ဘလော့ဂ် ကဗျာဆရာများရဲ့နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၅ (လင်းရမ္မာ၊ ကြက်သွန်၊ တေလေ၊ သူရဿဝါ)

ဘလော့ဂ် ကဗျာဆရာများရဲ့ နှစ်သစ်ကူးကဗျာပွဲတော် ၅

သုံးရာ ခြောက်ဆယ့်ခြောက်

မည်သည့်အရာ မျှ မတွဲ နွယ်တစ်ပင်၏ ပေါင်တံရှည် စသည်ဖြင့် စာမျက်နှာ ၆၉ ဟာ ပျင်းရိငြီးငွေ့ဘွယ် ခါတော်မီ အချိန်နှင့်အမျှ ကိုက်ခဲမှု ဝေဒနာ၊ ခန္ဓာဗေဒ အကြောင်း အဆက်အစပ် ဆိုသော စကားပေါ် ဟက်ဂျိနိယင်းန်း ရဲ့ ကဗျာ ဆုံးသွားပြီ၊ လင်းနီညို မှ တေလေ မှ ကြက်သွန် မှ … အိပ်၊ စား၊ ကာမ ဆိုတာ တိရိစ္ဆာန် တွေပင်၊ လူ က သောက်တယ် ဆိုတာ အများကြီး ‘ငါး’ တော့ ငါး ပဲ ဘာ ငါး လဲ ၀မ်းနည်းစရာကောင်းနေရင်း သောက်မြင်ကပ်လာတော့ ငါ သွားပြီ ရှေ့မှာ “မင်္ဂလာပါ” မရှိတော့ဘူး၊ အကွန့် အညွှန့်မပါရင် ဇယားတောင် မဆွဲချင် ပျင်းစရာဟာ လောကကြီး ဖြစ်မလာပဲ ပေါင်တံရှည်ကြီးတွေထိပ် ငါတို့ အလံထူခဲ့ကြတာ ဂရင်းနစ်မှတ်တမ်းမှာ ခွေးကောင်ရေ သုံးသောင်းကျော် လမ်းလျှောက် စံချိန်ချိုးခဲ့၊ ရယ်စရာတွေ မပြောပါနဲ့ From Hand 2 Mouth၊ အရေးကြီးတာကိုသိရင် ဘာကိုမှ အရေးမထားတော့ ပလာဇာသွား ခွေရွေး၊ တစ်ယောက် ပြီး တစ်ယောက် ထွက်ပေါက်မှာ ပိတ်မိနေကြ Close Ending ဆိုတာ Open Ending ဟုတ်သော်ရှိ မဟုတ်သော်ရှိ အစကို မပြန်တတ် ကြတော့ Pipe တစ်ခုမှမဟုတ်ပဲ၊ သံသယတွေချည်း လို့ သိုးထိန်း ဖြစ်နေသူက မြင်လာ အပြင်မှာဆို ချစ်စနိုးနဲ့ ဦးလေး ဘာလေး ထည့်ခေါ်တာပေါ့၊ ပမ်းစကူး မှာတော့ အီရိုးတစ်ဆန့်စ် တွေနဲ့ အရေးဆုံးက သူပဲ ဟုတ်လား၊ ဘယ်သူလဲ အိုဟားရား လို ပေါ့(ဆန်ဆန်) အခုတော့ အမှတ်ထဲ ခင်ဗျားဝင်ရလာပြီလေ၊ ထန်းခေါက်ဖာဟာ ရိုးရာပစ္စည်းမို့ ထွက်ခွာရာမှာ သုံးတာ ရှက်စရာတော့မဟုတ်ပါဘူး၊ ဆက်ဆံရေးတွေ ကြဲလာတာ အဲဒီ ဖြူလွလွကြီး ကိုတောင် ဂရုမထားမိတော့ဘူး၊ အကြမ်းဖက်ဝါဒ အလျောက် တိုင်အကွယ်၌ “ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်” လာတာ ရဲဆွဲလို့ ချက်ပတ် ဆေးထိုး တကယ်တော့ လွတ်လာသူက ခွေးတစ်ကောင် သူ့လက်ထက်က ဆို ၀ိနည်းလွတ်မယ်ထင်တယ်ရဲ့ အခုတော့ တကယ်တော့ နောက်တော့ လွတ်လာတာက ယခုအချိန်အထိ အမျိုးအမည်မသိရသေး ခွေးဟု သမုခ် တွေ့ရခဲတာတွေ ကဗျာထဲမှာတွေ့ရပြီးနောက် တွေ့ရှိပြီးသားတွေ ပြန်လည် စွန့်ပစ် ပြီး ပြီးသားတွေ နဲ့ ၂၀၁၁ မှာ စာအုပ်တစ်အုပ် အနေနဲ့တော့ မြင်ချင်တယ်၊ အချစ်ဆိုတာ ဆိုင်ကယ် မှောက်တာ နဲ့ ခပ်ဆင်ဆင်ရယ် ဖော်ပြပါ ရှိပြီးသား နာမ်စားတစ်ခု က အထက်ပါ ဆိုသတဲ့၊ အဲဒီအကြောင်း မင်း ပြောပြီးပြီလား သူ့ကိုတဲ့ အဲဒီ အိပ်၊စား၊ကာမ ဆိုတာ နဲ့ သောက်ကောင် တွေကိုပေါ့ ဆိုတော့ သူ့ကိုလား သူက ပြန်မေးတယ်၊ ယာဉ်ထိန်းရဲ ခေါင်းခါသွားတာ တွေ့လိုက်တယ်၊ ရပ်တဲ့ကား ရပ်ပြီး ထွက်တဲ့ကား ထွက်ကုန်တယ်၊ ကြည်ညိုလေးစားဘွယ် ထိုပုဂ္ဂိုလ် ကြည်ညိုဖွယ် ၀စ်လစ်စလစ် ပုံကြီးက ဘယ်အညွှန်းခံတွေကို ရည်ညွှန်းနေတာမှ မဟုတ်ပဲ၊ မဟုတ်တာပဲကွာ Avril Lavigne ရဲ့ အတွင်းခံဘောင်းဘီ လိမ္မော်ရောင် လေးက အရောင်တော်လှန်ရေးရဲ့ သင်္ကေတ၊ ဟူဂိုချာဗက်ပြောတော့ အရင်းရှင်နိုင်ငံတွေ ကြောင့်တဲ့ ရာသီဥတုပိုမို ထိခိုက်စေကြောင်း NHK ရဲ့သတင်းတစ်ရပ် MRTV ကပြန်လည်ထုတ်လွှင့် နိုင်ငံပေါင်းများစွာ ကိုယ်စားလှည် တော်တို့ ၀ိုင်းဝန်း လက်ခုပ်သြဘာ ချီးမြှင့် ဟာသ ဇာတ်လမ်းတွေ ရိုက်ထုတ်ရတော့မလို ကင်ဂျုံအီးရဲ့ ၀တ်စုံဟာ ဟော့အဖြစ်ဆုံး ဖက်ရှင်ပါတဲ့ ၀ါကျဟာ အတော်ရှည်လာကြောင်း သတိရလျှင်ရခြင်း ဤစာကြောင်းကို … ။ ။ လိုက်တော့လည်း ဆုံးသွားရောလား၊ စီးဆင်းသွားပုံက၊ ဇာတ်လမ်းတစ်ခု တောနက်မှ နွယ်ရှင်များ၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ကဗျာဆရာ မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ စိတ်ရှိတဲ့ည ဆို အိမ်မပြန် ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ယိုစီးနေတဲ့ ခေါင်ပေါက် စုတ် မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ထွက်ပေါက်ရပ်နေတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ တနင်္ဂနွေသမီး မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ပင်စင်ယူ အငြိမ်း မစားပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ရှပ်ဖြူဝတ် မော်ဒယ်လ်တစ်ယောက် မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ကျွန်မရဲ့ Middle Finger မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ကလေးတွေရဲ့ ဖခင်တစ်ယောက် မဟုတ်ပါဘူး၊
ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ကျွန်မ ဆိုသူရဲ့ ယောက်ျားမဟုတ်ပါဘူး၊
အိမ်ထောင်ရေး အတွက် မြေကွက် လပ် မရှိတော့ဘူး၊ အရာခပ်သိမ်း လွှမ်းမိုးထားသော ထိုပုဂ္ဂိုလ်တို့ အတွက် အရာခပ်သိမ်း မရှိတော့ဘူး၊ ဆုပ်လည်းဆူး စားလည်းရူး မည့်သူတွေအတွက် ဆုပ်/စား စရာ ဆိုတာ မရှိတော့ဘူး၊ အာဏာရှင်တွေ အတွက် အာဏာဆိုတာ မရှိတော့ဘူး၊ အလိုဆန္ဒမရှိတော့တဲ့ ယောက်ျားတစ်ယောက်အတွက် လိင်ဆက်ဆံမှုဆိုတာ…???
“The desire of the man is for the woman,
but the desire of the woman is for the desire of the man.”
Madame de Stael (1766-1817)
နိုင်ငံတိုင်းဟာ ကွန်မြူနစ်ဝါဒကို ကျင့်သုံးရင် ကွန်မြူနစ်နိုင်ငံတွေဆိုတာ မရှိတော့ဘူး၊ ကောင်ရေသုံးသောင်းကျော်ဟာ အခွံချည်းသက်သက် သရုပ်ပြမှုသာဖြစ် တယ်၊ ရှေ့၌ ရှိခဲ့သော အကြောင်းအရာတို့ ယခုအချိန်အထိ လမ်းမကြုံသေးဘူး။ ။

