မူးနေတဲ့ ကြယ်တံခွန် ၃ ပုဒ်



ကဗျာဆရာ ပိုင်စိုးဝေ ရဲ့ ကဗျာ ၃ ပုဒ်ကို burmesepoetryfoundation group မှ အမှတ်တရ
တင်ဆက်လိုက်ပါတယ်၊ ခေတ်ပေါ်ကဗျာ ခေတ်ဦးကာလကနေ မနေ့တစ်နေ့ကအထိ တောက်လျှောက်
ကဗျာများ ရေးသားလာခဲ့ အစဉ်အလာရှိတဲ့ ကဗျာဆရာတဦးအဖြစ် မမေ့မလျော့ ဖော်ပြရမယ်လို့
ခံယူပါတယ်။


ရီဟာဇယ်ည

တစ်ရက်ပြီး တစ်ရက်
အသက်ကကြီးကြီးလာတော့
ကျက်ထားတဲ့ မီးနင်းတွေ တဖြည်းဖြည်းမေ့ရ။

ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ
အမေးခံရတဲ့ အခါ
လူရဲ့ ဇီဝဖြစ်တည်မှုပုံစံကို
သံသယ ဖြစ်မိရဲ့။

များများကြီး တွေးခေါ်မိတော့
နည်းနည်းပဲ ယုံကြည်တော့တယ်။

မယုံကြည်ပါရစေနဲ့
မယုံကြည်ပါရစေနဲ့
မယုံကြည်မှုအတွက် စိတ်ကိုစိတ်နဲ့ စီးချင်းထိုးတဲ့
ကမ်းတက်တိုက်ပွဲ
ငါ့နံဘေးက အတူ ချီတက်သူ နီရှေး
ဒဏ်ရာနဲ့ လဲကျ
ဟိုမှာ ရန်သူရှာနေတဲ့ ပို့စ်မော်ဒန် ဝံပုလွေ တစ်ကောင်
အမှောင်ခေတ်ကြီးထဲက မလွတ်မြောက်သေးတဲ့ မြေခွေးအဖြစ်
ငါ သရုပ်ဆောင်ရ
ချွတ်လိုက်ဝတ်လိုက် ဝင်လိုက်ထွက်လိုက်
ဘုရားသခင်ရဲ့ လက်ညှိုးမကွေးမီ

အားလုံး ဟီးရိုး
အားလုံး ဗီလိန်

တဝက်တပျက် သတ္တိပြောင်မြောက်မှုနဲ့
ဆောင်းရာသီ နန်းတော်ကို သိမ်းပိုက်ခဲ့ကြ
နွေဦးပေါက်ကာလရောက်တော့
ဟာသတစ်ခု လက်ဆောင်ရတယ်။

ပုဇဉ်းရင်ကွဲတွေက ရင်ကွဲအောင် အော်ကြ
နက္ခတ်တာရာတွေက အသွားအလာမမှန်
လမ်းကြောင်းမဖြောင့်
အကောက်သွားခြင်းနဲ့သွားကြ
ခရေပန်းတွေ နင်းခြေခံရ
ညက အိပ်ရေးပျက်ကြဟန်တူရဲ့။

ဒေါ်ခင်စောအေး ပိုင်တဲ့
ဟောဒီမြောက်ပြန်လေမှာ
မမြဲခြင်းတရားကို အမြဲတမ်း လက်ကိုင်ထားတဲ့
ကျွန်တော့်မိတ်ဆွေ ကဗျာဆရာ
ဇာတ်သိမ်းခန်း မရောက်ခင် ဇာတ်သိမ်းသွားပေါ့။          ။

 ပိုင်စိုးဝေ
(ရနံ့သစ်၊ ဇွန် ၂၀၀၃)






ဒုက္ခဆက်တင်


လူလည်နဲ့ လူအ
နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့ မြို့တော်ကြီးမှာ
တစ်ဝက်အောင်မြင်ပြီး
တစဝက်ကျဆုံးခဲ့ရ။

ဒီမြို့ကြီးဟာ
ငါ မကူးခတ်နိုင်လောက်အောင် မကျယ်ဝန်းပါဘူး။
လမ်းပျောက်နေသလားတဲ့
လမ်း ရှာမတွေ့သေးလို့ပါ။

အကုသိုလ်ဒုစရိုက်တရား
ဒါလောက်များခဲ့သူ မဟုတ်ပါဘူးကွယ်
ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့။

ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့
နောက်ထပ် ဒုက္ခပန်းတစ်ပွင့်
မဖူးပွင့်ပါရစေနဲ့တော့ ညီမလေးရယ်။

ဖြောင့်ချက်တွေကို မပေးမိခင်
လေနှင်ရာလွင့်ခဲ့ရတာကိုပဲ
မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ။

ဘတ်စ်ကားပေါ်မှာ
မတော်တဆလက်ချင်းထိမိသလိုသာ
သဘောထားလိုက်ပါတော့။     ။


ပိုင်စိုးဝေ
 
(ဗြူတီ၊ ဇူလိုင် ၂၀၀၃)





တိုင်ကပ်နာရီ

ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ ချောင်းနေသူလား
ကျွန်တော်က
ကိုယ့်အကြောင်းကိုယ် ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။

သတိထား
သတိထား…သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါ သတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ သတိထား။

ငှက်တွေဟာ ပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုပြောရင်း သေကြတယ်
သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာ မဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတ မဟုတ်ဘူး
ခင်ဗျားပြောတဲ့ ခင်ဗျားအကြောင်းဟာ
ခင်ဗျား ဖြစ်နိုင်ပါတော့မလား။

ပန်းကလေးတွေ
တစ်ပွင့်ပြီး တစ်ပွင့် သူတို့အကြောင်း သူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ ပြောနေကြတာ
အချိန်တွေဘယ်လိုသေဆုံးရတယ်ဆိုတာ
ပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့ မလုံလောက်နိုင်ဘူးပေါ့။

သတိထား
သစ်ပင်အမြင့်ကြီးတွေပေါ် တက်တဲ့အခါ သတိထား။        ။

ပိုင်စိုးဝေ 
(ဇူလိုင်၊ ၂၀၀၃)

ဖော်ပြပါ ကဗျာများကို majestic  publishing မှ ၂၀၀၈၊ ဇန်နဝါရီလတွင် ထုတ်ဝေသော
မူးနေတဲ့ ကြယ်တံခွန် ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။

ရွှေပြည်ဌာန ဝေးသော်ကြောင့်



ဝေးမြေရပ်ခြားကိုရောက်တဲ့အခါ ကိုယ့်ဇာတိမြေကို လွမ်းဆွတ်တမ်းတ တတ်ကြတာ လူသားတို့ ဓမ္မတာပေပဲ။
မဲဇာရောက် အမတ်ကြီးက သူ့ရွှေမြို့တော်ကို တမ်းတ ခဲ့တယ်။ “ သည်ဆီ ရွှေမြို့၊ သည်သို့ စေတီ၊ သည်ဆီ
ရွှေနန်း ဖြောင့်တန်းတော့မည် စိတ်က ရည်သည်…” ။ နိုင်ငံရပ်ခြားကို ပညာသင်သွားခဲ့ရတဲ့ မြန်မာစာဆိုကလည်း
“မလာဖြစ်နိုင်ဘု၊ ဝါခေတ် တစ်ခါကုန်တော့၊ မီးရောင်စုံ ကျွတ်သီတင်းကိုလ ရင်တွင်းက ပူဆာဆာ” နဲ့ လွမ်းမိပါ
သတဲ့။
            ဂျမေကားကျွန်းမှာ ၁၈၉၀ ကဖွားခဲ့ကာ ၁၉၁၂ မှာ အမေရိကန်ပြည်ထောင်စုကို အပြီးအပိုင် ထွက်ခွာ
သွားပြီး နေထိုင်ခဲ့တဲ့ ကဗျာဆရာ ကလော့ဒ် မကေး ကလဲ သူ့ဇာတိမြေ ဂျမေးကားကို လွမ်းတ မိကြောင်း
ကဗျာတွေ ရေးဖွဲ့ခဲ့တယ်။ အခု ကဗျာဟာ သူ့လွမ်းကဗျာတစ်ပုဒ်ပါ။ ဖတ်ကြည့်ပါဖိ။


