုတ် နားနှစ်ဖက်ကို ထောင်စွင့်ကာ ဖေ့စ်ဘွတ်ခ် ဖြောင့်စင်းသော ဆံပင်အုပ်လုံး
ပေါ် တပေါက်ချင်း ကျလာခဲ့ပုံ မွေးကင်းစ ကလေးလေး ကမ္ဘာကြီးကို အူငဲလို့ အာခေါင်ခြစ်အော်ငိုသံနဲ့နှုတ်ဆက်
လိုက်ပုံ ပျင်းစရာကောင်းလောက်အောင် ခံနိုင်ရည်ရှိပုံများလို့ သူရေးတတ်လေတယ် သူမို့ရေးတတ်ပလေတယ် “ဒါပေမယ့် ကန့်သတ်မှုကို/ကျွန်ပ်တို့ကာလည်း ကာကွယ်ချင်တယ်/ဘယ်လို ကာကွယ်ရမှန်းလည်း မသိဘူး”။ ။

ခင်အောင်အေး
၂၄၊ စက်တင်ဘာ၊ ၂၀၁၀ ဘန်ကောက် ၁၉း၅၇ နာရီ

ခင်အောင်အေးရဲ့ ကဗျာတွေကို ဒီလင့်ခ်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်
http://www.kaungkin.com/
http://www.linhtet.net/


* * *


အာကဒီ့ဇနီး ဇီနာ

ရုရှစကားမှာ oxota ဟာအမဲလိုက်ခြင်း
လင်းန်ဟက်ဂျီးနီးယန်နဲ့ အာကဒီတို့ လျှို့ဝှက်ထားတာ
ဇီနာသိသွားတယ် ဇီနာပဲပေးလိုက်တာ အဲဒီခေါင်းစဉ်
ဖန်နဲ့လုပ်ထားတဲ့မြားနတ်မောင် သဲထဲမျက်စိမြုပ်ခဲ့တာ
နေ့အလင်းဟာ ထင်ရတာထက်ပိုထူပိတ် ပိုသိပ်သည်း
စကားလုံးရဲ့ အနံ့ လေသံရဲ့ ခြေရာ အမူအယာလင့်စင်
နောက်ကျောတစ်ခုဟာ စွန်းထင်းနေတဲ့ အိပ်ယာခင်း
အဓိပ္ပါယ်တစ်ခုခု မိနေတဲ့ ကွန်ယက်
အဆက်အစပ်မဲ့ ဆက်စပ်ဝန်းကျင်လွင့်ညွှန်းတွေ
ဇီနာ၊ ငါသိတာကတော့ ဘယ်သူမဆိုဟာ မဲ ၃ မဲ
ကံစမ်းမဲ၊ ပလာမဲ နဲ့ ပယ်မဲ တစ်ခုခုပဲ
မနှုတ်ရသေးတဲ့ ဓါးစနဲ့ပဲ သွားလာလှုပ်ရှားနေတယ်
ဆာမူရိုင်းမဟုတ် မရီးန် အထူးတပ်ဖွဲ့ဝင်မဟုတ်
ခရမ်းရောင်နှလုံးဆုတံဆိပ်ရှင် အာဖဂန်စစ်ပြန်မဟုတ်
သာမန်လူတစ်ယောက်ပါပဲ ခိုင်းနှိုင်းစရာမလို၊ မရှိ
တစ်ချက်တစ်ချက်အောင့်တာကလွဲလို့ အသက်ရှူဝတယ်
အစားအသောက်အနေအထိုင်မပျက်ဘူး
အပြုံးတွေမှာ အချိုဓါတ်အတိုင်းအဆ ရှိတုန်းပဲ
နှုတ်လိုက်မှ သေမှာလို့ မှတ်ချက်ချတယ် လဝန်းက
ဇီနာ၊ အဲဒါကိုဘယ်မှာစိမ်၊ ဘယ်မှာ ပွတ်တိုက်သလဲ
လီနင်ဂရက်ဒ်မှာ စစ်တွေမပြီးသလို . . . ဒီလိုပါပဲ
ဂျွိုက်စ်လည်း အဲဒီမဲဇာပဲလေ
စောင်းနေတာကို စောင်းသွားမှ သိရသလိုပါပဲ
ဟာလာဟင်းလင်း နှင်းဖုံးလမ်းမှာ
မွန်းတည့်ဟာ အေးခဲပြီးတောင့်နေတယ်
အာကဒီဟာ အမေရိကားကိုလိုက်သွားခဲ့တယ်။ ။