လင်းရမ္မာ

လင်းရမ္မာရဲ့ကဗျာတွေကို http://www.pemskool.org/ မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

* * *

ဘာအဓိပ္ပါယ်မှထည့်မပေးလိုက်ဘူး

အကြောင်းကြောင်းကြောင့် (ဂျောင့်) ဘာ
မီတွန် နှစ်ပြား တန် တန် မ တန် တန် သောက်အိပ်လိုက်ရတယ်
ဘတ်စ် ပေါ်က အမှိုက်က ကား ကျလာ
အမှိုက်မပစ်ရ စာသားက ကားပေါ်ပါသွားတယ်
အမှိုက်မပစ်ရ ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး
သံသယရှိလာတယ် ငါပေးလိုက်တဲ့ မက်ဆေ့ခ်ျ ရသလား
ရသွားသလား ကွမ်းတံတွေးမထွေးရ စာသား အဓိပ္ပါယ်
မရှိဘူးချည်းပဲလား အဓိပ္ပါယ်ပြောင်းသွားတာလား
မဲ့သွားတာလား ခပ်ပြုံးပြုံးနေပါ မော်ဒယ်လ်
ထမင်းစားနားချိန် လက်ဖက်ရည်ဆိုင်ကို တိုးလျိုပေါက်
အဓိပ္ပါယ် အကျိအချွဲ အရိအရွဲ တွေပဲထွက်ထွက်ကျလာ
ပေါ့ဆိမ့်တစ်ခွက်မှာသောက်မယ်
ဟစိ ဟစိ ဟစ်ဟစ် အော်သံကြမ်းပေါ်မှာ အတုံးလိုက်အတစ်လိုက်
ချိုင်းထောက်ကြီးနဲ့ အဓိပ္ပါယ်ဟာ သူ့ကိုယ်သူ
သူတောင်းစားပါလို့ အတင်းပြောနေတယ်
ယုံလိုက်ရမလား သံသယကို အမှိုက်ကားပေါ်တင်ပေးလိုက်ပြီ
ပေါ့ လက်ထဲကအမှိုက်ကို ခဏကိုင်ထားဦး
အမှိုက်မပစ်ရစာသားကို အရင်ပစ်လိုက်ဦးမယ် ဟုတ်ပြီလား
သစ်ပင်တစ်ပင်ခုတ် ထောင်ဒဏ်သုံးနှစ် သစ်ငုတ်တိုပေါ်မှာ
အရိပ်မရှိဘူး အရိပ်တွေဟာ လိုအပ်တာထက်ပိုရှည်တတ်လို့ဖြတ်ပစ်လိုက်ပြီ
အတိအကျရသလား ကြားခံ မီဒီယံ / မီဒီယာကိုမယုံရလို့
ဘာအဓိပ္ပါယ်မှ ထည့်မပေးလိုက်ဘူး
ဟက်ကာတွေရှိနေတယ် သူတို့ဟာ
အဓိပ္ပါယ်သူခိုးတွေ ခိုး ခိုးထားလို့ ( ခိုး ခိုးစားလို့ )
ခင်ဗျားဆီရောက်ရင် ဘာအဓိပ္ပါယ်မှကျန်တော့မှာမဟုတ်ဘူး
သေနေလောက်ပြီ ရောက်သော်ရှိ မရောက်သော်ရှိ
ခင်ဗျားဆီရောက်ရင် အဓိပ္ပါယ်ဟာ ….