ငါပြန်မယ်

ငါ နောက်တစ်ခေါက် ပြန်ဦးမယ်။ ငါ ပြန်မယ်။
နီလာကောင်းကင်ထိ နက်ပြာမီးခိုး သယ်ကာ
ရွှေမွန်းတည့်ချိန် တောမီးတို့ လောင်တာကိုကွယ်
အံ့သြမျက်လုံးနဲ့ ကြည့်၊ ချစ်၊ ရယ်မောဘို့သာ။
ကိုင်းညွတ် မြက်ပင် ရွက်ညိုတို့ကို ဆွတ်ဖြန်းတဲ့
ချောင်းနဘေး ဖင့်နွဲလူးလာဖို့ ငါ ပြန်မယ်။
တောင်ကြားက တစ်အားဆင်းတဲ့ ရေလျဉ်ရဲ့
အိပ်မက်တစ်ထောင် အကောင်အထည် ဖော်ဦးမယ်။
ဝိုးဝါး မန္တရားရဲ့ ကြိုးကျား ဂီတ၊
တိုင်းရင်းဘဝ နက်ရှိုင်းမှုများ လှုပ်ဆွတဲ့
ချစ်ရတဲ့၊ ချိုမြိန်တဲ့ တေး၊ ကျေးလက် အက
တယော-ပလွေသံ နားဆင်ဖို့ ငါ ပြန်မယ်ကွဲ့။
ငါ ပြန်မယ်။ ငါ နောက်တစ်ခေါက် ပြန်ဦးမယ်။
နှစ်ရှည် ဝေဒနာ ငါ့ စိတ်က ပြေဖို့ကွယ်။

ကလော့ဒ် မကေး

မြန်မာပြန် မောင်သာနိုး

နိုင်ငံရပ်ခြားကဗျာခံစားမှု စာအုပ်မှ

I SHALL RETURN



I shall return again, I shall return
To laugh and love and watch with wonder eyes
At golden noon the forest fires burn,
Wafting their blue-black smoke to sapphire skies,
I shall return to loiter by the streams
That bathe the brown blades of the bending grasses,
And realize once more my thousand dreams
Of waters rushing down the mountain passes.
I shall return to hear the fiddle and fife
Of village dances, dear delicious tunes
That stir the hidden depths of native life,
Stray melodies of dim remembered runes.
I shall return, I shall return again.
To ease my mind of long, long years of pain.

Claude McKay

Translated by Maung Tha Noe

နာရေး





ခေါင်း လည်းကျလို့ရ
ပန်းလည်း ကျလို့ရတဲ့
ဒင်္ဂါးပြား တစ်ခုလိုပေါ့လေ။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
လေငင်ရာ ယိမ်းလို့
တစ်ယောက်နဲ့ တစ်ယောက် ထိပ်ပုတ်
ခေါင်းပုတ် လုပ်လို့
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မြော်လို့။
မြက်ခင်းစိမ်းစိမ်းတွေ ဖုံးနေတဲ့ မြေပုံမို့မို့
မနက်ဖြန်ကို
အဲ့ဒီမှာ မြှုပ်ခဲ့တာပေါ့။      ။


သစ္စာနီ
IMAGE မဂ္ဂဇင်း ဇန်နဝါရီ ၂၀၀၃ 

Obsequies

get down the head
also to down the flower(tail)
just as a coin.
people...
how they search for peace and cause is
subduing the wind's motion
patting each others head
so ring recipes
people...
how to search peace and cause is
changing the weather appearance
fanning the distress
to paddle at one bend
people..
in searching peace and source
applying colour glass on eyes of
every one.
forging cardinals and figures
expecting ceremonial festivities and on
the green
grassy mound,
there been burried.

Thitsar Ne
translated by Mg. Hmyar

ညမှာ ပင်လယ်

ညမှာ ပင်လယ်
မိုက်ကယ်ဖို့


ညမှာ ပင်လယ်၊ အားလုံး မည်းနက်
ကောင်းကင်ကတော့ ခွဲလို့ရ၊ အားလုံးမည်းနက်။
ပင်လယ်အထက် ကပ်ရက်၊ ထောင်လိုက် တံစဉ်
မီးလျှံဝါဝါ လဆန်း
လ အထက် တည့်တည့်မှာက
ဂန္ဓမာ ဝါဝါ ကြယ်၊
သောက်ရှူးကြယ်။

အားလုံး မျဉ်း တစ်ဖြောင့်တည်း
ဒီတော့ ငါတို့ တွေးမိ ဒါ ညတိုင်း
ဖြစ်သလား၊ နှစ်တစ်ရာမှ တစ်ကြိမ်လား
ငါတို့တွေးမိ၊ အဲဒီ အချိန်


ပင်လယ် ယိမ်းလှုပ်၊ ကောင်းကင် ရွှေ့ပြောင်း
လ လှည့်ကွေ့၊ ကြယ် ချော်လဲကျ


အချိန်မရတော့ဘူး
ဓါတ်ပုံ မရိုက်မိ
         အချိန်မရ၊ ဒါနဲ့ ကြည့်နေကြရ
                       တစ်ညလုံး အိပ်မရကြတော့


ငြိမ်ငြိမ် လှဲမနေနိုင်
စကားပြော ရပ်မပစ်နိုင် .....


သုဇာတာ ဘတ္တဒ
"မျောက်အရိပ်များ" ၊ ၁၉၉၁ 


မောင်သာနိုး ဆွတ်ပျံ့ဖွယ်အောင် စာအုပ်မှ



 

THE SEA AT NIGHT

THE SEA AT NIGHT
For Michael

The sea at night, all black
yet distinguishable from the sky, all black,
Close above the sea: a vertical sickle
a flame yellow waxing moon:
a chrysanthemum yellow star,
the evening star.

All in a straight line
So we wondered if this happens
every night or once a century,
We wondered while

the sea swayed, the sky shifted
the moon turned, the star slipped

and there was no time
for a photograph
       no time, so we watched
                    sleepless through the night,
unable to lie still
unable to stop talking...