ဇေယျာလင်း
၁၊ နိုဝင်ဘာ၊ ၂၀၁၀

မှတ်ချက်။ ။
၁။ ။ oxota ဟာ အမေရိကန် LP ကဗျာဆရာမ Lynn Hejinian ရဲ့ လီနင်ဂရက်ဒ်နေ့စဉ်ဘဝကဗျာစာအုပ်
၂။ ။ အာကဒီ ဟာ Post-Soviet ရုရှကဗျာဆရာ Arkadii Drackomomshchenko
၃။ ။ ဂျွိုက်စ်ရဲ့မဲဇာ ဟာ James Joyce ရဲ့ ပြဇာတ် The Exiles

ဇေယျာလင်း ကဗျာများကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်
http://www.equalsignpoetryetics.com/


* * *


ဧဒင်ရဲ့ အပြင်ဖက်ကအိမ်

မြွေဟာထင်ရှူးသေတ္တာထဲမှာ ခွေခွေကလေး လှဲနေတယ်
အသက်ပြင်းတဲ့ သက်ပြင်းချသံက တော်တော်နဲ့ မသေနိုင်ဘူး
စားပွဲပေါ်မှာ ပန်းသီးတစ်လုံးက မေ့လျော့မှုရဲ့ စားသောက်ခြင်းကို စိတ်ရှည်လက်ရှည် စောင့်နေတယ်
မိုးစက်တွေက စိတ်မှန်ပြူတင်းပေါ် တပေါက်ပေါက်ကျရောက်လို့
ပိတ်ကားပေါ်က ဒဏ်ရာကြီးမှာ သွေးစသွေးနတွေ ခြောက်ကပ်သွားပါပြီ
နာကျင်မှုကတော့ တစက်စက် စီးထွက်နေတာပေါ့
အပြင်ဖက်က ရှုခင်းတစ်ခုလုံးက ဖိတ်ဖိတ်ထအောင် စိမ်းတောက်နေတယ်
ကိုယ်လုံးပေါ်မှန်ထဲမှာ တစ်ကိုယ်လုံးဖော်ထားရတဲ့ အရသာ
ရှင်သန်မှုရဲ့ တငွေ့ငွေ့ တနွေးနွေး တိုးနေတဲ့အသိ
ပီယာနိုထဲမှာ အဖြေတစ်ခုခုက မေးခွန်းတစ်ခုခုကို မျှော်လင့်နေတုန်းပဲ
တံစက်မြိတ်မှာ တွဲလောင်းချိတ်ထားတဲ့အရိပ်က တဖြည်းဖြည်းပျော့တွဲကျလာပြန်ပြီ
တိမ်အကြေးခွံတွေအောက်မှာ အတိတ်ဟာ တဖျတ်ဖျတ်လွင့်ပါလို့
သော့ပေါက်ထဲမှာ ကမ္ဘာတစ်ခုစာ ဆာလောင်မှုများ
မုတ်သုံရဲ့ သံရှည်ဆွဲပြီးအူလိုက်သံက ပန်းတွေကို ရင်ကွဲနာကျသေစေတယ်
ပိတောက်ပင်မှာ နံရိုးတစ်ချောင်းလိုနေသလိုမျိုး
ကြွေပန်းအိုးထဲမှာ အထိမ်းအမှတ်တစ်ခုခုကို ထိုးထည့်စိုက်ပျိုးဖို့လိုနေသလိုမျိုး
မြေတိုက်ခန်းတံခါးဝကြေးသော့ပေါက်ကြီးက တစ်ကိုယ်ရည်အမှောင်မှာ ကျယ်လောင်နေရသလိုမျိုး
သစ်သားစည်အိုကြီးထဲမှာ ပယင်းရောင်လက်နေတဲ့ ချစ်သူတွေရဲ့ ရမ္မက်ဆန္ဒဟာ အိပ်စက်နေတယ်
လှေကားထစ်များဟာ နက်ရှိုင်းတိတ်ဆိတ်မှုဆီကို မြွေလိမ်မြွေကောက်ရောက်ရှိသွားလောက်ပါရဲ့
ဝတ်ပြုဆုတောင်းခန်းအတွင်းက ဓမ္မသီချင်းမှာ သက်တန့်ရောင်ခြေအိတ်ချွတ်သံကို ကြားလုပြီလား
စွတ်စိုတဲ့မြက်ခင်းပေါ်က ခြေဖဝါးဗလာနှစ်ဖက်ကို ဦးတိုက်နမ်းရှိုက်ရသောအခွင့်ကိုသာပေးပါ
ပြန်လာရာလမ်းမှာ အလွမ်းကိုဖဲကြိုးဖြတ်ရန်အဆင်သင့်ဖြစ်ပါပြီ။


သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မေလ ၂၅ရက်

သိုးထိန်းရဲ့ ကဗျာတွေကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်
http://thoehtane.wordpress.com/