ကြက်သွန်


* * *

စာမျက်နှာပေါင်း

မခင်မေဟာ သံဝေဂလင်္ကာလေးကို စာမျက်နှာ ၂၆ မှာ ရွတ်ပြလေရဲ့
စာမျက်နှာ ၄၂ ဟာ လောကထဲ စ၀င်လာပေါ့
လက်သုတ်ဗန်းကြီးရွတ်ပြီး စာမျက်နှာ ၅၀ ပေါ်မှာ ဈေးရောင်းထွက်ကြတယ်။
စာမျက်နှာ ၅၅ ဟာ အရပ်ငါးပေလေးလက်မလောက်ရှိပြီး ခါးသေးရင်ချီ ကြည်လင်ရုပ်ချောတဲ့ တစ်ယောက်
တစ်ကျွန်းပြန်ဖိုးအေးဟာ စာမျက်နှာ ၅၇ ကို ပြန်ရောက်လာတယ် ။
မခင်မေဟာ စာမျက်နှာ ၇၄ ကြောင့် မြို့ပိုင်ဦးရွှေကြိုင်ကို ငြင်းလွှတ်လိုက်လေရဲ့ ။
စာမျက်နှာ ၈၆ က သိန်းမောင်နဲ့ မိတ်ဆက်ပေးပြန်တယ် ။
ကြီးကြီးကို အမေလို သဘောထားပြီး စာမျက်နှာ ၁၂၇ ဟာ ကပ်ချွဲနေပြီ ။
မောင်သိန်းမောင်နဲ့ မခင်မေတို့ကို ၁၀ အရိယာတို့ဧ။် အရပ် ၆ မျက်နှာ မှာ အမိန့်တော်ရ ရှေ့နေကြီး ဦးသိန်းမောင် ဒေါ်သန်းတင်တို့က လက်ထပ်ပေးတယ် ။
ည ဆယ်နာရီထိုးပြီး ဆယ့်နှစ်နာရီခန့် နှင့် သုံးနာရီထိုးလောက်တွင် စာမျက်နှာ ၁၆၇ က ပြုံးပြသည် ။
ဒီ စာမျက်နှာ ၁၇၂ ဟာ အရသာတော့ အတော်ထူးတယ် ၊ နိဗာန်နဲ့ ဝေးသထက် ဝေးအောင်လည်း သတ္ဆိထူးပါတယ် ။
- စာမျက်နှာ ၁၈၃ ဆိုတဲ့ ပုံသဏ္ဍာန်ကို မြင်အောင်လုပ်ပေးတာ ၀ိညာဉ်ခန္တာ
- စာမျက်နှာ ၁၈၃ ကို သိအောင်လုပ်ပေးတာ သညာခန္တာ
- စာမျက်နှာ ၁၈၃ ကို မြင်ပြီး ၀မ်းသာတာက ဝေဒနာခန္တာ
- ၀မ်းသာပြီး စာမျက်နှာ ၁၈၃ ကို ပြုံးပြလိုက် ၊ အနားသွားလိုက်လို့ တိုက်တွန်းတာ သင်္ခါရခန္တာ
သွားချင်ရာသွား လာချင်ရာလာ စာမျက်နှာ ၂၁၁ ကို စာသားတွေ အဓိပါယ်တွေ ဆိုပြီး တွယ်တာနေဖို့ မကောင်းပါဘူး ။ စာသားတွေက အဓိပါယ်ရှိချင်ဟန်ဆောင်နေတာကို ဘာလို့ တန်ဖိုးထားချင်နေရတာလဲ ။
စာမျက်နှာ ၂၃၀ ဟာ ကာမတဏှာဆိုတဲ့ ဘီလူးကို ကြောက်တယ် ။
ဒါကြောင့် စာမျက်နှာဆိုရင် မီးလောင်ပြီး စာသားတွေ ခပ်ရေးရေးသာ မြင်ရေတော့တဲ့ စာမျက်နှာ ၂၃၂ ကိုတောင် မကိုင်တွယ်အပ်ဘူး ။
မတင်မေကို ကာမဆက်ဆံဖို့ စာမျက်နှာ ၂၄၅ ကို ခေါ်သွားတယ် ။
သံဝေဂလင်္ကာလေးကို စာမျက်နှာ ၂၈၆ မှာ မိသားတစ်စု သံပြိုင်ရွတ်ကြပြန်တယ် ။
လှိုက်လှိုက်လှဲလှဲ ဖြစ်လွန်းလို့ စာမျက်နှာ ၃၀၂ ဟာ မျက်ရည်တွေ ၀ဲနေတယ် ။
စာမျက်နှာ ၃၁၂ သုံးကြိမ်ခေါ်ပြီးကာမှ အမေက…..
မခင်လှဟာ ၃၁၅ လို့ ရေးထားတဲ့ စာမျက်နှာတွေကို မောင်မြင့်ဆွေကို ပေးတယ် ။
ငွေမျက်နှာကြောင့် စာမျက်နှာ ၃၂၃ က အစီရင်ခံစာထဲမှာ တစ်မျိုးတစ်ဖုံဖြစ်နေပေမယ့် သတင်းအစစ်အမှန်ကိုတော့ ဖုံးလို့ဖိလို့ မရပါဘူး ။
၃၄၀ (၀ိဇ္ဖာ) စာမျက်နှာ (စရဏ) တို့နဲ့ ပြည့်စုံတော်မူသော
ဖတ်တက်ကြမယ်ဆို စာမျက်နှာ ၃၇၅ ဆိုတာ ချမ်းသာတစ်ပဲ ဆင်းရဲတစ်ပိဿာပါပဲ ။
စာမျက်နှာ ၃၈၈ မှာ ချိန်းထားတဲ့အတိုင်း ဦးသိန်း ရဟန်းခံတယ် ။ ။
အရက်သောက်တာနဲ့ မယားနှိပ်စက်တာကို မဖြတ်ရင် စာမျက်နှာ ၄၀၅ မှာ အလုပ်မလုပ်ရတော့ဘူး ။
မောင်မြင့်ဆွေလည်း ၄၂၇ လို့ ရေးထားတဲ့ စာမျက်နှာတွေကို မခင်လှဆီ ပြန်ပေးရှာတယ် ။
အကြည်ဟာ စာမျက်နှာ ၄၇၀ ကို ဆွဲပြီး အိမ်ကိုလိုက်လာတယ် ။
ငယ်ငယ်တည်းက ရွတ်လာတဲ့ သံဝေဂလင်္ကာလေးကို စာမျက်နှာ ၂၉၈ မှာ ပြန်ကြားယောင်နေပါတော့တယ် ။