Sujata Bhatt
Monkey Shadows, 1991

translated by Maung Tha Noe

အသည်းစွဲကဗျာဆရာ ၁


အသည်းစွဲကဗျာဆရာ 

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာ
ရောင် တီရှပ်ပဲ ။ တံဆိပ်နဲ့ စာတန်းနဲ့ [ စာတန်းက Boney’m
ရဲ့  slogan  ကို  ကူးရေးထားတာ  ] Love For Sale တဲ့ ။
အသက်အရွယ် ကိုမှ မထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင်  ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုး
ဘူး ။  တွဲနေကျထဲက သုံးယောက်  ခွာသွားတယ်    လက်ဖက်
ရည်ဆိုင်မှာ သူ တစ်ယောက်တည်း  ။ ထိုင်ရင် ဒူးချိတ်တယ် 
ထရင် ခါးထောက်တယ် ။ စိတ်ပါရင် ကဗျာ ရေးတယ်။ ခပ်တည်
တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို
ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး ’ လို့ အမြဲစဉ်းစားတယ် ။
အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ ။ အဲဒါ ရယ်စရာ
လိုလို ၊ ငိုစရာ လိုလို။
ဒါပေမယ့် သူ့မှာ အခိုင်မာဆုံး သူငယ်ချင်း၊ ရဲဘော် နှစ်
ယောက်ရှိတယ် ။ ကိုယ့် မိန်းမနဲ့ဆို  သုံးယောက်ပေါ့၊ ငွေယူသုံး
တယ်။ ဆာရင် တယောက်နဲ့ တယောက် စားတယ်။ ရန်ဖြစ်လို့
ရတယ်။ အခြားသူတွေကို တစက်မှ အထင်မကြီးဘဲ နေလို့ ရ
တယ်။ ဟား လို့ရတယ် ။ သနားလို့ ရတယ် ။ အနုပညာ ကို
ကြီးကြီးချစ်ခဲ့တယ်။ ဟော.. ။ အခု ဟို ကဂျိုးကဂျောင်ကောင်
လမ်းကူးလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ ။
`          လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။

အောင်ချိမ့်

Favourite Poet 1


Favourite Poet  1

Ungainly, the T-shirt the guy’s on is my blue one.
The logo and the slogan – [copied from Boney’m]
Love For sale.   He’s no regard for his age,  how
blatant .
This guy has not added a friend in ten years. Three
who used to be with him left him. He’s alone in the
tea shop.  When he sits,  he always has his knees
crossed.  When he rises,  he has his arms akimbo.
when he is in the mood, he writes poems.  Quite
serious he looks, man.
Not one to be slighted. His peers can be counted
on one hand, he always thinks. Thinks the whole
time. I know this, dear. This sounds something to
laugh at or cry about.
But  he has two steadfast friends  or  comrades.
Three, if you count my wife. Takes money to spend.
If hungry, eats from each another. Can pick a quarrel.
Can laugh it out. Can feel sorry. Has loved art greatly.
Now that ungainly guy is coming across the street.
I’d better finish the poem I am writing.
Enough.
We quote one another and
That’s enough.

Aung Cheimt                                         July 2005

Translated by Maung Tha Noe



ကိုယ်ခွဲ/ကွဲ ကဗျာများအကြောင်း - အပိုင်း ၃


 ငြိမ်းအေးအိမ် ကိုယ်ခွဲ/တွဲ ကဗျာများအကြောင်း ဆက်ဖတ်ရန်..

အဲဒီစာအုပ်ထဲမှာပဲ ထပ်တွေ့ရတဲ့ သူ့ကဗျာတစ်ပုဒ် အကြောင်းပြောချင်ပါတယ်။ ''အခက်ကြီးထဲ ခုန်ချ'' ဆိုတဲ့ ကဗျာပါ။ အဲဒီကဗျာကိုတော့ အစိတ်အပိုင်းသုံးလေးခုကို ဘော်ဒီတစ်ခု တည်းမှာ တပ်ဆင်ထားတယ်လို့ ခံစားရပါတယ်။ ပင်မကိုယ်ထည်တစ်ခုထဲက မတူတဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ထားတာပါ။ အစီစဉ်တကျ မြင်သိ လွယ်အောင်တပ်ဆင်ထားတာမျိုးမဟုတ်လေတော့ နည်းနည်းတော့ အာရုံစိုက်ရပါတယ်။ အချိန်ကဗျာတုန်းကလိုပဲ အတတ်ပညာကို အသုံးချ ခဲ့တာတွေ့ရပါမယ်။
    ရုပ်ရှင် ကားတွေမှာမြင်ကွင်း သုံးလေးခုကို တဖြတ်ဖြတ်နဲ့ ကူးပြောင်းပြီး အမြန်ပြသွားပုံမျိုးပါ။ စိတ်ခံစားမှုတွေ ပြင်းပြင်းထန်ထန် ဆူဆူဝေဝေဖြစ်ပုံမျိုးပေါ်လွင်ဖို့အတွက်  သူ အခုသုံးပြသွားတဲ့နည်းစနစ် ဟာ အလွန်အစပ်ဟပ်တည့်ခဲ့ပါတယ်။
    ကဗျာပါ အဖြစ်အပျက်တွေကတော့
(၁)ဆေးရုံမှာ နာမကျန်းဖြစ်နေတဲ့(မသေသေးတဲ့)မောင်ချောနွယ်။
(၂) မီးသင်္ဂြိုလ်စက်ထဲ အထည့်ခံ လိုက်ရပြီဖြစ်တဲ့ (သေဆုံးပြီး) မောင်ချောနွယ်။
(၃) ကြေကွဲမှု၊ ရှုတ်ထွေးမှုနဲ့ စိတ်အခက်အခဲကို အကြီးအကျယ်ကျော်ဖြတ်နေရတဲ့(ကဗျာဆရာ)မောင်ပြည့်မင်း။
(၄) ရေဆူ မီးပျောက်ပြီး ချူခြာနေတဲ့ မော်တော်ကားတစ်စီး တို့ပဲဖြစ်ပါတယ်။
     ကဗျာဆရာဟာ သူ့ကဗျာ တစ်ပုဒ်လုံးကို ဒီလိုပုံစံနဲ့ ရေးဖွဲ့ပြခဲ့ပါတယ်။ ဖတ်ရတာ နည်းနည်းတော့ ခက်ပါတယ်။ သူပေးလိုတဲ့အနက်က ဒက်ကနဲ ရောက်မလာပါဘူး။ ဒါပေမယ့် ဂရုစိုက်ဖတ်တဲ့ အခါ ဗလောင်ဆူနေတဲ့ ကဗျာဆရာရဲ့ ရင်ကို တွေ့ရမှာပါ။ ဒီလိုရေးဖွဲ့ ခဲ့ပါတယ်။