* * *


အစပြုခြင်း

အစကို ဘယ်လို ပြုရမှန်းမသိ
မသိလို့ ရမ်းသမ်းပြုလိုက်တဲ့ အစဟာ လူပုဂ္ဂိုလ်တစ်ယောက်ယောက်
အဖွဲ့အစည်းတစ်ခုခု ရှိပြီးသားအနုပညာလက်ရာပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ်
တည်ဆဲဥပဒေသတစ်ရပ်ရပ် အများစုလက်ခံကျင့်သုံးလျက်ရှိတဲ့ သဘောတရားကျမ်း
တစ်ဆူဆူ စတာတွေအပေါ် ထိခိုက်သွားမှာ နစ်နာသွားမှာ ခံစားသွားရမှာကို မလိုလား
ဆိုကြပါစို့ ပြုလိုက်တဲ့ အစဟာ အထက်ပါအရာ ဘာနဲ့မှ ငြိမနေ တွယ်မနေဘဲ လွတ်လပ်ကင်းရှင်း
သီးခြားဖြစ်တယ်ပဲထား အဲသလိုဆို အစဟာ အစမှာကတည်းက ပျင်းရိစရာကောင်းမနေနိုင်ဘူးလား
ပြုလိုက်တဲ့ အစဟာ သိုက်သိုက်ဝန်းဝန်း ခမ်းခမ်းနားနားကြီး မဟုတ်တောင် စည်စည်ဝေေ၀ လွင်လွင်
ဆာဆာလေးတော့ ရှိသင့်တယ်မဟုတ်လား စကတည်းက ပျင်းစရာကောင်းတဲ့ အစကို ဘယ်သူက
စိတ်ဝင်စားမှာလဲ ဘယ်သူကမှ စိတ်မ၀င်စားတော့ ဘယ်လိုလုပ်ပြီးတော့ အစဟာ အောင်မြင်
မှုရမှာလဲ မအောင်မြင်တဲ့ အစအတွက် ရွှေတံဆိပ်မရှိ မဂ္ဂဇင်းမှာ မျက်နှာဖုံးမရှိ လူကြားထဲ လက်လာ
ဆွဲမယ့်သူမရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာမရှိ အစဟာ သနားဖို့တောင်ကောင်းသေးတော့
တကယ်လို့များ အစဟာ စပြီဆိုတာနဲ့ စပယ်ရှယ်ဝမ်းလို့ ကိုယ်ရည်သွေး နားလည်ရင်ဖတ် နားမလည်
ရင် မဖတ်နဲ့လို့ ခပ်ပြတ်ပြတ်ပြော နိုဘယ်ဆုကိုတောင် လက်မခံငြင်းဆန်မယ်ဆိုရင်လည်း သာမန်အသိ
လောက်သာရှိတဲ့ အနှေးယာဉ်မောင်းသမားလှကြိုင်လိုလူတွေအတွက်ကျတော့ အစဟာ သိရအတော်
ခက်မသွားပေဘူးလား စကတည်းက ယဉ်သကိုဆိုတာမျိုး ဖြစ်မသွားပေဘူးလား အများ
သူငါလည်း နားလည်လွယ် အဆင့်အတန်းလေးလည်းရှိ ဆွေဂုဏ်မျိုးဂုဏ်လည်းမသေး ဟန်ဟန်ပန်ပန်
လည်းဖြစ် အထိုက်အလျောက်လေးလည်းလူဝင်ဆံ့ အတော်အသင့်လည်းရောင်းအားကောင်းတဲ့
အစမျိုးကျတော့ ထင်သလောက် ပြုလို့မရ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နေတတ်ပြန်
အစဟာ ၀မ်းရေးအတွက် ပရိသတ်ကြိုက်တာလေးလည်း တစ်စလုပ်ပြရ အနုပညာကျန်တာလေး
လည်း ကိုယ့်အတွက်တစ်စလုပ်ရနဲ့ အလေးချိန်မျှအောင် ပြုကျင့်နေထိုင်ချင်ပေမယ့်လည်းပေါ့နော်
ဟိုပြောမရ ဆိုမရ ပြင်မရ ပြုမရတဲ့ ခေတ်ကာလသားသမီးတွေအတွက် အမှိုက်ကစ ပြသဒ်မီးလောင်
မဖြစ်ရလေအောင် အနှောင်းဆိုတာ အစကောင်းမှသေချာမယ့်အကြောင်း တတွတ်တွတ်
ရွတ်ပြမဆုံး ဆုံးမရင်း ကိုယ့်အစကို ကိုယ်ပြန်ပြုမလို့ လှည့်ကြည့်တော့
တစ်စက ခြင်ထောင်ကြိုးချည်ဖို့ တစ်စက ဖိနပ်ကြိုးလုပ်ဖို့ပဲ
ဖြစ်ခဲ့။ ။
လွန်းဆက်နိုးမြတ်
၂၃.၆.၁၀

လွန်းဆက်နိုးမြတ်ရဲ့ကဗျာတွေကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် http://lunnsetnoemyat.wordpress.com/

No comments:

Post a Comment