တေလေ

ကိုးကား ။ ။ ဦးနု ရေးသားသော ကာမတဏှာ ၀တ္တု ဒုတိယအကြိမ်မှ

* * *


ကြယ်အောက် လအောက် လမ်းထွက်လျှောက်ခြင်း


အိပ်မက်နဲ့တည့်တည့်က (လက်ရှိကိစ္စ)ရဲ့
အရင်းကို အမြစ်က ဆွဲလှန်ဖို့
လမ်းလျှောက်ထွက်လာတဲ့လူငယ် . . .
ကမ္ဘာတည်သ၍ လရောင်ကို မစွဲငင်နိုင်
`တကယ်တော့ ကြယ်ကြွေတယ်ဆိုတာ မဟုတ်ပါဘူး´ ဆိုရင်
ကြယ်ကြွေတုန်းက တောင်းတဲ့ဆုတွေ
ဘယ်မှာလွင့်ပြယ်သွားခဲ့ပြီလဲ
သေချာတွေးကြည့်ရင် စကြာဝဠာအကြောင်းဟာ
လွမ်းစရာကောင်းပါတယ်
ငယ်ရွယ်စဉ်ဘ၀မှာ လက်ဖက်ရည်ဆိုင်ထိုင်တာ
ယဉ်ကျေးမှုတစ်ခုဆိုရင်
လူငယ်တွေ အသည်းကွဲကြတာလည်း လူငယ်အထာပါပဲ
တိုးတိုးဆိတ်ဆိတ်ယဉ်ကျေးမှုပါပဲ
ညဟာ သူ့ကို နာရီတွေထဲ ထည့်ထည့်ရေတာ
သိပ်တော့မနှစ်မြို့လှဘူးပေါ့
ထားပါ . . . ရယ်စရာကောင်းတဲ့ (လက်ရှိ)ကိစ္စတွေ
လရောင်ကိုမြစ်ထဲဘယ်သူဆွဲချခဲ့သလဲ ၊ တွေးမရဘူး
ကြယ်ကြွေတယ်ထင်ခဲ့တဲ့ တောင်းဆုတွေ အာကာသထဲ ၀ဲများနေမလား ၊ တွေးမရဘူး
လွမ်းစရာကောင်းတာဟာ ရင်ထဲ . . . စကြာဝဠာလိုနက်ရှိုင်း
လူငယ်ဓလေ့ယဉ်ကျေးမှုတွေ
တက္ကသိုလ်နေ့ရက်များမှာ နေရစ်ခဲ့ပြီ
အဲဒီလို အိပ်မက်တွေ တထမ်းကြီးနဲ့ လမ်းလျှောက်ထွက်လာတဲ့လူငယ်
စက္ကန့်တံများထဲ `ည´ ရောက်လာတဲ့အထိ
လမ်းလျှောက်မထွက်ရသေးမှန်း သူ့ကိုယ်သူမသိသေးဘူး ။


သူရဿဝါ
အောက်တိုဘာ ၁၅ ရက် ၊ ၂၀၁၀ ခုနှစ်

သူရဿဝါရဲ့ကဗျာတွေကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
http://www.thurathawah.net/

No comments:

Post a Comment