အခက်ကြီးထဲ ခုန်ချ

မောင်ချောနွယ် (၁၉၄၉၊၂ဝဝ၂)
''မောင်ချောနွယ် မသေဘူးတဲ့''
မောင်ချောနွယ်သေပြီ
သူ့အလောင်းကို မီးသင်္ဂြိုလ်စက်ထဲထည့်တာ
ငါကိုယ်တိုင်မြင်လိုက်တယ်။
အကြောဆေးထိုးရမယ်
ဝါယာရင်းတွေမှားနေတယ်
အပေါ်သွေး တစ်ရာ့လေးဆယ်၊ အောက်သွေး တစ်ရာ
ပလပ်တွေ လဲရမယ်၊ မီးပျောက်ပျောက်သွားလို့
ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
သူရှိစဉ်က သူ့ရန်သူတွေကို
အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူလို့
တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။
မနက် မနက် တွန်းနှိုးနေရတယ်
သွေးတွေ သိပ်တိုးနေလား မသိဘူး
မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားလို့
ဘက်ထရီခေါင်းတွေ ဖြုတ်ဆေးလိုက်
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲခုန်ချ။
မောင်ချောနွယ် တစ်ခါတလေ ဒုက္ခတွေ့တယ်
တစ်ခါတစ်လေ ဒုက္ခတွေ့ချင်ယောင်ဆောင်တယ်
မောင်ချောနွယ် တစ်ခါတလေ အရက်မူးတယ်
တစ်ခါတလေ အရက်မူးချင်ယောင်ဆောင်တယ်
တစ်ခါတစ်လေ သေချင်ယောင်ဆောင်တယ်
အလောင်းထုပ်ထားတဲ့ အဝတ်ဖြူကို ဖြည်ပြတော့
သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။
ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ
ကိုယ်ပူလိုက်တာ တစ်ရာ့သုံး၊ တစ်ရာ့လေး
အဖျား တစ်ခါမှ မကျသေးဘူး
ဝါးတားပိုက်တွေ ပိတ်နေလို့လား
ငါ မနေနိုင်တော့ဘူး။
အခက်ကြီးထဲခုန်ချ။
တချို့ သူမသေခင်ကတည်းက သစ္စာဖေါက်ခဲ့ကြ
တချို့ သူသေပြီးမှ သစ္စာဖေါက်လိုက်ကြ
ရေခဲတိုက်ရှေ့မှာ
''လူ တစ်ယောက်လုံး ထားခဲ့ရပြီးမှ
ဒီစောင်လေးကို ပြန်မယူတော့ပါဘူး'' တဲ့
မမမြင့် ငိုရှာတယ်။
အသက်ရှူလိုက်ရင်
ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့
ကာပရိုက်တာ မကောင်းဘူး
တံခါးဟာနေတာ
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ် အသုဘ
ကဗျာဆရာတွေ ပို့ကြတယ်။
ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက်တစ်ယောက် လှမ်းကြည့်ကြ
တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ
သွေးထွက်သံယိုဖြစ်ကြ
နောက်ဆုံးမှာ ဘာသံကြီးလဲမသိ
ဝိုင်းအော်လိုက်ကြတယ်။
လမ်းလျှောက်လို့မကောင်းဘူး
ညာဘက်တစ်ခြမ်းလုံး ဆွဲဆွဲနေလို့
ဒူးဆစ်တွေ လဲပစ်ရမယ်
ပင်နီယံတွေလဲလိုက်။
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ် (၁၉၄၉-၂ဝဝ၂)
ဒီနေရာမှာ ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ထိုးချလိုက်တော့မယ်။
(မောင်ပြည့်မင်းဟန်သစ်၊ ၂ဝဝ၄၊ အောက်တိုဘာ။)

    ဒီကဗျာထဲမှာ မသေသေးတဲ့   ဆေးရုံပေါ်ကမောင်ချောနွယ်ရဲ့ စကားသံတွေကိုကြားကြရပါလိမ့်မယ်။  စာပိုဒ်တွေကို တစ်စစီ လိုက် ကောက်ပြီး ဆက်ကြည့်ပါ။ နားထောင်ကြည့်ပါ။ အဲဒီအသံတွေကို ကဗျာ ဆရာက ကဗျာတစ်ပုဒ်လုံးရဲ့ ဟိုနားဒီနားတွေမှာ ထိုးညှပ် စပ်ဆိုခဲ့ပါ တယ်။ အဆက်အစပ်တွေကို တစ်စစီ နွှာထားပါတယ်။ သူ့ ညှပ်စတွေကို လိုက်ကောက်ဆက်လိုက်တော့ ခုလို မြင်ရ ကြားရပါလိမ့်မယ်။
    ''မောင်ချောနွယ် မသေဘူးတဲ့''။ အကြောဆေးထိုးရမယ်။ အပေါ်သွေး တစ်ရာ့လေးဆယ်၊ အောက်သွေး တစ်ရာ။ သွေးတွေ သိပ်တိုးနေလား မသိဘူး။ မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားလို့။ ကိုယ်ပူ လိုက်တာ တစ်ရာ့သုံး၊ တစ်ရာ့လေး။ အဖျား တစ်ခါမှ မကျ သေးဘူး။ အသက်ရှူလိုက်ရင် ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့။ လမ်းလျှောက်လို့မကောင်းဘူး။ ညာဘက်တစ်ခြမ်းလုံး ဆွဲဆွဲနေလို့။
    ကဗျာဆရာဟာ သူ့အတွေးထဲမှာ မောင်ချောနွယ်ကို မသေစေချင်သေးလို့ မသေသေဘူးလို့ သူ့ကိုယ်သူ လိမ်ညာခံစားထား ပေမယ့် တကယ့်အဖြစ်မှာ သေပြီးခဲ့ပြီ။ ဒါကိုလည်း သူကိုယ်တိုင် မြင်/ကြားခဲ့ရပြီးပြီ။ ဒီအကြောင်းကို ခုနကအတိုင်းပဲကဗျာကိုယ်ထည် ရဲ့ ဟိုကြားဒီကြားမှာ ထိုးသိပ်စပ်ဆိုခဲ့တာတွေ့ရပါတယ်။ ကဗျာဆရာ ရုပ်ဖျက်ဖုံးဖိထားတဲ့အဖုံးကို ဖွင့်လှန်ကြည့်တဲ့အခါ သေဆုံးနေပြီဖြစ်တဲ့ မောင်ချောနွယ်ရဲ့ မြင်ကွင်းကို ခုလိုတုန်လှုပ်ခြောက်ခြားစွာ ကြေကွဲဖို့ ကောင်းအောင် တွေ့ရပါတော့တယ်။
    မောင်ချောနွယ် (၁၉၄၉၊၂ဝဝ၂)။ မောင်ချောနွယ်သေပြီ။ သူ့အလောင်းကို မီးသင်္ဂြိုလ်စက်ထဲထည့်တာငါကိုယ်တိုင်မြင်လိုက်တယ်။ သူရှိစဉ်က သူ့ရန်သူတွေကို။ အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူ လို့ တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။ မောင်ချောနွယ် တစ်ခါတလေဒုက္ခတွေ့တယ်။ တစ်ခါတစ်လေ ဒုက္ခတွေ့ချင်ယောင် ဆောင်တယ်။ မောင်ချောနွယ် တစ်ခါတလေအရက်မူးတယ်။ တစ်ခါ တလေ အရက်မူးချင်ယောင်ဆောင်တယ်။ တစ်ခါတစ်လေ သေချင် ယောင်ဆောင်တယ်။ အလောင်းထုပ်ထားတဲ့ အဝတ်ဖြူကို ဖြည်ပြတော့သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။ တချို့ သူမသေခင် ကတည်းက သစ္စာဖေါက်ခဲ့ကြ။ တချို့ သူသေပြီးမှ သစ္စာဖေါက်လိုက်ကြ။ရေခဲတိုက်ရှေ့မှာ ''လူ တစ်ယောက်လုံး ထားခဲ့ရပြီးမှ၊ဒီစောင်လေးကို ပြန်မယူတော့ပါဘူး'' တဲ့။မမမြင့် ငိုရှာတယ်။ မောင်ချောနွယ် အသုဘကဗျာဆရာတွေ ပို့ကြတယ်။ ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက် တစ်ယောက် လှမ်းကြည့်ကြ။ တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ။သွေးထွက် သံယို ဖြစ်ကြ။ နောက်ဆုံးမှာ ဘာသံကြီးလဲမသိ ဝိုင်းအော်လိုက်ကြတယ်။ မောင်ချောနွယ် (၁၉၄၉-၂ဝဝ၂)။
    နာမကျန်းဖြစ်နေတဲ့ မောင်ချောနွယ်၊ သေဆုံးခဲ့ပြီဖြစ်တဲ့ မောင်ချောနွယ် အကြောင်းပြောနေ၊ တွေးနေရာကနေ ကားပျက် တစ်စီး က ဘယ့်နှယ် ပါလာရတာတုန်းလို့မေးရင် ကဗျာဆရာက ဘာပြန်ဖြေ မလဲမသိပေမယ့် ဒီကဗျာမှာ ကားပျက်တစ်စီး အသေအချာ ပါခဲ့ပါတယ်။ ကားပိုင်ရှင်နဲ့ မက္ကနစ်တို့ရဲ့ အပြန်အလှန်ပြောဆိုသံနဲ့ ချူခြာနေတဲ့ ကားတစ်စီးရဲ့ အခြေအနေကို ဒီစာသားတွေက ဖေါ်ပြ နေပါတယ်။ မသေဆုံးမီ (ကျန်းမာရေးဆိုးရွားနေတဲ့) မောင်ချောနွယ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ဒီကားပျက်ကြီးလိုပဲ ယိုယွင်းနေခဲ့တာလို့ ဆိုလိုချင် တာလား။ ကားတစ်စီးလို အပိုပစ္စည်း၊ လိုတာလဲလို့ရရင် လဲပစ်ပြီး မောင်ချောနွယ် ရဲ့ အသက်ဇီဝကို ဆက်ပေးလိုက်ချင်တာလား။ သူ့ကား (ကဗျာထဲကကား) ကတော့ ရစရာ မရှိလောက်အောင် ယိုယွင်းနေပါ တော့တယ်။
    ဝါယာရင်းတွေမှားနေတယ်။ ပလပ်တွေလဲရမယ်၊ မီး ပျောက်ပျောက်သွားလို့။ မနက် မနက် တွန်းနှိုးနေရတယ်။ ဘက်ထရီ ခေါင်းတွေ ဖြုတ်ဆေးလိုက်။ ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ။ ဝါးတားပိုက်တွေ ပိတ်နေလို့လား။ ကာပရိုက်တာ မကောင်းဘူး။ တံခါး ဟာနေတာ။ ဒူးဆစ်တွေ လဲပစ်ရမယ်။ ပင်နီယံတွေလဲလိုက်။
    သူဟာ ဘယ်လောက်တောင် ဂယောင်ခြောက်ခြားဖြစ်နေလဲ ဆိုတာကို သူ့ကဗျာထဲက ဒီစာသားတွေကို အကြိမ်ကြိမ်အထပ်ထပ် ဖေါ်ပြရင်းနဲ့ သူ့ခံစားမှုကို ညွှန်းဆိုခဲ့ပါတယ်။ မောင်ချောနွယ်သေဆုံးမှု အပေါ်မူတည်ပြီး ပြင်းပြင်းထန်ထန်တုန်လှုပ်နေတဲ့ ကဗျာဆရာရဲ့ စိတ်ကစင့်ကလျားလို့ ပြောရမယ်ထင်ပါတယ်။
    ငါမနေနိုင်တော့ဘူး။ အခက်ကြီးထဲ ခုန်ချ။ ငါ မနေနိုင်တော့ ဘူး အခက်ကြီးထဲခုန်ချ။ငါ မနေနိုင်တော့ဘူး။ အခက်ကြီးထဲခုန်ချ။ ငါ မနေနိုင်တော့ဘူး အခက်ကြီးထဲ ခုန်ချ။ငါ မနေနိုင်တော့ဘူး။ အခက်ကြီးထဲ ခုန်ချ။ဒီနေရာမှာ ငါမနေနိုင်တော့ဘူး။ အခက်ကြီးထဲ ထိုးချလိုက် တော့မယ်။
    မတူတာတွေကို တစ်နေရာတည်းမှာ ပေါင်းရုံးစုစည်းပြီး ရေးကြ၊ ဖွဲ့ပြကြတဲ့ နည်းနာတစ်ခုလို့ ဆိုရင် ရကောင်းပါရဲ့။ သူ ဘယ်လို ရေးခဲ့ပါလိမ့်လို့ စဉ်းစားချင်လည်း ရပါတယ်။ ဥပမာ၊ အခြေအနေတစ်ခု စီကိုရေး ပြီးမှ အဲဒီက တစ်ကြောင်းခြင်းစီကို ဟိုတစ်ကြောင်း ဒီတစ်ဖြတ် ဆက်စပ်လိုက်တာလား။ ဒါမှမဟုတ် တစ်ဆက်တည်းရေးနေရင်း အတွေးက ဟိုတစ်စ ဒီတစ်ပိုင်း ဝင်လာတာလား၊ စသဖြင့်ပေါ့။
    ဆရာသစ္စာနီကတော့ စာလုံးတွေရေးထားတဲ့ အံစာတုံးတွေကို လှိမ့်လှိမ့်ပြီး ကဗျာရေးပြမယ်လို့ ကြွေးကြော်ထားပါတယ်။ ဆရာချောနွယ် ကိုယ်တိုင်က ခုတ်သားစများဆိုပြီး ရေးထားတာရှိပါတယ်။ ဆရာ စိုင်းဝင်းမြင့်က လည်း တစ်ကြောင်းရရ၊ တစ်စရရ ပေါ်သမျှလေးတွေ ရေးတို့ထားပြီး လိုသလို ဆက်စပ်ယူတဲ့နည်းနဲ့ ရေးဖြစ်တာများကြောင်း ပြောထားတာ တွေ့ရပါ တယ်။ ဆရာဇေယျာလင်းဆီမှာလည်း အဲသလို မျိုးတွေတွေ့ရပါတယ်။  ဘယ်လိုရေးမှ ကဗျာလားမြောက်မယ်ဆိုတဲ့ အခြေခံဥပဒေသ ဆွဲပြ မထားလေတော့ ဒီကိစ္စ သိပ်တော့လည်း ပြဿနာမရှိပါ။ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပါပဲ။ မြန်မာ ကဗျာလောကမှာ ဒါမျိုး တစ်ကျောင်းတစ်ဂါထာလုပ်လို့မဖြစ်ဘူး၊ ကဗျာဆိုရင် ဒီလိုလေးတွေပါမှ ရမယ်၊ ခုလိုဖွဲ့မှ ကဗျာဖြစ်မယ်ဆိုပြီး အခြေခံမူများဆွဲချင်သူရှိရင် ဆွဲကြပါ။ ကဗျာဆရာဆိုတဲ့အမျိုးအစားက တော့ လိုက်နာကြလိမ့်မယ်လို့ ကျွန်တော်ဖြင့်မထင်ပါ။
    လှိုင်ထိပ်ခေါင်တင်ခေတ်တုန်းက ''သုံးချက်စည်တော်၊ ရိုက်ဆော်ကာ ညင်းတယ်လေး'' ကိုဖွဲ့ဖို့ ဖြတ်သားစတွေကို တစ်ခုချင်း ကောက် ဆက်တဲ့နည်းကို သုံးခဲ့ပုံမပေါ်။ နတ်ရှင်နောင်၊ နဝဒေးတို့လည်း ဒီနည်းလမ်းကိုတွေးတောခဲ့မည်မထင်။ ကြည်အေးရဲ့ တစ္ဆေနဲ့ ဒဂုန်တာရာရဲ့ တဟီတီအထိ ''ဖြတ်သားဆက်တင်''နဲ့ပြင်ဆင်ခဲ့တဲ့ လက်စလက်နတွေ မတွေ့ခဲ့ရ။
    ဒီကနေ့ရေးဖွဲ့နေကြတဲ့ ကဗျာပုံစံပေါင်းများစွာထဲက ဖွဲ့နည်း ပုံစံလေးတစ်ခုအကြောင်း ပြောကြည့်တာပါ။ စကားပြေဖြစ်တယ်၊ ကဗျာ ဖြစ်တယ်။ သဒ္ဒါမှားတယ်၊ မှန်တယ်။ ဒေါသသင့်တယ်။ ဂုဏ်မြောက်တယ်။ ရစ်သမ်မဲ့တယ်၊ ကာရံပဲ့တယ်ဆိုတဲ့ ငြင်းသံခုန်သံတွေကြား မှာပဲ ကျွန်တော်တို့ ဦးဏှောက်စားရမယ့် ရေးဖွဲ့နည်းပုံစံသစ်တွေ ဆက်လက်ထွန်းကားနေဦး မယ်ထင်ပါတယ်။
    ဒီလိုနည်းနဲ့ပဲ ကဗျာဟာ  ခရီးမိုင်ပေါင်းများစွာ ရွေ့ခဲ့ပြီးပါပြီ။
    ပင်လယ်ဘယ်ဆီမှာမှန်းမသိပေမယ့် မြစ်ရေကတော့ စီးမြဲပါပဲ။


ငြိမ်းအေးအိမ်
၂ဝဝ၆ခု နိုဝင်ဘာ (၂၅) (ဝ၃း၁၅)နာရီ။ ရန်ကုန်။

ကိုယ်ခွဲ/ကွဲ ကဗျာများအကြောင်း - အပိုင်း ၂

  
 ငြိမ်းအေးအိမ် ကိုယ်ခွဲ/တွဲကဗျာများမှ အဆက်...


ခု ဖေါ်ပြမယ့် ကဗျာတွေကို စိုင်းဝင်းမြင့်ရဲ့ 'ခေတ်ပေါ် ကဗျာအဖွင့်' (စိမ်းညက်စာပေမှ ၂ဝဝ၅၊ သြဂုတ်လ၊ပထမအကြိမ်ထုတ်) စာအုပ်ကယူပါတယ်။ ဆရာမောင်ပြည့်မင်းရဲ့ မူရင်းကဗျာကို ခုလိုတွေ့ ရပါတယ်။

အချိန်

မျှော်ကာမျှော်၏
မသိလိုက်ချေ
ရောက်နေသည်မှာ ကြာပြီကို။

သူပေးခဲ့တဲ့ နံပါတ်အတိအကျ
ပြန်ပြန်ဆက်ကြည့်တိုင်း
''လူကြီးမင်း  .   .   .  ''နဲ့ချည်း တိုးနေတယ်။
ခဏခဏ ထပ်ဆက်ပါတယ်
''လူကြီးမင်း  .   .   .  ''နဲ့ချည်းပဲ တိုးနေတယ်။

ဘီလူးထွက်သလို
ပြိုးပြက်ထစ်ချုန်း၊ အော်ဟစ်ကြုံးဝါး
ချောက်ခြားစရာ ရောက်လာမည်လား။
ဂဠန်လိုပင်
ကောင်းကင်ခရီး၊ လေဟုန်စီးကာ
ပျံလာမည်လား။

လိပ်စာကဒ်ပြားကလည်း မှားနေတယ်
အဲဒီနေရာမှာ အိမ်တစ်လုံးမှမရှိဘူးတဲ့၊
နံပါတ်လည်းမှား၊ လမ်းလည်းမှား
လိပ်စာကဒ်ပြားက မှားနေတယ်။

နဂါးများလို
မြေကိုလျှိုးထွက်၊ တက်လာမည်လား။
သူနဲ့တွေ့မှဖြစ်မယ်
တွေ့ပြီးပြောရမှ
ပြောပြမှသိလိမ့်မယ် ထင်တယ်။

စောင့်မျှော်ငေးမော
တွေးတောစဉ်းစား၊ စိတ်ထွေပြားခိုက်
အပါးလာရပ်၊ ကျောကိုသတ်၏။
တကယ်ဆိုလွယ်လွယ်လေးပါ
တံခါးလက်ကိုင်လှည့်
ဖြည်းဖြည်းတွန်းဝင်လိုက်ရုံသာ။        ။
 (မောင်ပြည့်မင်းရုပ်ရှင်တေးကဗျာ၊ ၂ဝဝ၄၊ အောက်တိုဘာ။)

    စိုင်းဝင်းမြင့်စာအုပ်ထဲမှာတော့  (''အချိန်'' ကဗျာရဲ့ အောက်ခြေအညွှန်းမှာ (အချိန်၊ ၁၉၇၇၊ မေလ၊ ရှုမဝမဂ္ဂဇင်း) ဆိုတာ ပါတယ်) လို့ ဖေါ်ပြထားပါတယ်။ ဒီတော့ မူလ ''အချိန်''ဆိုတဲ့ ကဗျာ ကို ၁၉၇၇ ဝန်းကျင်က အဲဒီခေတ်ကာလရဲ့ ဟန်အတိုင်း ရေးဖွဲ့ခဲ့ပြီး၊ ၂ဝဝ၄ခုနှစ်မှာ နောက်ထပ်အချိန်တစ်ပုဒ်ကို ဒီဘက်နှစ်ရဲ့ တေးသွားစည်း ချက်များအတိုင်း ရေးဖွဲ့ပုံရပါတယ်။ ပြီးတဲ့နောက် နှစ်ပုဒ်ကို တစ်ပုဒ်တည်း အဖြစ် ဆွဲစိလိုက်တာပါပဲ။ တစ်ပုဒ်စီမှာ အရသာတစ်မျိုးစီထွက်သလို တစ်ပုဒ်တည်းဖြစ်သွားတော့လည်း အရသာသစ်တစ်မျိုးရစေခဲ့ပါတယ်။ တစ်ခုစီကိုဖတ်ကြည့်ရင် ခုလိုမျိုးတွေ့ရမှာပါ။ တစ်ပုဒ်ချင်းစီမှာ ပြည့်စုံတဲ့ အနက်တစ်ခုချင်းစီပါရှိနေပါတယ်။ တွဲလိုက်တဲ့အခါ ဒီဇိုင်းသစ်တစ်ခု မြင်ရပါတယ်။ အကြောင်းအရာလည်းတစ်ခုတည်း၊ အဘိဓမ္မာလည်း တစ်မျိုးတည်းပါပဲ။ ရေးဖွဲ့ခဲ့ချိန်ကွာပါတယ်။ ရေးသားစပ်ဆိုဟန်ကွဲပါ တယ်။ တစ်ပိုဒ်စီထပ်ပြီးဆက်စပ်တဲ့ အတတ်ပညာကို သုံးစွဲထားပါတယ်။  

အချိန်

မျှော်ကာမျှော်၏
မသိလိုက်ချေ
ရောက်နေသည်မှာ ကြာပြီကို။

ဘီလူးထွက်သလို
ပြိုးပြက်ထစ်ချုန်း၊ အော်ဟစ်ကြုံးဝါး
ချောက်ခြားစရာ ရောက်လာမည်လား။
ဂဠန်လိုပင်ကောင်းကင်ခရီး
လေဟုန်စီးကာ၊ ပျံလာမည်လား။

နဂါးများလို
မြေကိုလျှိုးထွက်၊ တက်လာမည်လား။

စောင့်မျှော်ငေးမော
တွေးတောစဉ်းစား၊ စိတ်ထွေပြားခိုက်
အပါးလာရပ်၊ ကျောကိုသတ်၏။

အချိန်

သူပေးခဲ့တဲ့ နံပါတ်အတိအကျ
ပြန်ပြန်ဆက်ကြည့်တိုင်း
''လူကြီးမင်း  .   .   .  ''နဲ့ချည်း တိုးနေတယ်။
ခဏခဏ ထပ်ဆက်ပါတယ်
''လူကြီးမင်း  .   .   .  ''နဲ့ချည်းပဲ တိုးနေတယ်။

လိပ်စာကဒ်ပြားကလည်း မှားနေတယ်
အဲဒီနေရာမှာ အိမ်တစ်လုံးမှမရှိဘူးတဲ့၊
နံပါတ်လည်းမှား၊ လမ်းလည်းမှား
လိပ်စာကဒ်ပြားက မှားနေတယ်။

သူနဲ့တွေ့မှဖြစ်မယ်
တွေ့ပြီးပြောရမှ
ပြောပြမှ သိလိမ့်မယ် ထင်တယ်။

တကယ်ဆိုလွယ်လွယ်လေးပါ
တံခါးလက်ကိုင်လှည့်
ဖြည်းဖြည်းတွန်းဝင်လိုက်ရုံသာ။        ။

    တကယ်လို့များ ဆရာမောင်ပြည့်မင်းလည်း နောက်ထပ် အနှစ် သုံးဆယ်လောက် အသက်ရှင်ဦးမယ်။ အဲဒီအချိန် ခေတ်ကာလ မှာ ခလုပ်နှိပ်လိုက်ရုံနဲ့ သူတွေ့ချင်တဲ့ လူဆီတစ်ခါတည်း ရောက်သွားတဲ့ နည်းပညာသစ်တွေလည်း ထွန်းကားနေမယ်၊ တားဆီးလို့ မရတဲ့ ကဗျာရေစီးကလည်း မျှော်မှန်းမရနိုင်တဲ့ နေရာတစ်ခုကို ရောက်နေမယ်။ အယ်လ်ပီကဗျာများလည်း ပြတိုက်ထဲမှာ ဖုန်တက်နေမယ်ဆိုရင် ဆရာ မောင်ပြည့်မင်းအနေနဲ့ နောက်ထပ်'အချိန်'ကဗျာတစ်ပုဒ်ကို  ဘယ်လို စကေးနဲ့ ရေးဖွဲ့ပေးလေမလဲ တွေးနေမိပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်.....

ကိုယ်ခွဲ/ကွဲ ကဗျာများအကြောင်း

ကိုယ်ခွဲ/ကွဲ ကဗျာများအကြောင်း

ငြိမ်းအေးအိမ်

    တစ်ကိုယ်တည်းက နှစ်ကိုယ်သုံးကိုယ်ကွဲနေတဲ့၊ ဒါမှမဟုတ်၊ နှစ်ကိုယ်သုံးကိုယ်ကိုပေါင်းပြီး ဘော်ဒီတစ်ခုတည်း ထုထားတဲ့ ကဗျာလေး တစ်ချို့အကြောင်းပြောချင်ပါတယ်။ တွေ့မြင်မိသမျှကဗျာများအားလုံးကို တင်ပြဖို့ မရည်ရွယ်ပါ။
    အဲသလိုကွဲတော့ဘာဖြစ်သလဲ။ ဘာရေးနည်း ခေါ်သလဲ။ ဘယ်မျိုးတူစုထဲမှာ ထည့်မလဲ။ အဲဒီကဗျာများရဲ့ လားရာက ဘယ်လဲ။ ဒီလိုရေးဖွဲ့တဲ့အတွက် ဘာသက်ရောက်မှုရှိလဲဆိုတဲ့ ပညာရပ် ဆိုင်ရာ ဆွေးနွေးမှုတွေဆီအထိ သွားဖို့လည်း မရည်ရွယ်ပါ။ တွေ့ခဲ့တာလေးကို မှတ်တမ်းတင်ရုံ သက်သက်ပါ။
    ဂန္ထဝင်၊ ခေတ်စမ်း၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ မိုးဝေခေတ်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ ကာရံ၊ ရစ်သမ်၊ နမိတ်ပုံ၊ သင်္ကေတ၊ အကြောင်း အရာ၊ ပုံသဏ္ဍာန်၊ အဘိဓမ္မာမဲ့ မမဲ့ ၊ အယ်လ်ပီကဗျာ ဘယ်သို့ ဘယ်ညာ စသဖြင့် ကဗျာမှုဝန်းကျင်မှာ အမျိုးအစားခွဲမှု၊ သတ်မှတ်မှု၊ ဝေဖန်ပိုင်းခြားမှု၊ လေ့လာစောင့်ကြည့်မှု၊ မှတ်တမ်းတင်မှုတွေ အတော မသတ်ဖြစ်နေဆဲမှာပဲ ကဗျာ ဆရာဆိုတဲ့လူတွေကလည်း ကဗျာရေးပုံ တွေကို သူတို့စိတ်ကြိုက် ဆက်လက် ဖန်တီးနေတုန်းပါပဲ။ စိတ်ထင်ရာ လုပ်နေကြတုန်းပါပဲ။ ဘယ်စည်းမျဉ်း ဘယ်အကန့်အသတ် အောက်မှာမှ အသေလို မနေလိုသူတွေထဲမှာ ကဗျာဆရာဆိုတာ ထိပ်ဆုံးကရှိနေ တတ်ကြတာမို့ပါ။  ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ် အသစ်ပေါ် လာမှုတွေ အပေါ်မှာ ငြင်းဆန်သူ၊ ထောက်ခံသူ၊ ကန့်ကွက်သူ၊ ကြိုဆိုသူ၊ စောင့်ကြည့်သူ၊ ဘုတောသူတွေနဲ့ ကဗျာမြို့တော်ကြီးကတော့ စည်ပင် ဆဲပါပဲ။
    ၂ဝဝ၆ခု နိုဝင်ဘာရဲ့ ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ကဗျာ တစ်ပုဒ်ဖတ်ရပါတယ်။ ကဗျာဆရာ မောင်နီမွန်ရဲ့ ''လေယာဉ်ပျံနဲ့ တောကဗျာဆရာ'' ဆိုတဲ့ကဗျာပါ။ အဲဒါကို ဖတ်မိတဲ့အခါ ကျွန်တော့် အတွေးထဲမှာ ''လေယာဉ်ပျံ'' နဲ့ ''တောကဗျာဆရာ''ဆိုတဲ့ ကဗျာလေး နှစ်ပုဒ် အဖြစ်ကွဲထွက်လာပါတယ်။
    ဒီလိုပါ။

လေယာဉ်ပျံ

ဒေတာပျံသန်းရေးရဲ့ ဝိညာဉ်
လေယဉ်ပျံဆိုမှတော့ ပိုမြန်တယ်
သတ္တုစပ်တောင်ပံနဲ့ ပျံသန်းနှစ် ၂ဝကျော်ပေါ့
ဘေးကင်းလုံခြုံစိတ်ချစွာ ကူးလူးပျံသန်းမှု ပြီးဆုံးသွားတော့ကာ
အက်လန်တာမြို့  လေယာဉ်ပြတိုက်ကြီးထဲမှာ။


တောကဗျာဆရာကဗျာ

ဆရာအဖြစ် ထူထောင်နေသူ မောင်နီမွန်
နှေးကွေးတယ်
မှော်သားတောင်ပံနဲ့ ပျံသန်းနှစ် ၅ဝလျော့လျော့
နိမ့်ချည်မြင့်ချည် ငှက်ခါးတစ်ကောင်လိုပျံသန်း
ချစ်ခြင်းတွေ သယ်ပိုးဆောင်ယူ ဖြန့်ဝေပြီးတော့ရာ
ကိုယ်တိုင်ပြတိုက်အိုကလေး တစ်လုံးပေါ့
ပုခုံးနိမ့်နိမ့် တောမြို့လေးထဲမှာ။
   

 ဒါ ကျွန်တော့်စိတ်ကူးထဲမှာ ဖတ်လိုက်ရတဲ့ ကဗျာလေး နှစ်ပုဒ် ပါ။ စာမျက်နှာပေါ်မှာတော့ အဲဒီနှစ်ပုဒ်ကို ခုလိုတင်ဆက်ထားတာ တွေ့ရ ပါတယ်။ တစ်ပုဒ်တည်းသော ကဗျာအဖြစ်ပါ။ လေယာဉ်ပျံနဲ့ တောကဗျာ ဆရာရဲ့ အပြန်အလှန်စကားပြောဒိုင်ရာလော့ခ်အဖြစ်နဲ့ပုံဖေါ်ထားပါ တယ်။ ပြဇာတ်တစ်ပုဒ်အရေးအသား၊ ဖွဲ့စည်းမှုနဲ့ ဆင်တူပါတယ်။
    ၂ဝဝ၆ခုနှစ်ကဗျာဖတ်သူတွေအနေနဲ့တော့ ဒါကဗျာမဟုတ်ဘူး လို့ ငြင်းခုန်သူမရှိလောက်တော့ဘူးထင်ပါရဲ့။ လွန်ခဲ့တဲ့ဆယ်နှစ်လောက် ကတော့ ကဗျာဆရာအောင်ဝေးတစ်ယောက် ဒီလိုဆန်ဆန် ရေးခဲ့တဲ့ 'ဒိုင်ရာရီ' ဆိုတဲ့ ကဗျာတစ်ပုဒ်နဲ့ ပွက်လောညံခဲ့ဖူးပါတယ်။ ကဗျာဆရာ ကတော့  အဲဒီကဗျာကြောင့်၊ သူဟာ လူစင်စစ်ကနေ အာလူးတစ်အိတ် ဖြစ်သွားခဲ့ရဖူးကြောင်း စာမျက်နှာပေါ်မှာ ညည်းညူရှာဖူးခဲ့ပါရဲ့။
            မူရင်းတင်ဆက်မှုက ဒီလိုပါ။

လေယာဉ်ပျံနဲ့ တောကဗျာဆရာ

ခင်ဗျား            ဒေတာပျံသန်းရေးရဲ့ ဝိညာဉ်
ကျွန်တော်        ကဗျာဆရာအဖြစ် ထူထောင်နေသူ မောင်နီမွန်
ခင်ဗျား            လေယဉ်ပျံဆိုမှတော့ ပိုမြန်တယ်
ကျွန်တော်        နှေးကွေးတယ်
ခင်ဗျား            သတ္တုစပ်တောင်ပံနဲ့ ပျံသန်းနှစ် ၂ဝကျော်ပေါ့
ကျွန်တော်        မှော်သားတောင်ပံနဲ့ ပျံသန်းနှစ် ၅ဝလျော့လျော့
ခင်ဗျား            ဘေးကင်းလုံခြုံစိတ်ချစွာ ကူးလူးပျံသန်းမှု
                     ပြီးဆုံးသွားတော့ကာ
                     အက်လန်တာမြို့  လေယာဉ်ပြတိုက်ကြီးထဲမှာ
ကျွန်တော်        နိမ့်ချည်မြင့်ချည် ငှက်ခါးတစ်ကောင်လိုပျံသန်း
                     ချစ်ခြင်းတွေ သယ်ပိုးဆောင်ယူ ဖြန့်ဝေပြီးတော့ရာ 
                     ကိုယ်တိုင်ပြတိုက်အိုကလေး တစ်လုံးပေါ့
                     ပုခုံးနိမ့်နိမ့် တောမြို့လေးထဲမှာ။   ။

 အခုတင်ပြခဲ့တဲ့ ကဗျာထက် စောစီးစွာ နှစ်ကိုယ်ခွဲလိုက် တစ်ကိုယ်ပူးလိုက်ကဗျာတွေကို ဆရာမောင်ပြည့်မင်း လုပ်ခဲ့တာ တွေ့ရ ပါတယ်။ ဒီ့ထက်စောတာတွေ ရှိမရှိတော့ စုံစိအောင် လိုက်ဖတ်မထား မိတဲ့အတွက် ကျွန်တော် မပြောတတ်ပါ။ ရှိလိမ့်ဦးမယ်လို့ထင်ပါတယ်။
    ခု ဖေါ်ပြမယ့် ကဗျာတွေကို စိုင်းဝင်းမြင့်ရဲ့ 'ခေတ်ပေါ် ကဗျာအဖွင့်' (စိမ်းညက်စာပေမှ ၂ဝဝ၅၊ သြဂုတ်လ၊ပထမအကြိမ်ထုတ်) စာအုပ်ကယူပါတယ်။ 

ဆက်လက်ဖော်ပြပါမည်..

(ငြိမ်းအေးအိမ်၏ facebook စာမျက်နှာပေါ်မှ ကူးယူ ဖော်ပြသည်)

တစ်ကောင်တည်းခွေး




ငါဟာ ခွေးပိန်၊ ခွေးထက်၊ ခွေးရိုင်း၊ တစ်ကောင်တည်းရယ်၊
ငါဟာ ခွေးကြမ်း၊ ခွေးမာ၊ ငါ့ဘာသာ အမဲလိုက်တယ်
ငါဟာ ခွေးဆိုး၊ ခွေးရူး၊ သိုးအ တွေကိုစရဲ့။
ငါ ထိုင်၊ လကို အူ၊ လူဝတွေ အိပ်ပျက်စေတာ ချစ်သကွယ့်။
ငါဟာ ခြေညစ်တွေ ရက်ပေးတဲ့ ခွေးပျက်မဟုတ်။
အသားအတွက်  အောက်ကျို့တဲ့ ခွေးပျော့၊ ခွေးညံ့မဟုတ်။
မီးဖိုလဲ ငါ မလို၊ အစာပြည့်ခွက်လဲ ငါ မလို၊
တံခါးပိတ်၊ ခဲနဲ့ပေါက်၊ ရိုက်ဟယ်၊ ကန်ဟယ်၊ မုန်းဟယ် မလို။
ငါ့ဘေး တခြားခွေးတွေ ပြေးတာ ငါ့ဖို့ မဟုတ်သပ၊
တချို့ ခဏပြေး၊ တစ်ကောင်မှ ကြံ့ကြံ့မခံနိုင်ကြ။
အို ငါ့ခရီး တစ်ကောင်တည်းခရီး၊ ခရီးကြမ်း အကောင်းဆုံးပေါ့။
ကျယ်ပြောတဲ့ လေ ရိုင်းတဲ့ ကြယ်၊ ရှာပုံတော်ရဲ့ မွတ်သိပ်မှုသာ။

အီ-ရ-မကလီယော့ဒ်


မောင်သာနိုး   နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု စာအုပ်မှ

LONE DOG




I’m a lean dog, a keen dog, a wild dog, and lone;
I’m a rough dog, a tough dog, hunting on my own;
I’m a bad dog, a mad dog, teasing silly sheep
I love to sit and bay the moon, to keep fat souls from sleep.

I’ll never be a lap dog, licking dirty feet,
A sleek dog, a meek dog, cringing for my meat,
Not for me the fireside, the well-filled plate,
But shut door, and sharp stone, and a cuff, and a kick, and a hate.

Not for me the other dogs, running by my side,
Some have run a short while, but none of them would bide.

O mine is still the lone trail, the hard trail, the best,
Wide wind, and wild stars, and the hunger of the quest.

I.R. Macleod